သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လွတ်


ဘားအံအကျဉ်းထောင် ( တင်ထူးဝေ)
ဘားအံအကျဉ်းထောင် ( တင်ထူးဝေ)

[[Zawgyi/Unicode]]

ဒီနေ့ ကရင်ပြည်နယ် ဘားအံမြို့နယ် တောင်ကလေးအကျဉ်းထောင်နဲ့ မြိတ်အကျဉ်းထောင်တွေကနေ လွတ်ရက်စေ့လို့ လွတ်မြောက်လာသူတွေထဲမှာ NLD အစိုးရလက်ထက်က ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ၃ ဦးနဲ့အတူ နိုင်ငံရေးအကျဉ်းသား တချို့ ပါဝင်ပါတယ်။ တပ်မတော်ပြိုကွဲအောင် လှုံ့ဆော်လုပ်ဆောင်မှု၊ လူစုလူဝေးဖြစ်စေမှု၊ အများပြည်သူ တည်ငြိမ် အေးချမ်းမှုပျက်ပြားအောင် လှုံ့ဆော်မှု၊ စတဲ့ အမှုတွေနဲ့ ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပါတယ်။ လွတ်မြောက်လာသူတွေနဲ့ ပတ်သက်
တဲ့ ရန်ကုန်က ပေးပို့တဲ့သတင်းကို မအင်ကြင်းနိုင်က တင်ပြပါမယ်။

ဒီကနေ့မနက်ပိုင်း လွတ်မြောက်လာတဲ့ လွတ်ရက်စေ့ အကျဉ်းသားတွေထဲမှာ NLD အစိုးရလက်ထက်က ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်း (၃) ဦး ဖြစ် တဲ့ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ခွန်မျိုးတင့်၊ လူဝင်မှုကြီးကြပ်ရေး၊ ပြည်သူ့အင်အားဌာနဝန်ကြီး ဦးမင်းကိုခိုင်နဲ့ လူမှုရေးဝန်ကြီး စောဘိုဘိုဝေမောင် တို့လည်း ပါဝင်ပါတယ်။ သူတို့ဟာ အများပြည်သူ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လှုံ့ဆော်လုပ်ဆောင်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ခ နဲ့ ဖမ်းဆီးခံခဲ့ရသူတွေ ဖြစ်တဲ့အကြောင်း သူတို့အမှုကို လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေ ဦး အောင်သိန်းက ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့ ၇ နာရီခွဲမှာလွတ်တယ်။ အဲဒီမှာ ဘိုဘို ဝေမောင်၊ ခွန်မျိုးတင့်၊ ဦးမင်းကိုခိုင် တို့ သူတို့ ၃ ယောက်လွတ်တာပေါ့ နော်။ ၅၀၅ -ခ နဲ့ အဆွဲခံရတာလေ။ ၂ နှစ် ချတယ်။ ချုပ်ရက်နဲ့လွတ်တော့ ၁၈ လကျခံရတာပေါ့။ ဘားအံထောင်ကပါ။ လောလောဆယ် ဒီမနက်လွတ်တာ အခြားသူတော့မသိဘူး၊ ဘားအံဘက်က နိုင် ငံရေးနဲ့ပတ်သတ်တာ အဲ ၃ ယောက်လွတ်တယ်လို့ အန်ကယ့်ကိုပြောပြတာပဲ။”

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်မှာ NLD အစိုးရလက်ထက်က တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေအပြင် ဝန်ကြီးတွေနဲ့ NLD အဖွဲ့ဝင်တွေ အများအပြားကို ဖမ်းဆီးခဲ့ပါတယ်။ အများစုကို တပ်မတော်ပြိုကွဲအောင် စည်းရုံးလှုံ့ဆော်မှု၊ ၅၀၅ ကနဲ့ အများပြည်သူ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လှုံ့ဆော်၊ လုပ်ဆောင်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ခ တို့နဲ့ စစ်ကောင်စီဘက်က တရားစွဲဆိုခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အဖမ်းခံရတဲ့ NLD အဖွဲ့ဝင် ၆၅၀ ကျော် ရှိပြီး ၅၀၀ လောက် အကျဉ်းထောင်ထဲမှာ ကျန်နေသေးတဲ့အကြောင်း NLD တာဝန်ရှိသူတွေ ဒီနှစ်ဆန်းက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ပြန်လည် လွတ်မြောက်လာတဲ့အထဲက ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်တော့ ပါဝင်ခြင်း မရှိပါဘူး။ ဒေါ်နန်းခင်ထွေးမြင့်ကို ရွေးကောက်ပွဲမှာ မဲမသမာမှုဖြစ်အောင် လုပ်ဆောင်တယ်ဆိုတဲ့ အမှု အပါအဝင် အမှုမျိုးစုံနဲ့ ထောင်ဒဏ်နှစ် ၈၀ လောက် ပြစ်ဒဏ်ချမှတ်ခံထားရပါတယ်။

ဒီကနေ့မနက်ပိုင်း မြိတ်အကျဉ်းထောင်မှာလည်း လွတ်ရက်စေ့အကျဉ်းသားတွေထဲ နိုင်ငံရေးပြစ်မှုနဲ့ထောင်ဒဏ် ချခံခဲ့ရသူတချို့ လွတ်ရက်စေ့လို့ လွတ်ခဲ့ပါတယ်။ အကျဉ်းသား ၂၅ ဦးလွတ်တာမှာ နိုင်ငံရေးပုဒ်မနဲ့ အကျဉ်းချခံထားရသူ အမျိုးသား ၁၈ ဦး အမျိုးသမီး ၁ ဦး ပေါင်း ၁၉ ဦး လွှတ်မြောက်လာတယ်လို့ အကျဉ်းသားတွေအရေး ကူညီဆောင်ရွက်ပေးသူတဦးက ဗွီအိုအေကို အတည်ပြုပါတယ်။

“ယောက်ကျားလေး ၁၈ ယောက်က နိုင်ငံရေးအကျဉ်းသား၊ နောက် မိန်းကလေး တယောက်သူလည်း နိုင်ငံရေးအကျဉ်းသားပဲ။ ၁၉ ယောက်အမှုတွဲပေါ့။ ၁၉ ယောက်စလုံး တနေ့တည်း အဖမ်းခံရတယ်။အမှုတခုတည်းနဲ့ ဆွဲခံထိခဲ့တာပါ။ သူတို့ကို ၅၀၅-ကနဲ့ ၁၄၅ တို့နဲ့ဆွဲတယ်။ ထောင် ၂ နှစ်ချခဲ့တယ်။ ဒီနေ့လွတ်တာက စုစုပေါင်း ၂၅ ဦး။ ဒီထဲမှာ ယောက်ကျားလေး ၁၈ ဦးကနိုင်ငံရေး အကျဉ်းသားပါ။ နောက် မိန်းကလေး လွတ်တဲ့ ၄ ယောက်မှာ တယောက်က နိုင်ငံရေးအမှုနဲ့လွတ်တာပေါ့။ ဒီတော့ဒီနေ့ လွတ်တဲ့နိုင်ငံရေးအကျဉ်းသား ၁၉ ယောက်ပါ။”

မြိတ်အကျဉ်းထောင်က လွတ်မြောက်လာသူ အများစုဟာ တပ်မတော်ပြိုကွဲအောင် လှုံ့ဆော်လုပ်ဆောင်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ လူစုလူဝေးဖြစ်စေမှု ပုဒ်မ ၁၄၅ ၊ စတဲ့ အမှုတွေနဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့ရတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ( AAPP) စာရင်းအရ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ကစလို့ ဒီနှစ် ဩဂုတ် ၃၁ ရက်ထိ ဖမ်းဆီးခံခဲ့ရသူ တသောင်းခွဲကျော်ရှိပြီး ပြစ်ဒဏ်စီရင်ခံထားရသူအပါအဝင် လက်ရှိ ထိန်းသိမ်းခံနေရသူ တသောင်း ၂ ထောင် ကျော်ရှိပါတယ်။ ပြန်လည်လွတ်မြောက်လာသူ ၃,၀၇၅ ယောက်ရှိပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်ချုပ်ရေး ဆန့်ကျင် လှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပြီး သေဆုံးသူပေါင်းကတော့ ၂,၂၀၀ ကျော်ရှိပါတယ်။ စစ်ကောင်စီဘက်ကတော့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း ( AAPP) ရဲ့ စာရင်းတွေဟာ ချဲ့ကားထားတယ်ဆိုပြီး ငြင်းဆိုလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]











XS
SM
MD
LG