သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချမ်းမြသာစည်မြို့နယ်မှာ ကျူးကျော်တချို့အပါအဝင် အိမ်တချို့ ရှင်းလင်းခံရ  


မန္တလေးမြို့က ကျူးကျော်တဲများ။ (ထက်အောင်ခန့်)
မန္တလေးမြို့က ကျူးကျော်တဲများ။ (ထက်အောင်ခန့်)

[[Zawgyi/Unicode]]

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်က လူနေအိမ်တချို့ကို နိုဝင်ဘာလ ၂၂ ရက်၊ ဒီကနေ့မှာ စည်ပင်က ရှင်းလင်းဖြိုဖျက်နေတာတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရထားသံလမ်း ဘေးတလျှောက်မှာရှိတဲ့ ကျူးကျော်တဲတွေအပြင် ပိုင်ဆိုင်မှုမပြနိုင်တဲ့ နေအိမ်တချို့ပါ ဖြိုဖျက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မန္တလေးဘက်က အခြေအနေ သတင်းပေးပို့ချက်ကို မမြသဇင်အောင်က တင်ပြပေးထားပါတယ်။

ချမ်းမြသာစည်မြို့နယ်တွင်းက ကျူးကျော်အိမ်ယာတွေကိုဖယ်ရှားမယ့်အကြောင်း မန္တလေးစည်ပင်က မနေ့က နောက်ဆုံးအကြိမ်သတိပေးခဲ့ပြီး ချမ်းမြသာစည်မြို့နယ်ထဲက ကန်သာယာရပ်ကွက်မှာ ဒီကနေ့ နေ့လယ်အထိ လူနေအိမ်တွေကို စည်ပင်က ဖြိုဖျက် ရှင်းလင်းနေတယ်လို့ မျက်မြင်တွေ့သူတဦးက ပြောပါတယ်။

"ကန်သာယာမှာ ဖျက်နေတာ။ ပြီးတော့ မေမြို့-မန္တလေး ရထားလမ်းဘေးတလျှောက်။ နောက်ပြီးတော့ မြို့ပတ်ရထား သံလမ်းတလျှောက်မှာ ဒီနေ့ဖျက်နေတာ။ မနေ့ကတည်းက ဖျက်မိန့်တွေအော်တယ်။ စာရွက်တွေ ဝေထားတယ်တဲ့။ တချို့ကလည်း ကိုယ့်ဘာသာကိုယ် ဖျက်ကြတယ်ပေါ့။ ကိုယ့်ဟာကိုယ် မဖျက်နိုင်တာကျတော့ ဘူဒိုဇာနဲ့ ဒီတိုင်း ထိုးလိုက်တယ်။ ကန်သာယာရပ်ကွက်မှာ အိမ်ခြေတော့ များလိမ့်မယ်ဗျ။ ခန့်မှန်းခြေတော့ ပြောလို့မရဘူး ဖြစ်နေတယ်။ သူက အိမ်လေးတွေက တအားကြီး ကပ်နေတော့လေ။ အရင်တခါ ဖျက်ပြီးသားကို သူတို့က ပြန်ဆောက်ပြီး နေကြတာ။ အခုက ဒုတိယတကြိမ် ထပ်ဖျက်တာ။"

ကန်သာယာရပ်ကွက်က လူနေအိမ်တချို့အပြင် မီးရထားသံလမ်းဘေးတလျှောက်မှာရှိတဲ့ ကျူးကျော်တဲတွေကို ဖျက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ ရှင်းလင်းခံရတဲ့အထဲမှာ တချို့က သူတို့ကိုယ်ပိုင်ဝယ်ထားတဲ့နေရာတွေ ဖြစ်ပေမဲ့ ပိုင်ဆိုင်မှုမပြနိုင်တဲ့အတွက် ဖြိုဖျက်ခံရသလို အခိုင်အမာဆောက်ထားတဲ့ အိမ်ကြီးအိမ်ကောင်းတွေလည်းပါတယ်လို့ မျက်မြင်တွေ့ခဲ့တဲ့ ဒေသခံက ပြောပါတယ်။

"တချို့တွေကျတော့ ဝယ်ပြီးတော့ နေကြတာဗျ။ အရင်တုန်းက ရောင်းတဲ့ပုံစံ ဘယ်လိုတွေမှန်းလဲတော့ မသိဘူးပေါ့ဗျာ။ ဝယ်ပြီးနေတော့ သူတို့အပိုင်လို့ ထင်ကြတာပေါ့။ ဒါပေမဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်းကျ မပြနိုင်ဘူး ဖြစ်နေတယ်။ တချို့ဆို လမ်းဘေးမှာ ကုတင်လေးထိုးပြီး ထိုင်ပြီး လောလောဆယ် နေကြတယ်ပေါ့။ စစ်ကားလည်း ရှိတယ်။ ဘက်ဖိုးကား တစီးလည်းရှိတယ်။ သူတို့တွေကတော့ စောင့်ကြည့်နေကြတာပေါ့။"

စည်ပင်က လူနေအိမ်တွေကိုရှင်းလင်းနေချိန်မှာ စစ်ကောင်စီ စစ်ကားတချို့နဲ့ အနီးနားမှာ နေရာယူထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ သိုးခြံရထားသံလမ်းဘေးတလျှောက်က လူနေတဲအိမ်တွေကိုလည်း ဒီကနေ့ ဖျက်နေတာတွေ့ရတယ်လို့ ချမ်းမြသာစည်ဒေသခံတဦးက ပြောပါတယ်။

"သိုးခြံဘက်လာတယ်။ မေမြို့ သံလမ်းတောင်ဘက်တွေ လာတယ်။ ပြီးတော့ တန်ဖိုးနည်းဘက်တွေ သွားတယ်။ ဒီနေ့ သိုးခြံဘက်မှာ ဖျက်နေတာ။ သူတို့တော့ ရွှေ့ပြောင်းနေကြတာပဲ"

မန္တလေးမှာ အခုရက်ပိုင်းထဲ ရထားသံလမ်းတလျှောက်တဲအိမ်တွေကို ရှင်းလင်းနေသလို မြို့အဝင်လမ်းဘေးမှာ နေထိုင်နေတဲ့တဲအိမ်တွေကိုလည်း ရှင်းလင်းတာတွေ ခပ်စိပ်စိပ်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလို ခက်ခဲနေချိန်မှာ နေစရာနေရာ ဖယ်ရှားခံရတာက အတော်လေး ဒုက္ခရောက်စေတယ်လို့ မန္တလေးမြို့ခံတဦးက ပြောပါတယ်။

"အကြပ်တည်းတခုတော့ ဖြစ်တာပေါ့ဗျာ။ အခြေအနေတခု ရောက်နေတဲ့အခါမှ သူတို့လည်း အခုတော်တော်လေး ဒုက္ခရောက်နေတာပေါ့ဗျာ။ လောလောဆယ်တော့ နေစရာမရှိဘူးလေ။ ဘယ်သွားနေကြမတုန်း။"

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့ကြီးတွေမှာရှိတဲ့ လူနေရပ်ကွက်တချို့က နေအိမ်တွေနဲ့ ဈေးလိုနေရာတွေကို စစ်ကောင်စီဘက်က ဖျက်သိမ်းရှင်းလင်းတာတွေ သိသိသာသာ လုပ်ဆောင်လာနေပါတယ်။ ဖျက်သိမ်းခံရတဲ့ နေအိမ်နဲ့ အဆောက်အအုံတွေကို ပိုင်ဆိုင်မှုမရှိဘဲ ကျူးကျော်ဝင်ရောက်တာကြောင့် ရှင်းလင်းတာလို့ အာဏာပိုင်တွေဘက်က ပြောဆိုတာတွေရှိပေမဲ့ ကာကယံရှင်တချို့ကလည်း ဖျက်သိမ်းခံရတဲ့ မြေနေရာတွေဟာ သူတို့ဝယ်ယူပြီး တည်ဆောက်ထားတဲ့ နေအိမ်တွေဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]












XS
SM
MD
LG