သုံးရလွယ်ကူစေသည့် Link များ

ရာဇဝတ်မှုတွေ တိုးလာလို့ ရန်ကုန်မှာ သွားလာရေး သတိထားနေရ 


[[Zawgyi/Unicode]]

ရန်ကုန်မြို့ နေရာတချို့မှာ ဒီရက်ပိုင်း ရာဇဝတ်မှုတွေပိုများလာပြီး ခိုးဆိုးလုယက်တာ၊ လမ်းပေါ်မှာရန်ပြုတာတွေနဲ့ နေအိမ်ထဲအထိဝင်ပြီး အကြမ်းဖက်လုယက်တာတွေ တိုးလာတာကြောင့် လုံခြုံရေးအတွက် အထူး သတိထားနေရကြောင်း ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ သွားလာရေးအတွက် အများက အဓိက အားထားနေရတဲ့ YBS ယာဉ်လိုင်းတွေပေါ်မှာလည်း ခါးပိုက်နှိုက်ခံရသူတွေ ပိုများလာနေတယ်လို့ ဘတ်စ်ကားနဲ့ ခရီးသွားတွေက ပြောပါတယ်။ ရန်ကုန်မြို့အခြေအနေ သတင်းပေးပို့ချက်ကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

ရန်ကုန်မြို့မှာ တနေရာကနေ တနေရာသွားလာရေးအတွက် YBS အများသုံး ယာဉ်လိုင်းတွေကိုသာ အဓိက အားထားနေရတာပါ။ အခြေခံကုန်ဈေးနှုန်း မြင့်တက်မှုတွေကြား စက်သုံးဆီဈေးကလည်း အတက်ဘက်မှာသာရှိနေလို့ ဘတ်စ်ကားပြေးဆွဲတဲ့ အစီးရေ အရင်ထက်စာရင် နည်းသွာပြီး ကားတွေလည်း ပိုကြပ်လာတယ်လို့ ခရီးသွားတွေက ပြောပါတယ်။ အများသုံး ဘတ်စ်ကားတွေပေါ်မှာ ခါးပိုက်နှိုက် ခံရတာတွေလည်း အခုနောက်ပိုင်း ပိုအဖြစ်များလာတယ်လို့ ကားပေါ်မှာ ပိုက်ဆံအိတ်ခါးပိုက်နှိုက်ခံလိုက်ရသူ တဦးက ပြောပါတယ်။

"အခု ခါးပိုက်နှိုက်တာတွေက တော်တော်အခြေအနေ ဆိုးတာရှင့်။ ဘာဖြစ်လို့လဲဆိုတော့ အဓိကတော့ ကားလမ်းကြောင်းအရပေါ့နော်။ ကားတွေက သိပ်မရှိဘူးလေ။ မရှိတော့ ရှိတဲ့ကားကိုပဲ လူတွေက ရုံးချိန်၊ ကျောင်းချိန်မီအောင်လို့ အတင်းတိုးဝှေ့ ပြီး စီးရတော့ လူအရမ်းကြပ်တယ်လေ။ လူအရမ်းကြပ်တော့ ဘတ်စ်ကားဆိုတော့လည်း လူစုံတာပေါ့။ လူစုံတော့ ခါးပိုက်နှိုက်တာတွေက ဖြစ်ကြတာပေါ့။ ရရာလုပ်ကြတဲ့သဘောပါပဲ။"

ဘတ်စ်ကားပေါ်မှာ ခါးပိုက်နှိုက်ခံရတာတွေ ရှိနေသလို လမ်းသွားလမ်းလာရင်လည်း သတိပြုပြီး ကိုယ့်လုံခြုံရေးအတွက် ပူပင်နေရတယ်လို့ ပြောပါတယ်။

"လုံခြုံရေးကတော့ ၁၀ မှာ ၉.၉ လောက်အထိကို ပူပင်ရတာပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ အမျိုးမျိုးဖြစ်နေတာပေါ့။ လမ်းသွားရင်ပဲဖြစ်ဖြစ် လူရှိရင်လည်း ရှိတဲ့အလျောက်၊ မရှိရင်လည်း မရှိတဲ့အလျောက်ပေါ့နော်။ အဲ့လိုဆိုတော့ သွားရလာရတာ အရမ်းတော့ အဆင်မပြေဘူးပေါ့၊ ဒါပေမယ့်လည်း ဘာတတ်နိုင်ပါ့မလဲ။ ဆုံးရှုံးတာကတော့ လွတ်လပ်မှုတင်မဘူး၊ အများကြီးပေါ့နော်။"

ရန်ကုန်မြို့မှာ ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ရှိနေပါတယ်။ လမ်းပေါ်သွားလာရင်း ရန်ပြုခံရမှာကို သတိထားနေရတဲ့ကာလမှာ အချိန်ကာလ သတ်မှတ်ချက်တွေကြောင့်လည်း အရင်က ရန်ကုန်မြို့က လူစည်ကားတဲ့ လမ်းတွေပေါ်မှာ ည ၈ နာရီလောက်ဆို အသွားအလာ သိပ်မရှိတော့တာပါ။ ဒီလိုအခြေအနေတွေကြောင့် အလုပ်ချိန်အပြည့်အဝ မလုပ်နိုင်တော့တာမျိုးလည်း ရှိတယ်လို့ ရန်ကုန်မြို့ခံ လူငယ်တဦးက ပြောပါတယ်။

"သွားရေးလာရေးက တော်တော်လေးခက်ခဲတယ်။ ညပိုင်းကတော့ ကျနော်တို့ ပုံမှန် သွားနေလာနေကြတဲ့အချိန်တွေကို သွားဖို့ တော်တော်လေး ခက်ခဲတာပေါ့နော်။ အလုပ်ကနေပြန်တာ နောက်ကျတယ်ဆိုလို့ရှိရင် အဆင်မပြေတော့ဘူးပေါ့နော်။ ပုံမှန်အလုပ်လုပ်တဲ့အချိန် ၆ နာရီ၊ ၇ နာရီလောက်အထိ ကျနော်တို့လုပ်လို့ မရတော့ဘူး။ ၄ နာရီခွဲလောက်သိမ်းတယ်၊ အဲလိုမျိုး အလုပ်ပြန်လာတယ်ပေါ့။ ဒီလိုမျိုး အချိန်ကို ကိုယ့်ဟာကိုယ် သတ်မှတ်နေရတဲ့ပုံစံ ဖြစ်နေတော့ လွတ်လွတ်လပ်လပ် သွားလာလို့ မရဘူးဖြစ်နေတယ်။"

စစ်အာဏာမသိမ်းခင်ကာလနဲ့နှိုင်းယှဉ်ရင် အခုချိန်မှာ ကိုယ်ပိုင်လွတ်လပ်မှုတွေ ဆုံးရှုံးနေသလို ကိုယ့်ရဲ့လုံခြုံရေးအတွက်ကိုလည်း ပူပင်နေရကြောင်း အမျိုးသမီးငယ်တဦးက ပြောပါတယ်။

"အပြင်သွားတာတော့ အစစအရာရာ ဂရုစိုက်ရတာပေါ့နော်။ YBS စီးရင် ပိုဆိုးတာပေါ့။ ရွှေတွေဘာတွေ ဝတ်သွားရင်တောင်မှ ကားပေါ်တက်မယ်ဆို အကုန်လုံးချွတ်ပြီး အိတ်ထဲထည့်သွားရတာမျိုး။ အရင်လောက်တော့ မလွတ်လပ်တော့ဘူးပေါ့။"

ဘတ်စ်ကားပေါ်မှာ ခါးပိုက်နှိုက်ခံရတာ၊ လမ်းပေါ်ရန်ပြုခံရတာနဲ့ နေအိမ်ထဲ အနုကြမ်းစီး ဝင်လုတာလို အုပ်စုဖွဲ့အကြမ်းဖက်ခံရတဲ့ သတင်းတွေလည်း နေရာတချို့မှာ မကြာခဏ ထွက်ပေါ်နေပါတယ်။ လူနေထူထပ်တဲ့ ရန်ကုန်မြို့မှာ ဒီလိုဖြစ်ရပ်တွေ ခပ်စိပ်စိပ် ဖြစ်လာနေပေမယ့် ကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူနိုင်တာ၊ ထိထိရောက်ရောက် နှိမ်နှင်းနိုင်တာမျိုး မရှိဘူးဆိုပြီးတော့လည်း တချို့က ငြီးတွား နေကြပါတယ်။ စားဝတ်နေရေး အကျပ်အတည်းနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင် ရှားပါးမှုတွေနဲ့အတူ ရာဇာဝတ်မှုတွေ များလာတာကြောင့် လုံခြုံရေးအတွက် အမြဲ စိုးရိမ်နေရတဲ့အကြောင်း ရန်ကုန်မြို့ခံတချို့က ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]












XS
SM
MD
LG