သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓါတ်မြေဩဇာ နယ်စပ်တင်သွင်းခွင့်ဆိုင်းငံ့လို့ ဈေးတက်မှာစိုးရိမ်


နေပြည်တော်မှာ ဓာတ်မြေသြဇာသယ်ပေးနေတဲ့ ဆိုက်ကားသမား။
နေပြည်တော်မှာ ဓာတ်မြေသြဇာသယ်ပေးနေတဲ့ ဆိုက်ကားသမား။

[[Zawgyi/Unicode]]

မြန်မာနိုင်ငံ လယ်ယာလုပ်ငန်းအတွက် တရုတ်နိုင်ငံက ဓါတ်မြေသြဇာတင်ပို့နေတဲ့ သွင်းကုန်လုပ် ငန်းရှင်တွေကို စစ်ကောင်စီက လုပ်ငန်းလိုင်စင်တွေ ရပ်ဆိုင်းလိုက်တာကြောင့် ပြည်တွင်း ဓါတ်မြေသြဇာဈေးတွေ ဒီရက်ပိုင်းမှာ ဆက်ပြီးတက်နိုင်တယ်လို့ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။ အသုံးများတဲ့ ပုလဲမြေဩဇာတအိတ်ကို ကျပ်တသိန်းခွဲအထိ ရောက်လာတာကြောင့် လာမယ့်ဆောင်းရာသီမှာ ဓာတ်မြေဩဇာအလုံအလောက်ရဖို့ အခက်အခဲရှိနိုင်ကြောင်း လယ်သမားတွေက ပြောပါတယ်။ ပြည်တွင်း စိုက်ပျိုးရေးလုပ်ငန်းနဲ့ ဓါတ်မြေသြဇာဈေးကွက် အခြေအနေ သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ပြည်တွင်းအတွက် လိုအပ်နေတဲ့ဓာတ်မြေဩဇာကို ရုရှားကနေတင်သွင်းမယ်လို့ မကြာသေးခင်ကပဲ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။ ဒီလိုကြေညာပြီးတဲ့နောက် တရုတ်နယ်စပ်ကနေ ဓာတ်မြေဩဇာတင်သွင်းနေတဲ့ မြန်မာလုပ်ငန်းရှင်အများအပြား သွင်းကုန်လိုင်စင် ရပ်နားခံရပါတယ်။ နယ်စပ်သွင်းကုန်လုပ်ငန်းရှင်တဦးကတော့ ရုရှားက ကမ္ဘာ့ဓာတ်မြေဩဇာ အများဆုံးတင်ပို့တဲ့ တနိုင်ငံဖြစ်ပေမဲ့လည်း ကုန်ကျစရိတ်နဲ့ ကြာချိန်ကြောင့် တရုတ်ဓာတ်မြေဩဇာကို ပြည်တွင်းမှာ အဓိက အားထားနေရတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

" အဓိကတော့ နှစ်မျိုးပဲရှိတယ်။ ပုလဲဓာတ်မြေဩဇာနဲ့ ကွန်ပေါင်းဓာတ်မြေဩဇာ။ နှစ်မျိုးလုံးကို တရုတ်ဘက်က လျှော့ချပေးလိုက်ပြီ။ ရောင်းပေးလိုက်ပြီ။ ဒါပေမယ့် အဲဒီရုရှားကနေ မြေဩဇာတင်သွင်းမယ်လို့ ကြေညာပြီးတဲ့နောက်ပိုင်းမှာ လိုင်စင်တွေ မချပေးတော့ဘူး။ အဲဒါကြောင့်မို့ ဈေးကွက်ထဲကို ပစ္စည်းကရောက်သင့်သလောက် မရောက်လာဘူးပေါ့နော်။ အဲလိုမျိုးလုပ်နေတဲ့ အခါကျတော့ ကုန်သည်တွေလည်း အဆင်မပြေဘူး၊ တောင်သူလယ်သမားတွေလည်း အဆင်မပြေဘူးပေါ့နော်။"

ဓာတ်မြေဩဇာတအိတ်ကို ကျပ်တသိန်းခွဲအထိ ပေးဝယ်နေရတဲ့အတွက် မိုးတွင်းတုန်းက မြေဩဇာ အပြည့်အဝမသုံးခဲ့ရဘူးလို့ လယ်သမားတွေကပြောပါတယ်။ သွင်းအားစုတွေ အလုံအလောက် ဝယ်မထည့်နိုင်တာကြောင့် ဒီနှစ်စပါးအထွက်နှုန်းကျတာလို့လည်း ပြောပါတယ်။ နိုင်ငံတကာ စိုက်ပျိုးရေးလုပ်ငန်း အခြေအနေ သုတေသနလုပ်တဲ့ International Food Policy Research Institute ရဲ့ ဩဂုတ်လ စစ်တမ်းအရဆိုရင် မြန်မာနိုင်ငံက မုတ်သုံကာလမှာ ပုလဲမြေဩဇာက ၉၁ ရာခိုင်နှုန်း ဈေးတက်သွားပြီး ကွန်ပေါင်းမြေဩဇာက ၇၁ ရာခိုင်နှုန်း ဈေးတက်သွားတယ်လို့ ပြောပါတယ်။

ဒီမြေဩဇာတွေကို ဝယ်ယူသုံးစွဲနိုင်အားကလည်း ၂၀၂၁ ခုနှစ်ကထက်စာရင် ထက်ဝက်နီးပါး ကျသွားတယ်လို့ သုံးသပ်ထားတာပါ။ ငွေဖောင်းပွနှုန်း၊ ကုန်ထုတ်စွမ်းအားနဲ့ စားနပ်ရိက္ခာဖူလုံမှု ဒါတွေက စိုက်ပျိုးရေးလုပ်ငန်းအတွက် စိုးရိမ်စရာကောင်းတယ်လို့လည်း သုတေသနဌာနရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အထွက်နှုန်းကျတဲ့အတွက် စပါးဈေးက စက်တင်ဘာလမှာ တင်း ၁၀၀ ကို ကျပ် ၁၀ သိန်းအထက်ကို ရောက်ခဲ့ပြီး အခု ၉ သိန်းအောက်ကို ပြန်ကျလာတယ်လို့ လယ်သမားတွေက ပြောပါတယ်။ တင်း ၆၀ ထွက်တဲ့ စပါးတဧက ပျမ်းမျှကုန်ကျစရိတ်က ပြီးခဲ့တဲ့မိုးတွင်းမှာ ကျပ်ငါးသိန်းလောက် ဖြစ်ခဲ့တဲ့အတွက် စပါးဈေးတက်ပေမဲ့လည်း အမြတ်မကျန်ဘူးလို့ လယ်သမားတချို့က ဗွီအိုအေကို ပြောပါတယ်။ လယ်ဧကနည်းသူတွေကတော့ လာမယ့်နွေမှာ စပါးမစိုက်တော့ဘူးလို့ ဧရာဝတီတိုင်းက လယ်သမားတဦးက ပြောပါတယ်။

" လက်ကြီးသမားတွေကတော့- လယ်ဧကများတဲ့သူတွေကတော့ စိုက်ဖို့ပြင်ဆင်နေကြတာ နွေစပါးကို။ ကျန်တဲ့သူတွေကတော့ ကိုယ့်ငွေရင်း အပြည့်အဝမရှိတဲ့သူတွေအတွက်က အတော်လေး အခက်အခဲ ဖြစ်နေတာပေါ့။ တွန်းလုပ်မယ်ဆိုရင်လည်း အရှုံးနဲ့က ကြုံရမှာပဲလေ။"

ရုရှ- ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာ့စားနပ်ရိက္ခာပြဿနာနဲ့ ဓာတ်မြေဩဇာဈေးကြီးမြင့်တဲ့ဒဏ်ကို နိုင်ငံတွေ အတော်များများ ရင်ဆိုင်နေရတာပါ။ စားနပ်ရိက္ခာရှားပါးမှု ပြဿနာ ဒီထက်ပိုပြီး ဆိုးဆိုးဝါးဝါး မကြုံရအောင် ဓာတ်မြေဩဇာဈေးနှုန်းတွေကို လျှော့ချပစ်ဖို့လိုလိမ့်မယ်ဆိုပြီး ကုလကုန်သွယ်ရေးဆိုင်ရာ အကြီးတန်းအရာရှိက ပြီးခဲ့တဲ့သီတင်းတပတ်က ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်းဆန်ဈေးက ရွှေဘိုပေါ်ဆန်းမွှေးတအိပ်ကို လက်လီဈေးကွက်မှာ တသိန်းဝန်ကျင်ရှိပြီး ဆန်ကြမ်းအမျိုးအစားတွေကတော့ ကျပ်လေးသောင်းခွဲကနေ ၇ သောင်းဝန်းကျင်အထိ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်ကထက်စာရင် ဒါက ထက်ဝက်နီးပါး ဈေးတက်လာတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]











XS
SM
MD
LG