သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လားရှိုးမှာ အအေးဒဏ်နဲ့ အာဟာရပြတ်ပြီး လူတချို့သေဆုံး


ရှမ်းပြည်နယ်၊ လားရှိုးမြို့ (ယခင်မှတ်တမ်းဓာတ်ပုံ)
ရှမ်းပြည်နယ်၊ လားရှိုးမြို့ (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ပိုင်ရှင်မဲ့အလောင်းနဲ့ အိမ်ခြေမဲ့သေဆုံးသူတချို့ အခုရက်ပိုင်းထဲ ခပ်စိပ်စိပ် တွေ့လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူအများစုဟာ ပြင်ပဒဏ်ရာမရှိကြဘဲ ရာသီဥတု အအေးဒဏ်ကြောင့် အသက်ဆုံးရှုံးကြတာဖြစ်နိုင်တယ်လို့ ပရဟိတ ဆောင်ရွက်ပေးသူတွေက ပြောပါတယ်။ လားရှိုးမြို့တွင်းအခြေအနေ ရန်ကုန်ကသတင်းပေးပို့ချက်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဒီသီတင်းပတ်အတွင်း လမ်းပေါ်မှာ သေဆုံးနေတဲ့ ပိုင်ရှင်မဲ့နဲ့ အိမ်ခြေမဲ့ အလောင်း ၄ လောင်းအထိ တွေ့ထားပါတယ်။ သေဆုံးသူတွေမှာ ပြင်ပဒဏ်ရာ မရှိကြဘဲ အအေးဒဏ်နဲ့ အာဟာရချို့တဲ့ပြီး သေဆုံးကြတာလို့ တွေ့ရတယ်လို့ အလောင်းတွေကို ရင်ခွဲရုံဆီ ပို့ဆောင်ပေးနေတဲ့ လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

"အခု လားရှိုးမြို့မှာက အခြေအနေမဲ့တွေ တော်တော်များတယ်ဗျ။ ရာသီဥတုဒဏ်နဲ့ သူတို့ အာဟာရပြတ် တာနဲ့ စောင်တွေ လုံလုံလောက်လောက် မရှိတာမျိုး အဲလိုအခြေအနေ ရှိတယ်ဗျ။ ရှမ်းပြည်မှာက ကျနော်တို့ ဘက်မှာကျတော့ အအေးလှိုင်းဝင်ပြီလေ။ အအေးလှိုင်းဝင်တော့ မနက်ပိုင်းမှာ တချို့ကျတော့ မိုးမိပြီးမှ ဆုံးတာရှိတယ်။ တချို့ကျတော့လည်း အကြောင်းအမျိုးမျိုးကြောင့် ဆုံးတာလည်း ရှိတယ်ဗျ။ ပြင်ပဒဏ်ရာတွေ ဘာတွေတော့ မရှိဘူးဗျ။"

ဘယ်အရပ်ကနေ ရောက်လာမှန်းမသိသူတွေ မြို့ပေါ်ရပ်ကွက်တွေထဲ သေဆုံးတာလို့ လာရှိုးမြိုခံတွေက ပြောပါတယ်။ ကိုဗစ် 19 ကပ်ရောဂါကြောင့် သေဆုံးတာ ဖြစ်နိုင်သလားဆိုတဲ့ သံသယနဲ့ စိုးရိမ်တာမျိုးတော့ ဒေသခံတွေကြားမှာ သိပ်မရှိတဲ့အကြောင်း လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

"ဆေးရုံမှာတော့ မြင်နေရတာက ရက်ခြားတခါပေါ့။ Positive တယောက်စ နှစ်ယောက်စ အဲလိုမျိုးလေးတွေ တခါတလေ ရှိတာပေါ့။ ဒါပေမယ့် ကိုဗစ်ကပ်ရောဂါကို လတ်တလောက လားရှိုးမှာတော့ ဘယ်သူမှ သိပ်စိတ်မဝင်စား တော့ဘူးလေ။”

လားရှိုးမြို့ပေါ် ရပ်ကွက်တွေမှာ အခုလို ပိုင်ရှင်မဲ့အလောင်း တွေ့လာတာအပြင် အောက်တိုဘာလ ၂၅ ရက် ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းကတော့ လားရှိုးမြို့ရပ်ကွက် ၅ နဲ့ ၇ မှာ ရိုက်နှက်ခံထားရလို့ ဒဏ်ရာရထားတဲ့ အမျိုးသား ၂ ဦးကို လားရှိုးပြည်သူ့ဆေးရုံဆီ ပို့ဆောင်ပေးခဲ့ရတယ်လို့ ကူညီဆောင်ရွက်ခဲ့သူတွေက ပြောပါတယ်။ ဒီလို အခြေအနေတွေနဲ့ပတ်သက်လို့ ဒေသခံတဦးက ခုလိုပြောပါတယ်။

"အဲဒါတွေကတော့ မလိုလားအပ်တဲ့ ပြဿနာတွေပေါ့နော်။ တချို့လည်း လက်လုပ်လက်စား ကုန်ဈေးနှုန်းတွေက နည်းနည်းတက်လာတဲ့အခါကျတော့ တခြားနယ်အရပ်ရပ်ကနေပြီးတော့မှ အခြေအနေမကောင်းလို့ ပြောင်းရွှေ့လာတဲ့လူတွေလေ။ အဲလိုလူတွေလည်း လားရှိုးမှာစုံတယ်။ စုံတဲ့အခါကျတော့ လောင်းကစားဝိုင်းတွေ ပေါတယ်။ ဆိုတော့ ပျက်စီးတာတွေ များတာပေါ့ဗျာ။ လူငယ်တွေ များသောအားဖြင့် တော်တော်များများ ပျက်စီးကြတာပေါ့။ ပျက်စီးတော့ ဒါမျိုး ဒုစရိုက်တွေကတော့ ထွက်လာမှာပဲလေ။ တခါတလေဆိုရင် ညမိုးချုပ်ရင် ဆိုင်ကယ်တွေ တယောက်တည်းသွားလို့ မကောင်းတာတို့၊ လက်ကိုင်ဖုန်းတွေကိုင်သွားရင် ဆွဲလုတာတို့ ဒါမျိုးတွေလည်း ရှိတာပေါ့။"

ဒီသီတင်းပတ်အတွင်း လမ်းပေါ်မှာ သေဆုံးသူတွေကတော့ ရာသီဥတု အအေးဒဏ်နဲ့ အာဟာရ ချို့တဲ့ပြီး သေဆုံးကြတာလို့လည်း ပရဟိတဆောင်ရွက်ပေးသူတွေက VOA ကို ပြောပါတယ်။ သေဆုံးသူတွေနဲ့ ပတ်သက်လို့ ကျန်းမာရေးဌာနကတော့ တရားဝင် ထုတ်ပြန်တာ မရှိသေးပါဘူး။ ကိုဗစ်အတည်ပြုလူနာ စာရင်းနဲ့ပတ်သက်တဲ့ ကျန်းမာရေးဌာနထုတ်ပြန်ချက်မှာတော့ လားရှိုးမြို့မှာ တပတ်တာအတွင်း ရောဂါအတည်ပြုလူနာ ၂၀ ဦး တွေ့ရှိထားပါတယ်။
#လားရှိုး #ပိုင်ရှင်မဲ့အလောင်း #အာဟာရပြတ် #အအေးဒဏ် #အိမ်ခြေမဲ့အလောင်း

==============

[[Unicode]]

လားရှိုးမှာ အအေးဒဏျနဲ့ အာဟာရပွတျပွီး လူတခြို့သဆေုံး









==============

XS
SM
MD
LG