သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝမ်ပေါင် ကြေးနီစီမံကိန်းအနီး စစ်တပ်ကလုံခြုံရေးယူပေးနေတာကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေ ရှောင်တိမ်းနေရ


လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ကန့်ကွက်တဲ့ဆန္ဒပြမှုတွေအတွင်း ကုမ္ပဏီလုပ်ငန်းတွေအတွက် လုံခြုံရေးယူပေးထားပုံ။ (ယခင်မှတ်တမ်းဓာတ်ပုံ) 
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ကန့်ကွက်တဲ့ဆန္ဒပြမှုတွေအတွင်း ကုမ္ပဏီလုပ်ငန်းတွေအတွက် လုံခြုံရေးယူပေးထားပုံ။ (ယခင်မှတ်တမ်းဓာတ်ပုံ) 

[[Zawgyi/Unicode]]

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက တရုတ်ဝမ်ပေါင်ကုမ္ပဏီရဲ့သယ်ယူပို့ဆောင်ရေးအတွက် မြန်မာစစ်တပ်က လုံခြုံရေးယူပေးနေရတာကြောင့် မုံရွာ-ပုသိမ် ကားလမ်းဘေးက ကျေးရွာတချို့မှာ ဒေသခံတွေ ထောင်ချီပြီး ရွှေ့ပြောင်းနေရပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ဒီသတင်းကို ကိုဝင်းခန့်မောင်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က တရုတ်အစိုးရပိုင် ဝမ်ပေါင်ကြေးနီတူးဖော်ရေးစက်ရုံကကုန်ကြမ်းတွေကို မုံရွာမြို့ဆီ သယ်ယူတာမှာ မြန်မာစစ်တပ်က လမ်းကြောင်းတလျှောက် လုံခြုံရေးယူပေးနေတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ မနေ့က ဒီဇင်ဘာ ၁၂ ရက်ကစပြီး မုံရွာ-ပုသိမ် လမ်းတလျှောက်ကျေးရွာတွေမှာ စစ်တပ်က ဝင်ရောက်နေရာယူထားလို့ ဂုံးတော၊ ကံကုန်း၊ ဝါးတန်း၊ ဖောင်ကား စတဲ့ကျေးရွာတွေအပါအဝင် ကျေးရွာတချို့က ဒေသခံ ၈,၀၀၀ နီးပါး ရှောင်တိမ်းခဲ့ရကြောင်း ဆားလင်းကြီးမြို့နယ်က ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

"သူတို့ ဝမ်ပေါင်ဆိုက်ကနေ ပစ္စည်းသယ်တာ၊ ကြေးဝါ ကြေးနီသယ်တာကို သူတို့လမ်းကြောင်း စောင့်ရှောက်ပေးတယ် ကြားတယ်။ အဲဒီမုံရွာလမ်းကနေ မုံရွာတံတားဘက်ကို သွားတာပေါ့။ အရေအတွက်ကတော့ ရွာကနည်းနည်း များတယ်ပေါ့ (လူဦးရေ) ၈,၀၀၀ ဝန်းကျင်ပါပဲ။ ဒါပေမဲ့ ရွာမှာ မီးရှို့တာတော့ မနေ့ကတော့ မရှိဘူးဗျ။ လမ်းကြောင်းရှိတော့ သူတို့ဖာသူတို့ သွားတာပဲ။ လက်နက်တွေဘာတွေ ဖောက်တာတော့ ရှိတာပေါ့။ လူတွေ ထိတ်လန့်စေအောင်။ အဲဒီ ပုသိမ်-မုံရွာ လမ်းမပေါ်မှာပဲ လက်ပံတောင်းတောင်အနီးမှာ။ တောင်ပုလေးတတောင် ကွဲနေတယ်ပေါ့။ အဲဒီမှာလည်း သူတို့တပ်စွဲထားတယ်လို့ ကြားတယ်။"

စစ်တပ်ဖြတ်သန်းသွားတာဖြစ်စေ၊ စစ်ကြောင်းတခုရှိရင်ဖြစ်စေ လက်ပံတောင်း ကြေးနီစီမံကိန်း ပတ်ဝန်းကျင် ကျေးရွာတွေကတော့ လုံခြုံတဲ့နေရာတွေဆီ လှည့်ပတ်၊ ရှောင်တိမ်းနေရကြောင်း ဆားလင်းကြီးမြို့နယ်က နောက်ထပ်ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

"သူတို့လာရင်တော့ ကျနော်တို့ကတော့ ရှောင်ရတော့တာပဲလေ၊ မုံရွာ-ပုသိမ်လမ်းလည်း အဲလိုပဲ အခုရောက်နေတယ်လို့ ကြားတယ်၊ ကြားပြီဆိုရင် သေချာပေါက်တော့ ရွာသားတွေကတော့ ဒီရွာရောက်ရင် ဟိုရွာပြေးရတော့တာပေါ့ဗျာ။ ဘယ်လိုမှကို လုံခြုံရေးကောင်းတယ်လို့ ပြောလို့မရသလို မကောင်းဘူးလည်း ပြောလို့မရဘူး သူတို့လာရင် ပြေးရတာပဲ။"

ဝမ်ပေါင်ကုမ္ပဏီအတွက် လုံခြုံရေးယူပေးနေရတဲ့ မြန်မာစစ်တပ်က အနီးအနားက ကျေးရွာတွေကို မီးရှို့ပြီး နယ်မြေရှင်းလင်းတာတွေ လုပ်ခဲ့ဖူးပါတယ်။ ကျေးရွာတွေ မီးရှို့ခံရတာ၊ သတ်ဖြတ်ခံရတာတွေကို တုံ့ပြန်တဲ့အနေနဲ့ စစ်ကိုင်းတိုင်းထဲက လက်နက်ကိုင်တချို့က ဝမ်ပေါင်ကုမ္ပဏီကို သွယ်တန်းထားတဲ့ ဓာတ်အားပေးတာဝါတိုင်ကို ဇွန်လကုန်ပိုင်းမှာ ဖောက်ခွဲပစ်ခဲ့ပါတယ်။

မြန်မာဝမ်ပေါင်ဘက်ကတော့ ၂၀၂၁ ဖေဖော်ဝါရီလကစပြီး ကြေးနီထုတ်လုပ်တာကို ရပ်ဆိုင်းထားတယ်လို့ ဇွန်လ၂၇ ရက်က သတင်းထုတ်ပြန် ထားပါတယ်။ စစ်ကိုင်းတိုင်းက လက်နက်ကိုင် အဖွဲ့တွေကတော့ ကုမ္ပဏီဟာ မြန်မာစစ်တပ်ရဲ့လုံခြုံရေးအကူအညီနဲ့ ကြေးနီစီမံကိန်းကို ဆက်လက် အကောင်အထည် ဖော်နေတယ်လို့ ပြန်ပြီးတုံ့ပြန်ထားပါတယ်။

=================

[[Unicode]]









XS
SM
MD
LG