သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး ဆုတ်ယုတ်လာ


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က ညောင်ချောင်းစစ်ရှောင်စခန်း မြင်ကွင်း။ (ယခင်မှတ်တမ်း ဓာတ်ပုံ - CJ)
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က ညောင်ချောင်းစစ်ရှောင်စခန်း မြင်ကွင်း။ (ယခင်မှတ်တမ်း ဓာတ်ပုံ - CJ)

[[Zawgyi/Unicode]]

စစ်ရေးတင်းမာနေတဲ့ရခိုင်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း ဒေသခံတွေအသတ်ခံရတာ၊ လုယက်ခံရတာတွေနဲ့ နေအိမ်တွေဖောက်ထွင်းခံရတာတွေ နေ့စဉ်နဲ့အမျှ ရှိလာနေတာပါ။ ဒီလိုဖြစ်စဉ်တွေဟာ ရခိုင်လက်နက်ကိုင် AA အဖွဲ့တွေရှိနေတဲ့ ကျေးလက်ဒေသတွေမှာထက် စစ်ကောင်စီဌာနတွေအခြေချ နေထိုင်တဲ့ မြို့ပြတွေမှာအများ ဆုံးရှိနေတာကြောင့် ရခိုင်ပြည်သူတွေရဲ့ အသက်အိုးအိမ်လုံခြုံမှုအပေါ် စိုးရိမ်စရာဖြစ်လာတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောဆိုကြပါတယ်။ ရန်ကုန်ကလာတဲ့ ဒီအကြောင်းအပြည့်အစုံကိုတော့ ကိုစံကျော်က တင်ပြပေးထားပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီကြားစစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံပြည်သူလူတွေရဲ့ အသက်အိုးအိမ်လုံခြုံမှုတွေ တနေ့ထက်တနေ့ စိုးရိမ်စရာ အခြေအနေရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တော်တော်များများမှာ ဒေသခံတွေအသတ်ခံရတာ၊ နေအိမ်တွေ ဖောက်ထွင်းခံရတာ၊ လုယက်ခံရတာတွေနဲ့ ဓားပြတိုက်ခံရတာတွေ ဒီလအတွင်း ခပ်စိပ်စိပ်တွေ့လာရပါတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ လုံခြုံရေးတင်းကြပ်ထားတဲ့ စစ်တွေမြို့ စစ်ကောင်စီရုံးဘေးက လျှပ်စစ်ပစ္စည်း အရောင်းဆိုင်အတွင်း အသက် ၁၈ နှစ်ရွယ် အမျိုးသမီး ဝန်ထမ်းတဦး ဓားဒဏ်ရာနဲ့ သေဆုံးသွားပေမယ့် ဘယ်သူသတ်သွားတယ်ဆိုတာ အခုထိ မသိသေးပါဘူး။

အခုလို မြို့ပေါ်ရပ်ကွက်တွေမှာ နေ့ခင်းဘက် အသတ်ခံရတာနဲ့ လုယက်ခံရတာတွေကြောင့် ကိုယ့်အိမ်မှာနေတာတောင် မလုံခြုံသလို ခံစားရတယ်လို့ စစ်တွေ မြို့မှာ နေထိုင်တဲ့ မခိုင်ခိုင်ဦးကပြောပါတယ်။

“တခုခုဖြစ်မှာလား ကိုယ့်အိမ်မှာကိုယ်နေပြီးတော့ မလုံခြုံသလို ခံစားနေရတယ်၊ ဘယ်သူများ တံခါးလာခေါက်မလဲပေါ့၊ အခုက စစ်တွေမှာဆိုရင်လည်း ဆက်တိုက်ဆိုသလို သေမှုသေခင်းတွေ၊ ဓားပြတိုက်တာတွေ ဖြစ်နေတော့ နေ့ခင်းဘက် နေရင်တောင် လုံခြုံတယ်လို့ မခံစားရဘူး။”

ရခိုင်ပြည်နယ်ရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးပိုင်းကို စစ်ကောင်စီကလည်း လုပ်ဆောင်နေသလို ရခိုင်လက်နက်ကိုင် ULA/AA အဖွဲ့ကလည်း သူတို့ထိန်းချုပ်နယ်မြေတွေမှာအုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးလုပ်ငန်းတွေကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က စပြီးတော့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ အထူးသဖြင့်တော့ ULA/AA အဖွဲ့ရဲ့ တရားစီရင်ရေးလုပ်ငန်းတွေဟာ ကျေးလက်ဒေသတွေမှာ တော်တော်များများ ထိရောက်အောင်လုပ်ဆောင်နိုင်ပေမယ့် မြို့ပေါ်ရပ်ကွက်တွေအထိ လုပ်ဆောင်နိုင်တာကိုတော့ မတွေ့ရသေးပါဘူး။

အခုလို မြို့ပေါ်ရပ်ကွက်တွေမှာ ရာဇဝတ်မှုတွေများပြားလာတာဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးနဲ့တရားစီရင်ရေး ပျက်စီးနေတာကြောင့် ဖြစ်တယ်လို့လည်း ရခိုင်အရေးကျွမ်းကျင်သူ ဦးဖေသန်းက သုံးသပ်ပါတယ်။

“မြို့ပေါ်မှာကျတော့ တရားရေးနဲ့ ရဲဘက်ဆိုင်ရာက ဘာမှမလုပ်နိုင်တဲ့ အခြေအနေကို အခွင့်ကောင်းယူပြီးတော့ ရာဇဝတ်မှု ကျူးလွန် သူတွေက အခွင့်ကောင်းယူပြီးတော့ လုပ်လာကြတာ ဖြစ်တယ်။ ဒါကြောင့် ပိုပြီးတော့ အတင့်ရဲလာတယ်၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အစိုးရကဏ္ဍက ပျက်စီးသွားတာမို့လို့ ရာဇဝတ်မှုကျူးလွန်တဲ့ သူတွေက ပိုပြီးတော့ အတင့်ရဲလာတာပေါ့။ စားဝတ်နေရေးကလည်း တနေ့ထက်တနေ့ ပိုပြီးတော့ ကြပ်တည်း လာတော့ ဒီကိစ္စတွေ ပိုများလာတာပေါ့။”

ရခိုင်ပြည်နယ်အတွင်း စစ်ရေးတင်းမာမှုတွေအပြင် အာဏာသိမ်းပြီးနောက်ပိုင်း ကုန်းဈေးနှုန်းတွေ အဆမတန် မြင့်တက်လာနေတာတွေ၊ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတာတွေ၊ ဒေသခံတွေရဲ့ စားဝတ်နေရေး အကြပ်အတည်းတွေကြောင့် အခုလို ရာဇဝတ်မှုတွေ များပြားလာတာဖြစ်တယ်လို့လည်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

ရခိုင်ပြည်တွင်း ဒေသခံတွေရဲ့ အသက်အိုးအိမ်စည်းစဉ်တွေ ခြိမ်းခြောက်ခံ လာရတာတွေနဲ့ ပတ်သတ်ပြီး စစ်ကောင်စီအနေနဲ့ တစုံတရာလုပ်ဆောင်ပေးတာ မတွေ့ရတာကြောင့် တနေ့ထက်တနေ့ ပိုစိုးရိမ်နေရတယ်လို့ စစ်တွေဒေသခံ မခိုင်ခိုင်ဦး ကပြောပါတယ်။

“ လုံခြုံရေးနဲ့ ပတ်သတ်ပြီး အစိုးရဖက်ကလည်းတခုမှ လုပ်ပေးတာမရှိဘူး။ တာဝန်ခံပြီးတော့ ဘာတွေ လုပ်နေလဲ ဆိုတာလည်း တခုမှမသိရဘူး။ ဒီဖက်မှာ လုံခြုံရေးက တော်တေ်ာလေးစိုး ရိမ်ရတယ်။ ကိုယ်ဟာနဲ့ ကိုယ် နေတာတောင်မှ ဘယ်လိုမှန်းမသိဘူး အရမ်းကြောက် စရာကောင်းတယ်။ စစ်တွေမှ မဟုတ်ပါဘူး။ တခြား မြို့နယ်တွေမှာလည်း အဲလိုမျိုး ဓားပြတိုက်တာတွေ ဘာတွေရှိတယ်ဆိုတော့လေ၊ ကိုယ့်ရဲ့ လုံခြုံရေး အခြေအနေက တော်တေ်ာစိုးရိမ်ရတဲ့ အခြေအနေဖြစ်နေတယ်။”

ရခိုင်ပြည်နယ်အတွင်းမှာတင် တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေ ရှိသလို AA နဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံရတာတွေ၊ အမည်မသိသူတွေရဲ့ သတ်ဖြတ်တာတွေနဲ့ မြေမြုပ်မှိုင်း ပေါက်ကွဲမှုတွေကြောင့် သေဆုံး ဒဏ်ရာရတာတွေနဲ့လည်း ရင်ဆိုင်နေကြရပါတယ်။

အခုလို ရခိုင်ပြည်ဒေသခံတွေရင်ဆိုင်နေရတဲ့ လုံခြုံရေးနဲ့ အကြပ်အတည်းတွေနဲ့ ပတ်သတ်ပြီးစစ်ကောင်စီရဲ့ ဆောင်ရွက်ချက်တွေကို မေးမြန်းဖို့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့်လည်း ဖုန်းလက် ခံဖြေဆိုခဲ့ခြင်း မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]















XS
SM
MD
LG