သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်နယ်နဲ့တိုင်း နေရာအတော်များများမှာ မိုးများ ရေလျှံနေ


ရန်ကုန်မြို့စွန်ရပ်ကွက်တခုအတွက် မိုးရွာပြီး လမ်းတွေပေါ် ရေလျှံနေတဲ့မြင်ကွင်း။ (သြဂုတ် ၁၇၊ ၂၀၂၂)
ရန်ကုန်မြို့စွန်ရပ်ကွက်တခုအတွက် မိုးရွာပြီး လမ်းတွေပေါ် ရေလျှံနေတဲ့မြင်ကွင်း။ (သြဂုတ် ၁၇၊ ၂၀၂၂)

[[Zawgyi/Unicode]]

ပြည်နယ်နဲ့တိုင်း နေရာအတော်များများမှာ မိုးများတာရဲ့နောက်ဆက်တွဲ ရေကြီးရေလျှံတာတွေ ဒီရက်ပိုင်းထဲ ဆက်တိုက်ဖြစ်နိုင် တာကြောင့် သဘာဝဘေး သတိရှိကြဖို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက သတိပေးထားပါတယ်။ တချို့နေရာတွေမှာ မိုးများပြီး နေအိမ်တွေထဲအထိ ရေနစ်မြုပ်တာတွေရှိခဲ့လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ဘေးလွတ်ရာဆီရွှေ့ပြောင်းပြီး စားသောက်ရေးအတွက် ကူညီတာတွေလည်း ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

မြန်မာပြည်နေရာ အတော်များများမှာ မိုးကြီးလေပြင်းတာရဲ့ နောက်ဆက်တွဲ ရေကြီးရေလျှံတာတွေလည်း ဒီရက်ပိုင်းထဲ ဖြစ်ခဲ့ပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းနေပြီး နောက်နေ့တွေအထိ မိုးများနိုင်တဲ့အခြေအနေကို မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးလှထွန်းက VOA ကို ပြောပါတယ်။

"ထူးခြားမိုးလေဝသ အခြေအနေတွေ မကြာခဏဖြစ်နေတာတွေ ရှိတယ်။ ဆိုတော့ ဒီရက်ပိုင်းကိုတော့ အထူးသတိပြုဖို့ပေါ့။ အထူးသတိပြုဖို့ ဆိုတာကတော့ အဓိကအားဖြင့် မိုးများပြီး ရေကြီးရေလျှံမှုတွေ ဖြစ်တာတို့၊ မြေပြို တောင်ပြိုတာတွေကို သတိထားကြဖို့ပေါ့။ ကြိုတင်သတိပြုရမှာကတော့ ဒီရက်ပိုင်းမှာ ဘင်္ဂလားပင်လယ်အော်မှာလည်း လောလောဆယ်တော့ လေဖိအားနည်းရပ်ဝန်း ဖြစ်နေတာရှိတယ်။ မနက်ဖြန်လောက်ဆိုရင်တော့ မုန်တိုင်းငယ်ဖြစ်မယ်။ သူ့ကြောင့် မုတ်သုံလေအားကောင်းပြီးတော့ ကမ်းရိုးတန်းဒေသတွေ မိုးများမယ့် အခြေအနေရှိတယ်။ ကမ်းရိုးတန်းဒေသဆိုတာကတော့ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်၊ ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီ ပေါ့လေ။ အဲဒီနေရာတွေမှာ မိုးများမယ့်အခြေအနေရှိတော့ ဒီရက်ပိုင်းတွေမှာ သတိပြုရမယ်။"

ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီနဲ့ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နောက် ၂ ရက်အထိ မိုးပိုများနိုင်တယ်လို့ ပြောပါတယ်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာတော့ ဩဂုတ်လ ၁၅ ရက်၊ ပြီးခဲ့တဲ့ တနင်္လာနေ့ညကစပြီး သာမန်ထက် မိုးပိုများတဲ့ အခြေအနေကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေနစ်မြုပ်တာတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီနေရာတွေဟာ မိုးများတိုင်း ရေမြုပ်နေကျနေရာတွေ ဖြစ်ပေမယ့် အခုလို မိုးဆက်တိုက်ရွာတဲ့အချိန်မှာ အတော်လေးဆိုးရွားခဲ့တယ်လို့ ကူညီကယ်ဆယ်ပေးခဲ့သူတွေက ပြောပါတယ်။ ရေနစ်မြုပ်တဲ့နေရာတွေမှာ ဩဂုတ်လ ၁၈ ရက်၊ ဒီကနေ့ကစပြီး ရေပြန်ကျနေပေမယ့် ချက်ပြုတ်စားသောက်ဖို့ ခက်ခဲနေလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်ပြီးဆောင်ရွက်နေတယ်လို့ ကူညီပေးနေသူတဦးက VOA ကို ပြောပါတယ်။

"တချို့ဆိုရင် အိမ်တွေကမြုပ်တော့ ဘေးလွတ်ရာကို ကယ်ဆယ်ရေးအဖွဲ့တွေက ရွှေ့ပြောင်းပေးခဲ့ရတယ်။ တချို့ကျတော့လည်း နေအိမ်မှာပဲ နေပြီး မိုးကျတဲ့အချိန်ထိ စောင့်တဲ့အနေအထားတွေ ဖြစ်ခဲ့တာပေါ့နော်။ ကယ်ဆယ်ရေးစခန်းရယ်လို့တော့ ဖွင့်သွားတဲ့ အနေအထား မရှိဘူး။ ဒါပေမယ့် တော်တော်များများက နစ်မြုပ်တဲ့ရပ်ကွက်တွေက နေအိမ်မှာပဲနေတဲ့အခါကျတော့ ချက်ပြုတ်စားသောက်ရေးမှာ အဓိက အခက်အခဲတွေ ဖြစ်သွားတယ်။ မိုးရွာတဲ့အခါကျတော့ အပြင်ထွက်ပြီး ဆန်၊ ဆီ ဝယ်ဖို့ခက်တယ်။ တော်တော်များများလည်း မြုပ်သွားတဲ့ အနေအထားဆိုတော့ ချက်ပြုတ်စားသောက်ဖို့ အဆင်မပြေတော့ ထမင်းထုပ်တွေ ဝေငှလှူဒါန်းရတဲ့ အခြေအနေတွေ ဖြစ်ခဲ့တာပေါ့။"

မွန်ပြည်နယ်မှာ ၂၀၁၈၊ ၂၀၁၉ တုန်းကလည်း ၂ နှစ်ဆက်တိုက် မိုးကြီးရေလျှံတဲ့ အခြေအနေ ဆိုးဆိုးရွားရွား ကြုံခဲ့ရဖူးတယ်လို့ ပြောပါတယ်။ အခု ၂၀၂၂ ခုနှစ်မှာ အဲဒီ ဆိုးရွားခဲ့တဲ့နှစ်တွေအတိုင်း မိုးများရေကြီးတာချင်းတူပေမယ့် ကြိုတင်ပြင်ဆင်နိုင်ခဲ့လို့ ထင်သလောက် ဒုက္ခမရောက်ခဲ့ဘူးလို့ ကူညီပေးသူတွေက ပြောပါတယ်။ နောက်နှစ်တွေမှာလည်း ဒီလို သဘာဝဘေးအန္တရာယ် ဆက်ပြီး ကြုံတွေ့ လာနိုင်သလားဆိုတာ သေချာမသိနိုင်ပေမယ့် ဒီအခြေအနေတွေကို နမူနာယူပြီး ပြင်ဆင်ထားနိုင်ဖို့ကို ကူညီပေးနေသူတဦးက အကြုံပြုထားပါတယ်။

"မိုးတွင်းရောက်ပြီဆိုတာနဲ့ ဒီသဘာဝဘေးက မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ဘက်တွေက အမြဲတမ်းဆိုးဆိုးရွားရွား ခံစားရတဲ့အနေအထားက ဖြစ်နေတာပေါ့နော်။ အဲလိုအနေအထားတွေ ဖြစ်လာရင် အခုတွေ့ကြုံရတဲ့ အတွေ့အကြုံတွေကို သိပြီးတော့ ပြင်ဆင်နိုင်ရင် ပိုအဆင်ပြေသွားတာပေါ့။ ဘာကြောင့်လဲဆိုတော့ ဒီအချိန်မှာ ကယ်ဆယ်ရေးအဖွဲ့တွေ၊ လာလှူမယ့်သူတွေကိုပဲ အများကြီးမမျှော်လင့်ကြဖို့ လိုတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်က လူတိုင်းလူတိုင်း စီးပွားရေး၊ လူမှုရေးကအစ အဘက်ဘက်မှာနိမ့်ကျပြီး ဆိုးရွားတဲ့ အနေအထားတွေ ဖြစ်နေတော့ ဒီလိုတွေပဲ နောက်ကြုံလာတဲ့အခါကျရင် ကိုယ်စီကိုယ်ငှ ပြုပြင်စရာ လုပ်စရာတွေကို ပြင်ဆင်ထားမယ်ဆိုရင်တော့ သဘာဝဘေးအန္တရာယ် ခံစားရမှုကို နည်းနည်းလျှော့ချပြီး အဆင်ပြေနိုင်မယ်လို့ ထင်ပါတယ်။"

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဂျိတ္တောရပ်ကွက်မှာလည်း ဒီကနေ့ မနက်အစောပိုင်းတုန်းက လေပြင်းတိုက်ခတ်ပြီး နေအိမ် ၂ လုံးနဲ့ စက်လှေ ၁ စီးပျက်စီးသွားတယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်တွင်းက ရေကြောင်းခရီးစဉ်တွေကိုလည်း ရာသီဥတုအခြေအနေကြောင့် ယာယီရပ်နားထားပါတယ်။

လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် ပြည်နယ်နဲ့တိုင်း နေရာအတော်များများမှာ မိုးကြီးလေပြင်းတိုက်တာ၊ ရေကြီးတာနဲ့ မြေပြိုတာ ဒီလို သဘာဝဘေးအန္တရာယ်တွေ ဖြစ်နိုင်လို့ သတိရှိကြဖို့ကို မိုးဇလက အသိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]












XS
SM
MD
LG