သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရသေ့တောင် မောင်တောဒေသ စစ်ရှောင်တွေရဲ့ အခက်အခဲ


မောင်တောစစ်ဘေးရှောင်များ (ယခင်မှတ်တမ်းဓာတ်ပုံ/ မောင်တော အလိုတော်ပြည့် ကျောင်းတိုက်)
မောင်တောစစ်ဘေးရှောင်များ (ယခင်မှတ်တမ်းဓာတ်ပုံ/ မောင်တော အလိုတော်ပြည့် ကျောင်းတိုက်)

[[Zawgyi/Unicode]]

ပြီးခဲ့တဲ့လကစတင်ပြီး ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီကြား တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ ရသေ့တောင်နဲ့ မောင်တောမြို့နယ်မှာ ထောင်နဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ရသေ့တောင်မြို့နယ်မှာ ပြီးခဲ့တဲ့လကစပြီး ဒီကနေ့အထိ တိုက်ပွဲတွေကြောင့် နေရပ် စွန့်ခွာ ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်ဦးရေ ၃ ထောင်ကျော်ရှိတယ်လို့ အကူအညီပေးနေတဲ့သူတွက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုသားညွှန့်ဦးက တင်ပြပေးထားပါတယ်။

ရခိုင်လက်နက်ကိုင်AA အဖွဲ့နဲ့ စစ်ကောင်စီကြား စစ်ရေးတင်းမာနေတဲ့ ရခိုင်မြောက် ပိုင်းက မောင်တော၊ ရသေ့တောင်နဲ့ မြောက်ဦးမြို့နယ်တွေမှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးလာနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေ စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေတာပါ။

လက်ရှိမှာတော့ စစ်ဘေးဒုက္ခသည်တွေအတွေက် အလှူရှင်တွေလည်းမရှိသလောက် နည်းပါးနေပါတယ်။ စားဝတ်နေရေး ခက်ခဲနေတဲ့အပြင် ကျန်းမာရေးအခက်အခဲတွေကိုလည်းရင်ဆိုင်နေရတယ်လို့ ရသေ့တောင်မြို့နယ်မှာ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကိုအောင်မင်းစိုးကပြောပါတယ်။

“လက်ရှိအနေအထားမှာ သူတို့ရင်ဆိုင်နေရတာကတော့ စားဝတ်နေရေးပေါ့၊ စားဝတ်နေရေးက မဖူလုံဘူး။ အလှူရှင်တွေပေးတာကိုလည်း ချင့်ချိန်ပြီးတော့ ပေးနေရတယ်၊ လူတယောက် ဆန်တဗူးကျရယ်ပဲဆိုရင်လည်း တဗူးလောက်ပဲ။ လူဦးရေကများနေတော့ နောက်ပြီးတော့ ကျန်းမာရေး ကျေးလက်ဆေးခန်းရှိတဲ့နေရာမှာတော့ သူတို့သွားပြလို့ အဆင်ပြေတယ်။ မရှိတဲ့နေရာမှာဆိုရင် သက်ကြီးရွယ်အိုတွေ ကလေးတွေ ကိုယ်ဝန်ဆောင်တွေပါတယ်၊ သူတို့အတွက် ကျန်းမာရေး စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ။”

ပြီးခဲ့တဲ့ သြဂုတ်လ ဒုတိယအပတ်လောက်ကရသေ့တောင်မြို့နယ် ညောင်ပင်လှကျေးရွာ အနီးမှာ တိုက်ပွဲဖြစ်ပွားတာကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံတဦးကတော့ စစ်ဘေးဒုက္ခသည်စခန်းမှာ ဖြစ်သလို ခက်ခက်ခဲခဲနေထိုင်နေရပေမယ့် နေရပ်ကိုမပြန်ရဲသေးဘူးလို့ VOA ကို ရခိုင်လိုပြောထားတာဖြစ်ပါတယ်။

“ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ဖို့အတွက်လည်း အဲဒီမှာ ပစ်သံကြားရင် မနေရဲဘူး။ ကလေးတွေ၊ သက်ကြီးတွေနဲ့ဆိုတော့လေ။ နေရတာကလည်း နှစ်ဘက်တပ်တွေရဲ့ ကြားထဲမှာဆိုတော့ မနေရဲလို့ ထွက်ပြေးနေကြတာ။”

စစ်ကောင်စီတပ်သားတွေက စစ်ဘေးဒုက္ခသည်ကူညီရေးအဖွဲ့တွေကို တားမြစ် တာ၊ အလှူခံအဖွဲ့တွကိုတားမြစ်တာတွေကြောင့် စစ်ဘေးဒုက္ခသည်တွေအနေနဲ့ စားဝတ်နေရေး အခက်ပိုကြုံရတာဖြစ်တယ်လို့လည်း စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကိုအောင်မင်းစိုးကပြောပါတယ်။

“စစ်ကောင်စီဘက်ကလာပြီးတော့ စစ်ဘေးဒုက္ခသည်တွေကို ထောက်ပံ့တာတွေ ဘာမှမရှိသေးဘူး၊ လာရောက်ထောက်ပံ့မယ့်သူတွေကို တားဆီးတာတွေ၊ နောက်ပြီးတော့ အလှူငွေကောက်ခံတဲ့အဖွဲ့တွေကို တားဆီးတာတွေတောင် ရှိတယ်။”

ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ရခိုင်ပြည်နယ်ထဲမှာ နေ့စဉ်လိုလို အပြန်အလှန်ပစ်ခတ်မှုတွေ ရှိနေပါတယ်။ ဒါ့အပြင် တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေမှာ စစ်ကောင်စီဘက်က လမ်းခရီးတွေကို ပိတ်ထားတာကြောင့် ကုန်စည်စီးဆင်းမှုတွေမရှိသလို ကျန်းမားရေးဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့လည်း ဒေသခံတွေကပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]












XS
SM
MD
LG