သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှိုင်သာယာမှာ ဆိုင်ကယ်၊ ဘက်ထရီစက်ဘီးတွေ စီးခွင့်မပြုတော့


စစ်အာဏာသိမ်းပြီးနောက် လှိုင်သာယာမြို့နယ်အတွင်းက တရုတ်ကုမ္ပဏီပိုင်စက်ရုံ မီးလောင်ကျွမ်းနေတာကို ရပ်ကြည့်နေကြတဲ့ ဆိုင်ကယ်စီးသူများ။ (မတ်၊ ၁၄၊ ၂၀၂၁)
စစ်အာဏာသိမ်းပြီးနောက် လှိုင်သာယာမြို့နယ်အတွင်းက တရုတ်ကုမ္ပဏီပိုင်စက်ရုံ မီးလောင်ကျွမ်းနေတာကို ရပ်ကြည့်နေကြတဲ့ ဆိုင်ကယ်စီးသူများ။ (မတ်၊ ၁၄၊ ၂၀၂၁)

[[Zawgyi/Unicode]]

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ ဒီနေ့ ဇွန်လ ၁၇ ရက် သောကြာနေ့ကစပြီး ဆိုင် ကယ်နဲ့ ဘက်ထရီစက်ဘီး စီးနင်းခွင့်မပြုတော့ဘူးလို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက လိုက်လံသတိပေးနေပါတယ်။ ဆိုင်ကယ်နဲ့ ဘက်ထရီစက်ဘီး စီးနင်းတာကို တွေ့ရှိရင်လည်း ဥပဒေအရ အရေးယူသွားမယ်လို့ ကြေညာထားတဲ့အကြောင်း ဒေသခံတွေကပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့ထားတဲ့ သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

လှိုင်သာယာမြို့နယ်ထဲမှာ ဆိုင်ကယ်နဲ့ ဘက်ထရီစက်ဘီးတွေကို လုံးဝစီးနင်းခွင့်မပြုတော့ဘူးလို့ ရပ်ကွက်တချို့က လမ်းပေါ်တွေမှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က လော်စပီကာနဲ့လိုက်အော် သတိပေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒီနေ့ ဇွန်လ ၁၇ ရက်၊ သောကြာနေ့ကစပြီး မစီးရတော့ဘူးလို့ အခုလို သတိပေး လိုက်အော်နေတာပါ။

"၁၇ ရက် ၊ ၆ လ ၊ ၂၀၂၂ ခုနှစ်မှ စတင် ဘက်ထရီစက်ဘီးများ၊ ဆိုင်ကယ်များ လုံးဝစီးနင်းခွင့်မပြုတော့ပါ။ စီးနင်းသည်ကို တွေ့ရှိပါက တည်ဆဲဥပဒေအရ ထိရောက်စွာအရေးယူသွားမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။"

ဆိုင်ကယ်၊ ဘက်ထရီစက်ဘီး စီးတဲ့သူတွေ့ရှိရင် ဥပဒေအရ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ နီးစပ်ရာ သတိပေးမှုတွေ ရှိနေတယ်လို့လည်း နောက်မြို့ခံတယောက်က ပြောပါတယ်။

"ကျနော်တို့ရပ်ကွက်ကျတော့ လိုက်မအော်ဘူး။ အုပ်ချုပ်ရေးပိုင်းက သူတို့နဲ့ ရင်းနှီးတဲ့သူ၊ ပတ်သက်တဲ့သူတွေကို ဖုန်းဆက်ပြီးတော့ သတိပေးတာပေါ့နော်။ ရင်းနှီးတဲ့သူတွေကို ဖုန်းဆက်ပြီးတော့ ကိုယ်နဲ့သိတဲ့လူတွေကို လက်လှမ်းမီသလောက် လိုက်ပြောလိုက်ပါပေါ့။ မနက်ဖြန်ကနေ စပြီးတော့ ဆိုင်ကယ်တွေကို ထိထိရောက်ရောက်ပေါ့နော် ဘယ်သူ့မျက်နှာမှ မထောက်ဘဲနဲ့ အကုန်လုံးကိုဖမ်းမယ်ဆိုတာကို လိုက်ပြောတယ်။ ဝန်ထမ်းတွေတောင်မှ မရဘူးပေါ့၊ အဲလိုမျိုး။"

ဆိုင်ကယ်နဲ့ ဘက်ထရီစက်ဘီးကို ဘာကြောင့်စီးနင်းခွင့် မပြုသလဲဆိုတာကိုတော့ ဒေသခံတွေအနေနဲ့ ရှင်းရှင်းလင်းလင်း မသိကြပါဘူး။ လှိုင်သာယာမြို့နယ်တွင်းက စက်ရုံလုပ်သားနဲ့ အဆောင်နေသူတွေ၊ အခြေခံလူတန်းစား အများစုရှိတဲ့ နေရာတွေမှာ ဆိုင်ကယ်၊ စက်ဘီးနဲ့ သုံးဘီးအငှားဘေးတွဲတွေကိုသာ အဓိကအားထားပြီး သွားလာနေရတာပါ။ အခုလို စီးနင်းခွင့်မပြုတာ ရုတ်တရက်ကန့်သတ်လိုက်လို့ အခက်တွေ့နေသူတွေလည်း ရှိနေပါတယ်။ အရေးယူခံရမယ်လို့ သတိပေးထားပေမယ့်လည်း သွားလာရေးအခက်အခဲကြောင့် အာဏာပိုင်တွေကို ရှောင်တိမ်းပြီး သွားနေရတဲ့အခြေအနေကို ဒေသခံတဦးက အခုလိုပြောပါတယ်။

"အသွားအလာကတော့ ဆိုင်ကယ်နဲ့သွားလို့ရမှဖြစ်တဲ့ အလုပ်သမားတွေကျတော့လည်း ဒီလိုပဲ ကွေ့ရှောင်ပတ်ပြီးတော့ သွားနေရတာ။ ဒီနေ့မနက်ပိုင်းမှာတော့ အဖမ်းအစီး စတာတွေတော့ မတွေ့သေးဘူး။ ညနေပိုင်းတော့ ဘယ်လိုလာမလဲတော့ မသိဘူး။"

ရပ်ကွက်ထဲက လမ်းပေါ်တွေမှာ ဆိုင်ကယ်၊ ဘက်ထရီစက်ဘီး စီးနင်းသူ ပုံမှန်ထက်စာရင် ဒီနေ့မှာတော့ နည်းသွားတယ်လို့ ပြောပါတယ်။ ဆိုင်ကယ်ကို သုံးဘီးတွဲထားတဲ့ အငှားယာဉ်လေးတွေလည်း သူတို့ဂိတ်တွေမှာ သိပ်မရှိဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

"ဒီနေ့ကတော့ သွားတော့သွားနေကြတာပဲ။ နည်းတော့ နည်းသွားတယ်။ သိပ်တော့မသွားကြတော့ဘူး ခင်ဗျ။ နည်းနည်းတော့ရှိသေးတယ်။ သုံးဘီးအငှား ဘေးတွဲလေးတွေကတော့ အရင်ကလောက် မဆွဲကြတော့ဘူး။ နည်းတော့နည်းသွားတယ်။"

စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ နယ်မြေအေးချမ်းသာယာရေးအတွက်ဆိုပြီး လှိုင်သာယာမြို့နယ်ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ကစပြီး သတ်မှတ်ခဲ့တာပါ။ စစ်အုပ်ချုပ်ရေး သတ်မှတ်ထားတဲ့ လှိုင်သာယာမြို့နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူနေအိမ်နဲ့ အဆောင်တွေကို ညဘက်အချိန်တွေမှာပါ စစ်ဆေးရှာဖွေတာတွေ ရှိနေသလို၊ တဘက်မှာလည်း ကျူးလွန်သူမပေါ်တဲ့ ခိုးဆိုးလုနှိုက်တာတွေကလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]












===============

XS
SM
MD
LG