သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင်ဖြတ်ကျော်မှုနဲ့ မူးယစ်ဆေးတားဆီးဖို့ မြန်မာ-မဏိပူရ်နယ်စပ်တကြော ရဲကင်းစခန်း ၃၀ ကျော်တည်ဆောက်နေ


အိန္ဒိယ-မြန်မာနယ်စပ်မြင်ကွင်း။
အိန္ဒိယ-မြန်မာနယ်စပ်မြင်ကွင်း။

[[Zawgyi/Unicode]]

အိန္ဒိယနိုင်ငံထဲကို တရားမဝင်ဖြတ်ကျော်တာနဲ့ မူးယစ်ဆေးမှောင်ခိုလုပ်ငန်းတွေကို တားဆီးဖို့ မြန်မာနဲ့ထိစပ်နေတဲ့ မဏိပူရ်နယ်စပ်တလျှောက်မှာ ရဲကင်းစခန်း ၃၀ ကျော်တည်ဆောက်နေပြီလို့ မဏိပူ ပြည်နယ်အစိုးရက ကြေညာပါတယ်။ မြန်မာပြည်တွင်းက စစ်ရေးပဋိပက္ခကြောင့် ချင်းနဲ့စစ်ကိုင်းတိုင်းမှာရှိတဲ့ ဒေသခံတွေ နီးစပ်ရာ အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးခိုလှုံနေကြပါတယ်။ ဒုက္ခသည်ပြဿနာအပြင် မူးယစ် ဆေးဝါးနဲ့ တခြားမလိုလားအပ်တဲ့ ပြဿနာတွေလည်း နောက်ဆက်တွဲ ဖြစ်ပွားလာတာကြောင့် ဒါကို တားဆီးဖို့အတွက် အိန္ဒိယဘက်နယ်စပ်လုံခြုံရေးကို တိုးမြှင့်လာတာဖြစ်ကြောင်း စစ်ရှောင်တွေကိုကူညီသူတွေက ဗွီအိုအေကို ပြောပါတယ်။ မဏိပူပြည်နယ်အခြေအနေ ရန်ကုန်ကလာတဲ့သတင်းပေးပို့ချက်ကို ကိုရန်နိုင် တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့ မိုင်၂၅၀ လောက်ရှည်တဲ့ နယ်စပ်တလျှောက်မှာ ရဲကင်းစခန်းပေါင်း ၃၄ ခုကို စပြီးတည်ဆောက်နေပြီလို့ မဏိပူရ်ပြည်နယ်ရဲ့ဝန်ကြီးချုပ်က ပြီးခဲ့တဲ့ရက်ပိုင်းက ဒေသတွင်း သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။ မဏိပူရ်ပြည်နယ် ရဲ့ ခရိုင်ငါးခုက မြန်မာနဲ့ထိစပ်နေပြီး အဲဒီမှာ ၃ မိုင်လောက်ကပဲ ခြံစည်းရိုး ကာရံထားတာလို့ ဒေသခံတွေက ပြောပါတယ်။ ၂၀၂၁ နောက်ပိုင်း မြန်မာဘက်က တရားမဝင် နယ်စပ်ဖြတ်ကျော်၊ ဝင်ရောက်မှုတွေ များလာတာကို စိုးရိမ်ကြောင်းလည်း မဏိပူရ် အာဏာပိုင်တွေ ထုတ်ဖော်ပြောဆိုထားပါတယ်။

အခုလို မဏိပူရ်ဘက်က နယ်စပ်လုံခြုံရေးကို ပိုတင်းကြပ်လာတဲ့အတွက် အရင်ကလို ပုံမှန်အတိုင်း နယ်စပ်ဖြတ်ကျော်သွားလာတဲ့သူတွေအတွက် အခက်အခဲ ဖြစ်လာနိုင်တယ်လို့ ဇိုမီးလူငယ်အစည်းအရုံးရဲ့တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

"အစစ်အဆေးတွေတော့ များလာမှာပေါ့။ ကျနော်တို့ နယ်စပ်ကနေဆိုရင် ကျန်းမာရေးကအစ အစစအရာရာ၊ အခုခေတ်ဆို ပိုဆိုးတာပေါ့။ ပြည်တွင်းစစ်လည်း များနေတဲ့အခါကျတော့ ကျမ်းမာရေးကိစ္စကအစ ပညာရေး၊ နစ္စဓူဝ စားသောက်ရေးကိစ္စကအစ ဟိုဘက်သည်ဘက် မှီခိုတာ များတယ်လေ။ သွားလာရေးမှာတော့ အခက်အခဲ ရှိလာနိုင်ပါတယ်။"

နယ်စပ်ကို ဖြတ်ကျော်လာပြီး အိန္ဒိယနိုင်ငံပိုင်နယ်ထဲမှာ စစ်ရှောင်စခန်းတွေ မဆောက်ရဘူးဆိုတဲ့ ညွှန်ကြားချက်ကို မဏိပူရ်အစိုးရက မြန်မာနဲ့ထိစပ်နေတဲ့ ခရိုင်ငါးခုလုံးမှာ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီညွှန်ကြားချက်နဲ့ပတ်သက်လို့ ဝေဖန်မှုတွေ ရှိလာတာကြောင့် မဏိပူရ်အစိုးရက ပြန်ရုပ်သိမ်းခဲ့တာပါ။ ဒါပေမယ့် ငဲ့ညှာထောက်ထားပြီး စစ်ရှောင် တရာကျော်ကိုတော့ ခိုလှုံခွင့်ပေးထားတယ်လို့ ချင်းအရပ်ဘက်အဖွဲ့တချို့က ဗွီအိုအေကို ပြောပါတယ်။

"ဘာပဲပြောပြော သူတို့မှာလည်း လက်နက်ကိုင်တွေလည်းရှိတော့လေ။ လုံခြုံရေးကြောင့်ဖြစ်ဖို့ပဲ ပိုများပါတယ်။ အစကတည်းက မဏိပူရ်ဘက်ကတော့ refugee တွေကို သိပ်လက်မခံဘူး။ တရာဝန်းကျင်လောက်ပဲ။ အဲဒါတောင်မှ မြန်မာနိုင်ငံကနေ ရက်ကန်းခတ်ဖို့သွားကြတဲ့သူမျိုးဆိုရင်လည်းပဲ ထောင်ချလိုက်တာမျိုးတွေ ရှိတယ်ပေါ့။ အဓိက ခိုလှုံကြတာတော့ မီဇိုရမ်ပြည်နယ်ပါပဲ။"

အိန္ဒိယရောက် မြန်မာစစ်ရှောင်ကူညီရေး အဖွဲ့အစည်းတခုရဲ့ တာဝန်ခံတဦးက မဏိပူရ် ပြည်နယ်ရောက် မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေကို ပြောသွားတာပါ။

မြန်မာနဲ့ထိစပ်နေတဲ့ နောက်ထပ် ပြည်နယ်တခုဖြစ်တဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာတော့ ပြည်နယ်စိုးရက မြန်မာစစ်ရှောင်ပေါင်း လေးသောင်းလောက်ကို ခိုလှုံခွင့် ပေးထားတဲ့အကြောင်း ဒုက္ခသည် ကူညီရေးအဖွဲ့တွေက ပြောပါတယ်။ မြန်မာမိသားစုတွေရဲ့ ကလေး ၆,၀၀၀ နီးပါးကိုလည်း မီဇိုရမ်ထဲက အစိုးရကျောင်းတွေမှာ တက်ရောက်ခွင့် ပေးထားပါတယ်။ ဒါပေမယ့် မကြာသေးခင်ကတော့ မူးယစ်ဆေးနဲ့ လူသတ်မှုလိုကိစ္စတွေ ဖြစ်ခဲ့တာကြောင့် မြန်မာနိုင်ငံသားတွေ လိုက်နာရမယ့် တားမြစ်ချက်တချို့ကို မီဇိုရမ်အစိုးရက သီးသန့် ထုတ်ပြန်ခဲ့ပါတယ်။

=========

[[Unicode]]










XS
SM
MD
LG