သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောင်ချို တိုက်ပွဲတွေကြာင့် ဒေသခံ ၈၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေး


ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ဒုက္ခသည်များ။ (ယခင်မှတ်တမ်းဓာတ်ပုံ။ ဓာတ်ပုံ-ကိုမျိုး/နယ်စည်းမခြား)
ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ဒုက္ခသည်များ။ (ယခင်မှတ်တမ်းဓာတ်ပုံ။ ဓာတ်ပုံ-ကိုမျိုး/နယ်စည်းမခြား)

[[Zawgyi/Unicode]]


ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF ကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားတာကြောင့် ၇ ရွာ လောက်က ဒေသခံပြည်သူ ၈၀၀ ကျော်ဝန်းကျင် နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။ ဒီလို စစ်ရှောင်နေတာ တပတ်ကျော် ကြာမြင့်လာပေမဲ့ နှစ်ဘက်တပ်တွေကြား စစ်ရေးတင်းမာနေဆဲမို့ နေရပ်မပြန်နိုင်ဘဲ ဘုန်းကြီးကျောင်းတွမှာ ခိုလှုံနေကြရပါတယ်။ နောင်ချိုမြို့နယ်က စစ်ပြေးဒုက္ခသည်တွေ အခြေအနေ ရန်ကုန်ကလာတဲ့ သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

သြဂုတ်လ ၂၄ ရက်နေ့ လောက်ကတည်းက နောင်ချိုမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာပါ။ စစ်ကောင်စီတပ်ဘက်က လေကြောင်းကပါ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး ကျေးရွာ ၇ ရွာလောက်က ပြည်သူတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ စစ်ရှောင်တွေကို ကူညီနေသူတဦးက VOA ကို အခုလို ပြောပါတယ်။

“ကျမတို့သွားတဲ့အချိန်ကတော့ စစ်ရှောင် အိမ်ထောင်စု ၂၀၀ ကျော်တယ်။ လူဦးရေကတော့ ၈၀၀ ကျော် ၁,၀၀၀ ဝန်းကျင်ရှိမှာ။ စခန်းတခုမှာက ၅၀၀ ကျော်တယ်။ နောက်ထပ် စခန်းတခုက လူဦးရေတော့ မရထားဘူး။ အိမ်ထောင်စုတော့ ၃၆ ရှိတယ်။ ဒီ တရက်၊ နှစ်ရက်တော့ နောက်ထပ် စခန်းတခု ထပ်တိုးတယ်။”

လောလောဆယ်မှာ စစ်ရှောင်တွေဟာ ဒိုးပင်ရွာ၊ ဟိုခိုရွာနဲ့ ကုလားကွဲရွာက ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြပြီး တိမ်းရှောင်လာတဲ့ ရွာတွေကတော့ ကျောက်မဲမြို့နယ်အစပ် လုံခံ၊ ကြံခင်း၊ နားခါး၊ စတဲ့ ကျေးရွာတွေလည်း ပါဝင်ပါတယ်။ ဒေသခံတွေ တိမ်းရှောင်လာရတဲ့ အခြေအနေကို စစ်ရှောင်အမျိုးသမီးတဦးက အခုလို ပြောပါတယ်။

“ကုလားကွဲက ၂၂ ရက်နေ့က စစ်ကောင်စီတွေက ရွာဘေးနားမှာရှိတယ်။ ရွာသားတယောက်ကိုတော့ သတ်သွားတာပေါ့နော်။ ၂၃ ရက်နေ့မှာ အလောင်းတွေ့တာ။ ၂၄ ရက်နေ့ကျတော့ ဆွမ်းစိမ်းတရားနာတယ်။ ဆွမ်းစိမ်းတရားနာတဲ့အခါ ဘုန်းကြီးကြွသွားပြီးတဲ့အချိန်မှာ လက်နက်ကြီးတွေ ထုပြီးတော့ တိုက်ပွဲက စတော့တာပဲ။ ကုလားကွဲမြောက်ဘက်မှာလေ။ တိုက်ပွဲစတဲ့အခါကျ ကျမတို့က ပြေးပြီ။ ဟိုခိုနားရောက်တဲ့အခါကျတော့ ဟတ်စကီးလာပြီလေ။ အဲဒါ လေယာဉ်တွေနဲ့ လာချ တာ။ ကုလားကွဲကနေ စချသွားတာ ဟတ်စကီးက ကုလားကွဲ၊ နားကျန်း၊ ကုန်းတမော့၊လုံခံ၊ ကြံခင်းတဝိုက်ပေါ့။ ကျမတို့ ၉ ရက်ရှိပြီ ရှောင်တာလေ။ အခုကတော့ တင်းမာနေသေးတယ်။ ပြန်လို့ အဆင်မပြေသေးလို့။ ”

နောင်ချိုမြို့နယ် ဒိုးပင်ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ဒေသခံတချို့ကတော့ ဗုဒ္ဓဟူးနေ့ညနေက နေရပ်ပြန်သွားကြပါတယ်။ ဒါပေမယ့်လည်း စစ်ရေးတင်းမာနေတဲ့ အခြေအနေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နိုင်တဲ့အခြေအနေကြောင့် စိုးရိမ်ပြီး တချို့ပြန် လာကြတယ်လို့ စစ်ဘေးရှောင်တဦးက ပြောပါတယ်။

“မနေ့ညနေက ပြန်ကြတော့မယ်။ အဖျားအနာလည်း ပေါတယ်။ သုံးစရာလည်း ပိုက်ဆံ မရှိတော့ဘူး။ အငှားလိုက်ကြမယ်။ မြေပဲနုတ်ကြမယ်ဆိုပြီးမှ ပြန်သွားကြတာပေါ့နော။ ဒီနေ့ကျတော့ စစ်တိုက်မယ့်အခြေအနေ ရှိတယ်ဆိုတော့ ပြန်လာကြတယ်။ အထုပ်အပိုးတွေနဲ့။ ရွာသားတွေကလည်း သူတို့အနီးအနားမှာ အဲလိုမျိုး စစ်တပ်တွေ တွေ့တယ်ဆိုတော့ မနေရဲဘူးပေါ့နော် ပြန်လာတာပေါ့။ ”

လက်ရှိမှာ ဒိုးပင်ဘုန်းကြီးကျောင်းမှာ စစ်ရှောင် ၅၀၀ ခန့်၊ ဟိုခိုဘုန်းကြီးကျောင်းမှာ ၂၀၀ ကျော်နဲ့ ကုလားကွဲဘုန်းကြီး ကျောင်းမှာ ၁၄၀ ကျော်လောက် ခိုလှုံနေတာဖြစ်ပါတယ်။

စစ်ရှောင်တွေကိုတော့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ဒေသတွင်း လူမှုကူညီရေးအသင်းအဖွဲ့တွေအပြင် ဘုန်းကြီးကျောင်းနဲ့ ဒေသခံတွေက ဝိုင်းဝန်းထောက်ပံ့ထားပါတယ်။ လောလောဆယ် စားသောက်နေထိုင်ရပ်တည်ရေး အဆင်ပြေပေမဲ့ ရေရှည်မှာ အခက်အခဲ ရှိနိုင်တယ်လို့ ပြောဆိုကြပါတယ်။

ဒေသတွင်းသတင်းမီဒီယာတွေမှာတော့ သြဂုတ်လ ၂၉ ရက်နေ့မှာ ကုန်းတမော့ ရွာ အနီးမှာ စစ်ကောင်စီနဲ့ PDF အကြား တနာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့သလို ၃၀ ရက်နေ့မှာ စစ်ကောင်စီစစ်ကြောင်းကို ဒေသခံတပ်တွေ မိုင်းခွဲတိုက်ခိုက်တာတွေ ရှိကြောင်း ဖော်ပြထားပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]












XS
SM
MD
LG