သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကုန်စည်ပို့ဆောင်ရေး ခက်ခဲ  


ထိုင်းနယ်စပ် မြဝတီ တံတားအမှတ် (၂) ကိုဖြတ်သန်းနေတဲ့ ကုန်တင်ကားတစီး (ယခင်မှတ်တမ်းဓာတ်ပုံ)
ထိုင်းနယ်စပ် မြဝတီ တံတားအမှတ် (၂) ကိုဖြတ်သန်းနေတဲ့ ကုန်တင်ကားတစီး (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေ ပုံမှန် ပြန်လည်ပတ်နေပြီဆိုပေမဲ့ အရင်နှစ်တွေကလို ကုန်အပြည့်အဝမတင်နိုင်သေးတဲ့အကြောင်း ယာဉ်မောင်းနဲ့ ယာဉ်လုပ်ငန်းရှင်တချို့က ပြောပါတယ်။ လမ်းခရီးမှာ ငွေကြေးကောက်ခံမှုတွေများနေသေးတာ၊ လုံခြုံရေးအရ အခြေအနေကြည့်ပြီး သွားလာရတာတွေကတော့ တချို့နေရာတွေမှာ ရှိနေဆဲဖြစ်တဲ့အကြောင်း VOA ကို ပြောပါတယ်။ မြန်မာနိုင်ငံအတွင်း ကုန်စည်ပို့ဆောင်ရေးအခြေအနေနဲ့ပတ်သက်ပြီး သတင်းပေးပို့ချက်ကို ကိုအောင်အောင် က တင်ပြပေးထားပါတယ်။

ကချင်- ရှမ်းမြောက်- စစ်ကိုင်း- မန္တလေးနဲ့ ရန်ကုန်- မော်လမြိုင် - မြဝတီ ပြေးဆွဲနေတဲ့ ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ်တွေအားလုံးနီးပါး ပုံမှန်အတိုင်း ပြန်လည်သွားလာနေကြပြီဖြစ်ပေမဲ့ လက်နက်ကိုင်တိုက်ပွဲတွေရှိနေဆဲဖြစ်လို့ အခြေအနေကြည့်ပြီး သွားလာနေရကြောင်း လုပ်ငန်းရှင်တချို့က ပြောပါတယ်။ အထူးသဖြင့် စစ်ကိုင်းတိုင်းဘက်ကို ဖြတ်သန်းသွားတဲ့အခါမှာ တိုက်ပွဲအခြေအနေကို သတိထားစောင့်ကြည့်ပြီးမှ သွားလာနေရကြောင်း ကချင်ပြည်နယ်အတွင်းက ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တဦးက ပြောပါတယ်။

"တခါတလေလည်း တိုက်ပွဲဖြစ်တယ်။ အများဆုံးဖြစ်ရင် ထီးချိုင့်ဘက်မှာဖြစ်တယ်။ ရွှေဘိုလမ်းဆိုရင် ခင်ဦးဘက်တွေ၊ စလောင်တို့၊ ရွာသာကြီးတို့၊ ဝက်လက်တို့ အဲဘက်တွေမှာ တိုက်ပွဲဖြစ်တယ်။ ထီးချိုင့်ဘက်မှာလည်း တိုက်ပွဲလေးတွေ ကြိုကြားကြိုကြား ဖြစ်တယ်ပေါ့။ လမ်းပန်းဆက်သွယ်ရေးက ကောင်းလားဆိုတော့ ကောင်းတဲ့အထဲတော့ မပါဘူး။ ဒါပေမဲ့ သွားလာနေကြတာပဲ။ ကျနော်တို့ ခရီးသည်နဲ့ ကုန်စည်ပို့ဆောင်ရေးတွေကတော့။"

ဒီနောက်ပိုင်းမှာ လုံခြုံရေး အခြေအနေကြောင့် ညပိုင်းဖြတ်သန်းသွားလို့ မရတဲ့နေရာတွေ ရှိနေဆဲဖြစ်တဲ့အကြောင်း လုပ်ငန်းရှင်တွေကပြောပါတယ်။ ရခိုင်ဘက်မှာလည်း ဘူးသီးတောင်၊ မောင်းတောဒေသဘက်ကို အရင်လို သွားလာလို့မရတော့ကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

"အရင်တုန်းက မောင်တောထိအောင် သွားရတာပေါ့။ မောင်တောကနေ တဘက်ကမ်း ဘူးသီးတောင်၊ မောင်တောပေါ့ အဲလိုသွားရတယ်။ အခု ကျနော်တို့က ဘယ်လိုပြန်ချိုးလိုက်လဲဆိုတော့ အဲဒီဘက်က (တိုက်ပွဲ) ဖြစ်နေတော့ အဲဒီအထိမသွားတော့ဘဲ စစ်တွေမှာပဲ ချပေးလိုက်တယ် ကုန်ကလေ။ အရင်တုန်းကတော့ မောင်တောထိအောင် တက်ရတာပေါ့။ ရှောင်ထားလိုက်တဲ့ သဘောပါပဲ။"

ကုန်စည်ပို့ဆောင်ရေးဟာ ကိုဗစ်ကာလတုန်းက အခက်အခဲတွေရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ ကုန်ပုံမှန်ပြန်တင်ပို့ခွင့်ရလာချိန်မှာ အရင်ကနဲ့စာရင် အဆင်ပြေတဲ့ အကြောင်းလည်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်က ပြောပါတယ်။

" ကျနော် ကားတစီးရှိတယ်ဆိုရင် ဂိတ်ထိုးချလိုက်တယ်။ အနည်းဆုံး ၁၂ ဘီးသမားဆိုရင် တလသုံးကြောင်းဆို အသွားအပြန်နဲ့ ကိုက်တာပဲလေ။ အုံနာတယောက်ကို ၁၅ သိန်း တပတ်လည် ကျန်တာပဲတလကို။ ဒါပေမဲ့ ပြောရမယ်ဆိုရင်တော့ အသွားသိန်း၂၀ ဖိုးလောက် (ကုန်စည်) ပါရင် အပြန်ကျရင် သိန်း၂၀ ဖိုးလောက် မပါနိုင်ဘူးပေါ့။"

လမ်းခရီးမှာ ငွေလက်ခံပြေစာမဖြတ်ပေးတဲ့ဂိတ်ကြေးတွေက ပိုလာတယ်လို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။ တချို့နေရာတွေမှာတော့ လက်နက်ကိုင်ထားတဲ့အဖွဲ့အစည်းတချို့က ငွေကြေးကောက်ခံတာတွေ ရှိတဲ့အကြောင်းလည်း ယာဉ်မောင်းတချို့ကပြောပါတယ်။ အထူးသဖြင့် မန္တလေးနဲ့ ပုဂံညောင်ဦးဘက် သွားလာနေတဲ့နေရာတွေမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေက ငွေကြေးကောက်ခံတာတွေ များလာတယ်လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တချို့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]










XS
SM
MD
LG