သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကပ်ဘေးနဲ့ စစ်ဘေးကြောင့် နမ့်ဆန် လက်ဖက်ဈေးကွက် ထိခိုက်  


တာမိုးညဲ လက်ဖက်စိုက်ခင်း။ (ဓာတ်ပုံ- Lil Tamoehnye's Facebook)
တာမိုးညဲ လက်ဖက်စိုက်ခင်း။ (ဓာတ်ပုံ- Lil Tamoehnye's Facebook)

[[Zawgyi/Unicode]]

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့မှာ လက်ဖက်အရောင်း ပုံမှန်ဈေးကွက် ရပ်ထားရတာ ၂ နှစ် လောက်ရှိလာတဲ့အတွက် လက်ဖက်စိုက်တောင်သူတွေ အခက်ကြုံနေရပါတယ်။ လက်ဖက်အဓိက တင်ပို့နေတဲ့ စစ်ကိုင်းတိုင်းဆီ ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးနဲ့ စစ်ရေး အခြေအနေတွေကြောင့် တင်ပို့လို့မရဘဲ ပုံမှန်ဈေးကွက်ကို ရပ်ထားရတာလို့ လက်ဖက်အသင်းက ပြောပါတယ်။ နမ့်ဆန် လက်ဖက်တောင်သူတွေနဲ့ ဈေးကွက်အခြေအနေ သတင်းပေးပို့ချက်ကို အလိမ္မာက တင်ပြပေးထားပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေကြောင့် နမ့်ဆန်က လက်ဖက်စို၊ လက်ဖက်ခြောက်ခွဲတဲ့ စက်ရုံတွေ ရပ်နားထားတာ ၂ နှစ်လောက် ရှိနေပါပြီ။ လက်ဖက်အဓိက စိုက်ပျိုးတဲ့ နမ့်ဆန်ဒေသမှာ လက်ဖက်တွေကို စက်ရုံဆီ တိုက်ရိုက်တင်သွင်းပြီး အဲဒီကနေတဆင့် အစို၊ အခြောက်တွေကို မြန်မာပြည်အနှံ့ တင်ပို့ကြတာပါ။ စစ်ကိုင်းတိုင်းဘက်ကိုတော့ နမ့်ဆန်ဒေသထွက်လက်ဖက်တွေ အဓိကအားထားပြီး တင်ပို့ခဲ့တာလို့ ပလောင်လက်ဖက် စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးဇော်ညွှန့်က ပြောပါတယ်။

"ကိုဗစ်ဖြစ်တော့ အရောင်းအဝယ်လေးတွေ ပါးသွားကြတယ်။ နောက်ပိုင်းကျတော့ နိုင် ငံရေးပြဿနာကြောင့် ကျနော်တို့ပို့တာလည်း စစ်ကိုင်းတိုင်းက အများဆုံးပို့တာလေ။ စစ်ကိုင်းတိုင်းဘက်ခြမ်းကို အများဆုံးပို့တော့ ဒီနိုင်ငံရေးပြဿနာကြောင့်မို့ ကျနော်တို့က ဒီလက်ဖက်တွေကို မထုတ်လုပ်နိုင်တော့ဘူး။ စစ်ကိုင်းအပြင် မြန်မာပြည်အနှံ့တော့ ပို့တယ်။ ပုသိမ်၊ ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ ပို့တယ်။ ဒါပေမယ့် ကျနော်တို့ ဒီစက်ရုံကထွက်တဲ့ လက်ဖက်ကျတော့ စစ်ကိုင်းကိုအများဆုံး တင်ပို့တယ်။"

ကပ်ရောဂါနဲ့ နိုင်ငံရေးပဋိပက္ခတွေ မတိုင်ခင်ကာလတုန်းက စစ်ကိုင်းတိုင်းဆီ တနှစ်ကို နမ့်ဆန်ဒေသထွက်လက်ဖက် အိတ် ၁ ထောင်လောက် ပုံမှန်ရောင်းနိုင်ခဲ့ပါတယ်။ ပုံမှန်ဈေးကွက်ကနေ နိုင်ငံရေးအခြေအနေကြောင့် ဝယ်သူတွေမရှိတော့လို့ စက်ရုံရပ်နားထားရပြီး တောင်သူတွေလည်း အခက်တွေ့နေတယ်လို့ ဦးဇော်ညွှန့်က ပြောပါတယ်။

"တောင်သူတွေကတော့ အများဆုံး နစ်နာဆုံးရှုံးမှု ဖြစ်တာပေါ့။ ခါတိုင်းတုန်းကဆိုရင် ဥပမာ စက်ရုံမှာဆိုရင် သူတို့က သွင်းဖို့လည်းအဆင်ပြေတယ်၊ ပိုက်ဆံအတွက်လည်း မခက်ခဲရဘူးလေ။ ဒီအချိန်မှာကျတော့ တခြားကုန်သည်ဆီ သူကပြန်သွားရတဲ့ အတွက်ကြောင့် ကုန်သည်အသစ်တွေနဲ့ ပြန်ဆုံရတယ်။ နောက်ပြီးတော့ ဈေးကွက်လည်း တဖြေးဖြေးကျလာတာပေါ့။ ဈေးကွက်လည်းနည်းတယ်၊ လိုအပ်သလောက်လည်း ဈေးကမရဘူး။"

လက်ဖက်ဈေးကွက် ပုံမှန်ပြန်လည်ပတ်နိုင်ဖို့က ပြည်ပဈေးကွက်ကိုလည်း ချိတ်ဆက်ရှာဖွေဖို့ လိုအပ်နေပြီလို့ လက်ဖက်အသင်းက ပြောပါတယ်။ လက်ဖက်အဓိကထား စိုက်ပျိုးတဲ့ဒေသမှာ ဈေးကွက် အဆင်မပြေတော့လို့ တောင်သူတွေ ဒုက္ခရောက်နေကြတဲ့အကြောင်း နမ့်ဆန်ဒေသခံ လက်ဖက်စိုက်တောင်သူ တဦးဖြစ်တဲ့ ဦးကျော်သန်းကလည်း VOA ကို ပြောပါတယ်။

"ကျနော်တို့ ယခင်ကတော့ မန္တလေးကနေမှ စစ်ကိုင်းတိုင်း၊ မုံရွာဘက်က လက်ဖက်စိုရော၊ လက်ဖက်ခြောက်ရော အဖြုန်းတော့များတာပေါ့လေ။ အခုလောလောဆယ်ကျတော့ အဲဘက်ကလည်း ဒီနိုင်ငံရေးအခြေအနေကြောင့်၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေကြောင့် ဆိုတော့ အရင်လို မတွင်ကျယ်တော့တာပေါ့လေ။ အခုလောလောဆယ်ကတော့ အဆက်အသွယ်ရှိတဲ့ တပိုင်တနိုင်ပွဲစားလေးတွေကတော့ ကိုယ့်အဆက်အသွယ်နဲ့ကိုယ် ပို့နေကြတာပေါ့လေ။ ဈေးကွက်အနေအထားကတော့ အရောင်းအဝယ် နှေးသွားတာပေါ့လေ။ ဒီမှာရှိတဲ့ စက်ရုံတွေလည်း သိပ်ပြီးတော့ အလုပ်မဖြစ်ဘူးလေ။ ပြီးတော့ တကယ့် တောင်သူတွေမှာ ငွေရေးကြေးရေး ခက်ခဲတော့ အရောင်းအဝယ်က အိပ်နေတာပေါ့လေ။ အိပ်နေပြီးတော့ စားဝတ်နေရေးက ကြပ်တည်းတာပေါ့လေ။"

လက်ဖက်စိုက်တောင်သူတွေ ဈေးကွက်အဆင်မပြေလို့ ဝင်ငွေ ကြပ်တည်းနေချိန်မှာ အခြေခံကုန်ဈေးနှုန်းတက်နေလို့ စားသောက်ရေးလည်း အခက်တွေ့နေရပါတယ်။ အရင်က ဆန်တအိတ်ကို ၃ သောင်းပေးရတာကနေ အခု ၅ သောင်းအထိ ပေးဝယ်နေရပြီး စားသုံးဆီ ဈေးနှုန်းတွေလည်း အရင်ကနဲ့ စာရင် ဈေးအတော် တက်သွားပြီလို့ ပြောပါတယ်။ နမ့်ဆန်ဒေသထွက် လက်ဖက် အဓိကဈေးကွက်ဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာတော့ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး အဖွဲ့တွေရဲ့ လက်နက်ကိုင်ပဋိပက္ခကြောင့် ဒေသတွင်း စစ်ရှောင်သူဦးရေ တစထက်တစ တိုးလာနေသလို ဒေသတွင်း စီးပွားရေး ပုံမှန်လည်ပတ်နိုင်ဖို့ကလည်း ခက်ခဲနေပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]










XS
SM
MD
LG