သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီမြို့မှာ ပိုင်ရှင်မဲ့ကားတစီး ချိန်ကိုက်မိုင်း ထောင်ထားတာတွေ့ 


မြဝတီမြို့ လင်းသီရိစတိုးဆိုင်ရှေ့မှာ ဓာတ်ငွေ့ရည်အိုးလေးအိုးနဲ့တွဲချည်ထားတဲ့ ချိန်ကိုက်ဗုံးတင်ထားတဲ့ ပိုင်ရှင်မဲ့ကား။ (အောက်တိုဘာ ၁၈၊ ၂၀၂၂/ ဓာတ်ပုံ-CJ)
မြဝတီမြို့ လင်းသီရိစတိုးဆိုင်ရှေ့မှာ ဓာတ်ငွေ့ရည်အိုးလေးအိုးနဲ့တွဲချည်ထားတဲ့ ချိန်ကိုက်ဗုံးတင်ထားတဲ့ ပိုင်ရှင်မဲ့ကား။ (အောက်တိုဘာ ၁၈၊ ၂၀၂၂/ ဓာတ်ပုံ-CJ)


[[Zawgyi/Unicode]]

ကရင်ပြည်နယ်၊ မြဝတီမြို့ မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားအနီးက စတိုးဆိုင်တခုရှေ့မှာ ချိန်ကိုက်မိုင်း ထောင်ထားတဲ့ကားတစီးကို ဒီကနေ့ နေ့လယ်ပိုင်းမှာ အာဏာပိုင်တွေက ရှင်းလင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့လည်းနီးတဲ့ အဲ့ဒီနေရာဟာ DKBA ခေါင်းဆောင်ဟောင်း ဗိုလ်မုတ်သုန် ပိုင်တဲ့စတိုးဆိုင်ရှေ့မှာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ရပ်ထားတာလို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့မဲဆောက်မြဝတီချစ်ကြည်ရေးတံတားအနီးက DKBA ခေါင်းဆောင်ဟောင်း ဗိုလ်မုတ်သုန် ပိုင်ဆိုင်တဲ့ လင်းသီရိစတိုးဆိုင်ရှေ့မှာ ကားတစီးရပ်ထားတာကြာနေတဲ့အတွက် လမ်းသွားလမ်းလာတွေကဖယ်ရှားခိုင်းခဲ့တဲ့အခါ ဒီကားဟာ ပိုင်ရှင်မရှိတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။

ဒီနေ့မှာတော့ အာဏာပိုင်တွေရှင်းလင်းချိန်မှာကားပေါ်မှာ ဂက်စ်အိုးတွေနဲ့အတူ ချိန်ကိုက်မိုင်းတွေဆင်ထားတာကိုတွေ့ရတယ်လို့ ဒေသခံတဦးကပြောပြပါတယ်။

“ကားက ၃ ရက်လောက်ရှိပြီတဲ့။ ဒီနေ့မှ အဲဒီဆိုင်ကကောင်မလေးက သတိထားမိသွားတယ်။ သူ့ကို သူများက ကားကိုဖယ်ခိုင်းတာပေါ့။ ကားကြီးရပ်ထားတာကို ဖယ်ခိုင်းတော့ ကားထဲမှာဗုံးတွေတဲ့။ ဗိုလ်မုတ်သုန်ဆိုင်က သူတို့ရဲဘော်တွေခေါ်ခိုင်းတော့ အဲဒီမှာဗုံးတွေပါတယ်ပေါ့။ လာရှင်းတော့ အဲဒီမှာ ဂက်စ်အိုး ၄ အိုးတွေ့တယ်။ လာရှင်းတော့ BGF ရဲဘော်တွေကိုတော့တွေ့တယ်။ အဲဒီနားက လူတွေအိမ်မှာမနေနဲ့ ဆိုပြီး လာရွှေ့ခိုင်းတယ်။ ခနပေါ့။ တော်ကြာပေါက်သွားမှာ စိုးလို့ပါ။”

ကားရပ်ထားတဲ့နေရာဟာ DKBA ခေါင်းဆောင်ဟောင်းတဦးရဲ့စတိုးဆိုင်ရှေ့မှာဖြစ်သလို အနီးနားမှာတော့ အစိုးရဌာနဆိုင်ရာရုံးတွေ ဘဏ်တွေ၊ စာသင်ကျောင်းတွေရှိတဲ့နေရာဖြစ်တယ်လု့ိလည်း ပြောပြပါတယ်။

“ဗိုလ်မုတ်သုန်ဆိုင်ပေါ့။ လင်းသီရိက။ ရှေ့တည့်တည့်မှာက ရဲစခန်းရဲ့ မော်တော်ပီကယ်ရုံး၊ ပြီးရင် လမ်း။ လမ်းပြီးရင် စီးပွားဘဏ်။ ပြီးရင် အထွေထွေ အုပ်ချုပ်ရေးရုံး။ ပြီးမှကျောင်းရှိတယ်။”

ဒီကားဟာလွန်ခဲ့တဲ့ ၃ ရက်လောက်က မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားအနီးမှာ ပေါက်ကွဲမှုဖြစ်ပြီးကတည်းက ရပ်ထားတာလို့ ဒေသခံတွေကပြောဆိုကြပြီး အဲဒီညကပေါက်ကွဲမှုနဲ့ဆက်စပ်မလားဆိုတာ သံသယရှိနေကြပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မြဝတီရဲစခန်းကတာဝန်ရှိသူတွေကိုဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

အောက်တိုဘာလ (၁၁) ရက်နေ့က မြဝတီမြို့တံတားအနီးက ဈေးဆိုင်တခုအတွင်းကို ဗုံးနဲ့ပစ်ခဲ့တာကြောင့် လူတဦးသေဆုံးခဲ့ပြီး တချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အောက်တိုဘာလ (၁၅) ရက်နေ့ညကလည်း ထိုင်း-မြန်မာ မဲဆောက် မြဝတီချစ်ကြည်ရေး တံတား (၁) အနီးမှာ ချိန်ကိုက်မိုင်းတွေ ပေါက်ကွဲပြီး ကားတွေမီးလောင်မှု ဖြစ်ခဲ့ပါတယ်။ ဧပြီလ ၂၃ ရက်နေ့တုန်းကလည်း မဲဆောက် မြဝတီချစ်ကြည်ရေးတံတားအနီးမှာ ကားမိုင်းပေါက်ကွဲတာကြောင့် ကားတွေမီးလောင်ပျက်စီးခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာ ပြီးခဲ့တဲ့နှစ်ကစပြီး မကြာခန ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ မြဝတီမြို့ဟာ စစ်ကောင်စီဘက်က လုံခြုံရေးတင်းကြပ်၊ တပ်အင်အားတွေလည်း ချထားသလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ထက်မနည်း ရှိနေတဲ့ နယ်စပ်မြို့လည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]











XS
SM
MD
LG