သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Sitrang ဆိုင်ကလုန်းကြောင့် ရခိုင်မှာ လယ်ဧက တသိန်းနီးပါး ပျက်စီး 


ဆိုင်ကလုန်း စီထရန်လမ်းကြောင်း။ (အောက်တိုဘာ ၂၄၊ ၂၀၂၂/ ဓာတ်ပုံ-မိုး/ဇလ)
ဆိုင်ကလုန်း စီထရန်လမ်းကြောင်း။ (အောက်တိုဘာ ၂၄၊ ၂၀၂၂/ ဓာတ်ပုံ-မိုး/ဇလ)

[[Zawgyi/Unicode]]

ပြီးခဲ့တဲ့ရက်ပိုင်းကတိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း SITRANG ရဲ့ ရိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ စပါးစိုက်လယ်ဧက ၈ သောင်းကျော်လောက် ပျက်စီးသွားတယ်လို့ တောင်သူလယ်သမားသမဂ္ဂက ပြောပါတယ်။ အခုလို စပါးခင်းတွေ ပျက်စီးသွားတာကြောင့် လယ်သမားတွေအတွက် ဆုံးရှုံးမှု များသလို ရခိုင်ပြည်နယ်ရဲ့စားနပ်ရိက္ခာအတွက် စိုးရိမ်ရတယ်လို့လည်း တောင်သူတွေက ပြောကြပါတယ်။ ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းနောက်ဆက်တွဲ စပါးခင်းတွေပျက်စီးတဲ့အခြေအနေ သတင်းပေးပို့ချက်ကို ကိုစံကျော် က တင်ပြပေးထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း SITRANG အရှိန်ကြောင့် ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ ဒီရေတက်လာပြီး နေရာတော်တော်များများ ရေကြီးရေလျှံခဲ့သလို စပါးစိုက်ခင်းတွေ တော်တော်များများ ပျက်စီးသွားတယ်လို့ ဒေသခံတွေနဲ့ ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂက ပြောပါတယ်။

ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံနဲ့ တောင်ကုတ်မြို့နယ်တွေမှာ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ လယ်ဧက ခန့်မှန်းခြေ ၈ သောင်းကျော်အထိရှိတယ်လို့လည်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ် သမားသမဂ္ဂ ပြောခွင့်ရ ဦးအောင်ကျော်မြက ပြောပါတယ်။

“ရခိုင်ဒေသမှာ စပါးတွေ ပျက်စီးသွားတာတော့မှန်ပါတယ်။ ဒါပေမယ့် ကျနော့်ဆီမှာတော့ အချက်အလက်တွေ အကုန်မရောက်သေးဘူး။ ခန့်မှန်းခြေကတော့ ၈ သောင်းနဲ့ ၁ သိန်း ကြားလောက်တော့ ဒီရေတက်ပြီးတော့ လယ်တွေဆုံးရှုံး နစ်နာမယ့်အခြေအနေရှိပါတယ်။”

စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြတဲ့ ပေါက်တောမြို့နယ်မှာဆိုရင်လည်း မုန်တိုင်းကြောင့် လယ်ဧက သောင်းနဲ့ချီပျက်စီးသွားပြီး လယ်သမားတွေအတွက် အခက်ကြုံနေရတယ်လို့ ပေါက်တောမြို့နယ် ငပြီတက်ကျေးရွာက လယ်ယာလုပ်တဲ့ဦးအောင်ထင်က ပြောပါတယ်။

“ ကျနော်တို့ဘက်မှာ ပြောရမယ်ဆိုရင် ဧကပေါင်း သောင်းနဲ့ချီပြီးတော့ ပျက်စီးသွားပါတယ် ခင်ဗျာ။ စပါးတွေကို ပြန်ရိတ်သိမ်းဖို့လည်း မဖြစ်နိုင်တော့မယ် အခြေအနေမှာ ရှိတယ်ပေါ့နော်။ နောက်ပြီးတော့ ထွက်လက်စ နောက်ဆုံးစပါးတွေကျတော့လည်း လေပြင်းကြောင့် စပါးဖူးတွေ ပျက်စီးသွားတယ်။ သီးနှံတွေ ပျက်စီးသွားတယ်။ လယ်သမားတွေအတွက် ဒီနှစ်တော်တော်လေး အခက်အခဲဖြစ်သွားပါပြီ။”

ဒါ့အပြင် ရသေ့တောင်မြို့နယ်မှာလည်း မေယု မြစ်ကမ်းတလျောက်က စပါးစိုက်ခင်းတွေလည်း ဧက သောင်းနဲ့ချီ ပျက်စီးသွားတယ်လို့ လယ်ဧက ၃၀ ကျော်ပျက်စီးသွားတဲ့ ပြာပင်ရင်းကျေးရွာကလယ်သမား ဦးခင်လှ ကပြောပါတယ်။

“ကျနော်တို့ရွာမှာဆိုရင် လယ်သမား ၆၀ ကျော်ရှိတယ်။ လယ်ဧကက ၁,၁၀၀ ကျော်ရှိတယ်။ အဲဒါတွေအကုန်လုံး ပျက်စီးသွားတာပါပဲ။ ကျနော့်မှာတော့ ဧက ၃၀ လောက်ပျက်စီးသွားတယ်။”

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ စပါးစိုက်ရာသီတုန်းကလည်း မိုးရေချိန်အပြည့်အဝမရရှိသလို မြေသြဇာဈေးတွေ အဆမတန်မြင့်တက်နေတာကြောင့် လယ်သမားတွေအနေနဲ့ လယ်ဧကတွေကို လျှော့ပြီးတော့ စိုက်ပျိုးခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိမှာလည်း စပါးခင်းတွေ ထပ်မံပျက်စီးသွားတာကြောင့် စားနပ်ရိက္ခာအတွက် စိုးရိမ်ရတယ်လို့လည်း ပေါက်တောမြို့နယ်က လယ်ယာလုပ်တဲ့ ဦးအောင်ထင်ကလည်း ပြောပါတယ်။

“ကျနော်တို့ ပေါက်တောက ရေလုပ်ငန်းနဲ့လယ်ယာလုပ်ငန်းကို အဓိကထား လုပ်ကြတာဆိုတော့လေ၊ ဒီနှစ် ကလည်း စပါးစိုက်တဲ့အခါမှာလည်း အခက်အခဲအများကြီး ရှိတယ်။ ကုန်ဈေးနှုန်းမြင့်မားတာတွေ၊ ဓာတ်မြေသြဇာ လုံလုံလောက်လောက်မသုံးနိုင်တာတွေ၊ စပါးစိုက်ဧကတွေကိုလည်း တချို့ဆိုရင် လျှော့ပြီးတော့ စိုက် ပျိုးကြတဲ့အနေအထားမှာ အခုလို သဘာဝဘေးအန္တရာယ်ပါ ကြုံရတော့ ကျနော်တို့ ပေါက်တော အခြေအနေအရ ပြောရရင် ဒီနှစ်က စားနပ်ရိက္ခာဖူလုံရေး တော်တေ်ာလေး ဆိုးရွားသွားနိုင်တယ်လို့ ပြောလို့ရပါတယ်။”

ရခိုင်ပြည်နယ်မှာ စပါးစိုက်လယ်ဧက ၁၂ သိန်းရှိပြီး ဒီနှစ်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် ဧက ၉ သိန်းလောက်သာ စိုက်ပျိုးနိုင်ခဲ့တဲ့အပြင် အခု မုန်တိုင်းကြောင့် လယ်ဧက ၁ သိန်း နီးပါး ထပ်မံပျက်စီးသွားတယ်လို့ ခန့်မှန်းထားကြတာပါ။

ရခိုင်ပြည်နယ်မှာ ပုံမှန်အားဖြင့် လယ်ဧက ၉ သိန်းအတွက် စပါးအထွက်နှုန်းဟာ တင်းသိန်းပေါင်း ၅၀၀ ကျော်အထိထွက်ပေမယ့် ဒီနှစ်မှာတော့ စပါးအထွက်နှုန်း တင်းသိန်းပေါင်း ၄၀၀ ကျော်လောက်သာ ရှိနိုင်တယ်လို့လည်း ရခိုင်ပြည် နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ပြောခွင့်ရက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]














XS
SM
MD
LG