သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်အတွင်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေ


ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းတွေက ဒေသတွင်းလေ့လာစောင့်ကြည့်သူတွေရှေ့မှာ မဲရေတွက်နေစဉ်။ (ယခင်မှတ်တမ်းဓာတ်ပုံ)   
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းတွေက ဒေသတွင်းလေ့လာစောင့်ကြည့်သူတွေရှေ့မှာ မဲရေတွက်နေစဉ်။ (ယခင်မှတ်တမ်းဓာတ်ပုံ)   

[[Zawgyi/Unicode]]

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်မှာ လူဦးရေစာရင်းကောက်ယူဖို့ ပြင်ဆင်ဆောင်ရွက်နေပြီလို့ ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်ပြောဆိုထားပါတယ်။ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်မယ့်အပေါ် ရခိုင်နိုင်ငံရေးပါတီတွေ ဘယ်လို အမြင်သဘောထားရှိပါသလဲ။ ဒီအကြောင်း မေးမြန်းပေးပို့ချက်ကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ယခုဇန်နဝါရီလ ၉ ရက်နေ့မှာ လူဦးရေစာရင်းကောက်ယူသွားမယ်လို့ ပြည်နယ်စစ်ကောင်စီအဖွဲ့ပြောခွင့်ရ ဦးလှသိန်းရဲ့ လူမှုကွန်ယက်ပေါ်မှာ ထုတ်ပြန်ထားပါတယ်။ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှ စာရင်းမှားတွေရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီဟာ အခုနှစ် ဩဂုတ်လမှာ ရွေးကောက်ပွဲတရပ်ကျင်းပဖို့ ပြင်ဆင်နေတာပါ။

စစ်ကောင်စီက ကျင်းပမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခုမဖြစ်နိုင်သလို တရားဝင်မှုမရှိတာကြောင့် ဝင်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီအထွေထွေအတွင်း ရေးမှူး ဦးမျိုးကျော်က ပြောပါတယ်။

“ ရွေးကောက်ပွဲကို အကြောင်းပြီးတော့ အာဏာသိမ်းတယ်၊ သူတို့ကတော့ အာဏာထိန်းတယ်လို့ပြောတယ်။ ထိန်းတာပဲဖြစ်ဖြစ်၊ သိမ်းတာပဲဖြစ်ဖြစ် ဒီဟာက တရားမဝင်ဘူး။ အဲဒါကြောင့် သူတို့လုပ်တဲ့ ရွေးကောက်ပွဲဟာလည်း အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်တယ်။ သူတို့အာဏာရရေး၊ သူတို့ အာဏာဆုပ်ကိုင်သွားရေးအတွက်လုပ်တဲ့ ရွေးကောက်ပွဲ ဖြစ်တာကြောင့် ကျနော်တို့ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်စရာ အကြောင်းမရှိဘူးလို့ ပြောချင်ပါတယ်။”

ပြီးခဲ့တဲ့ ၂၀၂၀ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ်မှာ အများဆုံးအနိုင်ရခဲ့တဲ့ ရခိုင်အမျိုးသားပါတီ (ANP) အနေနဲ့တော့ စစ်ကောင်စီဦးဆောင်ကျင်းပမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တစုံတရာမချရသေးဘူးလို့ ANP ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှကပြောပါတယ်။

“ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ဒီနေ့အချိန်ထိ နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ တစုံတရာ တရားဝင်ညွန်ကြားထားတာမရှိသေးဘူး။ အဲဒါကြောင့် ကျနော်တို့ပါတီမှာတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘာမှဆွေးနွေးဆုံးဖြတ်ထားတာ တစုံတရာမရှိသေးဘူးလု့ိပြောချင်ပါတယ်။”

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲတုန်းကတော့ ရခိုင်ပြည်နယ်က တချို့မြို့နယ်တွေမှာ လုံခြုံရေးအရ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပါဘူး။ အခု လတ်တလောအားဖြင့် AA ရခိုင်တပ်ဖွဲ့နဲ့ စစ်ကောင်စီကြား နှုတ်အားဖြင့် အပစ်အခတ်ရပ်စဲရေးယူထားပါတယ်။ AA အပါအဝင် ညီနောင်သုံးဖွဲ့ရဲ့ နှစ်သစ်ကူးထုတ်ပြန်ချက်ထဲမှာတော့ အခြား တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်သွားမယ်လို့ သန္နိဌာန်ပြုဖော်ပြထားပေမဲ့ စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တစုံတရာ ပြောဆိုထားတာမရှိပါဘူး။

နွေဦးတော်လှန်ရေးနောက်ပိုင်းပေါ်လာတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ KIA ကချင်လွတ်လပ်ရေးတပ်အပါအဝင် အဓိက တိုင်းရင်းသားလက်နက်ကိုင်အများစုကလည်း ဒီရွေးကောက်ပွဲဟာ တရားဝင်မှုမရှိဘူးလို့ တုံ့ပြန်နေကြပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ တခုမဖြစ်နိုင်တဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံရဲ့အကြပ်အတည်းကို ပိုရှည်ကြာစေပြီး တိုင်းပြည်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ တည်ငြိမ်အေးချမ်းသာယာရေးကို နှောင့်နှေးကြန့်ကြာ စေမယ့်အကြောင်း ကြောညာချက်ထုတ်ပြန်ထားတာတွေလည်းရှိပါတယ်။

မြန်မာနိုင်ငံတွင်း ဒေသအာဏာပိုင်တချို့က ရွေးကောက်ပွဲအတွက် ပြင်ဆင်ပြောဆိုမှုတွေရှိနေပေမဲ့လည်း မြန်မာစစ်ကောင်စီဘက်ကတော့ ရွေးကောက်ပွဲကျင်းပမယ့် ရက်နဲ့ပတ်သက်လို့ လူထုကို တိတိကျကျ ကြေညာပြောဆိုတာတော့ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

=========================

[[Unicode]]











XS
SM
MD
LG