သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို ကွပ်မျက်တဲ့ရက် အတိအကျ စစ်ကောင်စီ ဖြေဆိုခြင်းမရှိ


NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် (ဝဲ)နှင့် ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကျော်မင်းယု (ခေါ်) ဦးဂျင်မီ (ယာ)
NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် (ဝဲ)နှင့် ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကျော်မင်းယု (ခေါ်) ဦးဂျင်မီ (ယာ)


[[Zawgyi/Unicode]]

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့ကို ပြစ်ဒဏ်စီရင်လိုက်တာ အမှန်ဖြစ်တယ်လို့ အင်းစိန်ထောင်ကိုရောက်နေတဲ့ မိသားစုဝင်တွေကို ထောင်အာဏာပိုင်တွေက အတည်ပြု ပြောဆိုပေမယ့် ဘယ်နေ့၊ ဘယ်ရက်မှာ သေဒဏ်ပေးလိုက်တာဆိုတဲ့ရက် အတိအကျကို ထောင်တာဝန်ရှိသူတွေဘက်က ဖြေဆိုဖို့ ငြင်းခဲ့တယ်လို့ ဆိုပါတယ်။ ကြိုးမိန့်ပေးခံရမယ့်သူတွေရော၊ မိသားစုဝင်တွေကိုပါ ကြိုတင် အသိပေးခြင်းမရှိဘဲ အခုလို စီရင်လိုက်တဲ့အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သလို ဥပဒေပညာရှင်တွေကလည်း ဒါဟာ မတရားစီရင်မှု ဖြစ်တယ်လို့ထောက်ပြ နေကြပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကိုတော့ အလိမ္မာက တင်ပြပေးထားပါတယ်။

လူသိများထင်ရှားတဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူနှစ်ဦးဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကျော်မင်းယု (ခ) ဦးဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျသော်အပါအဝင် အရပ်သား ၂ ဦးဖြစ်တဲ့ ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော်တို့ ၄ ယောက်ကို ကြိုးမိန့်ပြစ်ဒဏ်ပေးခဲ့တယ်လို့ စစ်ကောင်စီဘက်က ဇူလိုင် ၂၅ ရက်နေ့ထုတ် သတင်းစာတွေမှာ ဖော်ပြခဲ့တာပါ။

သက်ဆိုင်ရာ မိသားစုဘက်ကတေ့ာ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်နောက်မှာ ဒီဖြစ် စဉ်ကို သိရှိနိုင်ရေးအတွက် ထောင်ထဲအထိ ဝင်ရောက်ပြီး ဓလေ့ ထုံးတမ်းအတိုင်း လုပ်ဆောင်ပေးနိုင်ဖို့ မေးမြန်းစုံစမ်းတာမှာ ဘယ်နေ့မှာ ပြစ်ဒဏ်စီရင်ခဲ့တယ်ဆိုတာ အပါအဝင် စီရင်မှုကို ရှင်းရှင်းလင်းလင်း မပြောခဲ့ဘူးလို့ ဦးဇေယျာသော်ရဲ့ မိခင်က ဗွီအိုအေကို ပြောပြပါတယ်။

“နောက်ဆုံးအခြေအနေကတော့ စီရင်ချက်ချလိုက်တယ်ဆိုတာ confirm ဖြစ်သွားတာပေါ့ သမီးရယ်။ ဘယ်နေ့ဆိုတာ စနေ၊ တနင်္ဂနွေ နှစ်ရက်မှာ တရက်ရက်ပဲ-တဲ့။ စနေလား၊ တနင်္ဂနွေလားဆိုတာတော့ သူတို့အတိအကျမပြောနိုင်ဘူး-တဲ့။ အဲဒီလို ပြောလိုက်တယ်။ အဲဒီတော့ အမေက ရက်လည်တွေ၊ ဘာတွေအတွက်ဆိုတော့ အဲဒီ နှစ်ရက်ကို မှန်းလုပ်လိုက်ပေါ့-တဲ့။ အဲလိုပြောတယ်။ တကယ်လို့ လုပ်မယ်ဆိုရင်တောင်မှ ကြိုတင်ပြီးတော့ ဘယ်နေ့၊ ဘယ်အချိန်အခါမှာ လုပ်မယ်ဆိုတာကို ပြောသင့်တယ်လို့၊ ဟုတ်တယ်မို့လား။ အဲဒါမှ ကျမတို့က ကြိုတင်ပြီးတော့ သရဏဂုံတင်ပေးရမှာလို့၊ ဟုတ်တယ်မို့လား။ အန်တီလည်း body လေး၊ သို့မဟုတ် တခုခုလိုချင်တယ်ဆိုတော့လည်း မပေးနိုင်ပါဘူး တဲ့။ ထုံးစံမရှိပါဘူး တဲ့။ အဲလို ပြောပါတယ်။ အမေကတော့ ဘာမှ မပြောတော့ပါဘူး။ သူ့ရဲ့ကံကြမ္မာပေါ့လေ။ ဒီလိုဖြစ်ဖို့ ဒီလိုအချိန်၊ ဒီလိုအခါမှာ ဒီလိုဖြစ်ဖို့ကံဇာတာပါလာလို့ပဲဖြစ်တယ်ပေါ့နော်။ အမေ အဲလိုပဲ ခံယူလိုက်ပါတော့တယ် သမီးရယ်။ သိတယ်မို့လား။”

ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်က ဦးဖြိုးဇေယျာသော်နဲ့ သူ့မိခင်တို့ မိနစ် ၂၀ လောက် အွန်လိုင်းကနေ တွေ့ဆုံခွင့်ပေးချိန်မှာ ကာယကံရှင်ကော မိသားစုဝင်တွေပါ ရက်ပိုင်းအတွင်း ကြိုးမိန့်ပေးခံရမယ်ဆိုတာကို မသိရှိခဲ့သလို ကြိုးမိန့်ပေးချိန်ကိုလည်း အကြောင်းကြားပေးခဲ့တာ မရှိဘူးလို့ မိခင်ဖြစ်သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်က သူတို့အပေါ် ချမှတ်ထားတဲ့ သေဒဏ်အမိန့်ကို အကောင် အထည် ဖော်တော့မယ်လို့ စစ်ကောင်စီ ပြောခွင့်ရက ပြောခဲ့ပြီးတဲ့နောက်ပိုင်း တလနီးပါးအကြာ မိသားစုနဲ့ တွေ့ခွင့်ပေးပြီးတဲ့နောက်မှာ စီရင်ချက်ချခဲ့တယ်ဆိုတဲ့ ဒီ ကြေညာချက် ထွက်လာတာပါ။

အဖြစ်မှန်ကို ခုချိန်ထိ အတိအကျ မသိရသေးတာမို့ မြန်မာ့ဓလေ့ထုံးတမ်းအရ ဆောင်ရွက်စရာရှိတာတွေကို မဆောင်ရွက်နိုင်သေးပါဘူး။

ကိုဂျင်မီရဲ့မိသားစုဝင်တဦးကတော့ စစ်ကောင်စီဘက်က တိတိကျကျဘာမှ မဖြေတဲ့အတွက် မိသားစုအနေနဲ့ အတည်မပြုသေးဘဲ နာရေးဈာပနနဲ့ သက်ပျောက်တရားနာတာတွေ ဘာတခုမှလုပ်ဖို့ မစဉ်းစားသေးဘူးလို့ ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ် သိရှိနိုင်အောင် တရားဝင် စာရေးသားမေးမြန်းဖို့ စီစဉ် သွားမယ်လို့ အဲဒီ မိသားစုဝင်က ပြောပါတယ်။

လက်နက်ပစ္စည်းတွေနဲ့ အတူသိမ်းဆည်းရမိတယ်၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီက အကြမ်းဖက်မှုဥပဒေပုဒ်မတွေဖြစ်တဲ့ ၄၉(က)၊ ၅၀(ဈ)၊ ၅၀(ည) စတဲ့ ပုဒ်မတွေနဲ့ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို စစ်ခုံရုံးတင် စစ်ဆေးပြီး ဇန်နဝါရီလ ၂၁ ရက်က သေဒဏ်အမိန့်တွေ ချမှတ် ခဲ့တာဖြစ်ပါတယ်။

ကြိုးမိန့်ပေးခံရမယ့်သူကော မိသားစုဝင်တွေကိုပါ ဘာတခုမှ ကြိုတင် ပြောဆိုတာမရှိဘဲ ကြိုးမိန့်ပေးခဲ့တဲ့အပေါ် အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ တက်ကြွလှုပ်ရှားသူတွေဘက်က ပြင်းပြင်း ထန်ထန် ဝေဖန်မှုတွေရှိပါတယ်။

အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body - GSCB)က ပြန်ကြားရေးတာဝန်ခံတဦးဖြစ်တဲ့ ဒေါက်တာလွှမ်းဝေကတော့ စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှု တခုအဖြစ် မှတ်ယူတယ်လို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။

“လက်ရှိ လုပ်သွားတဲ့လုပ်ရပ်ဆိုတာသည် နိုင်ငံတော်ကို အကြမ်းဖက်အာဏာသိမ်းထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းက အကြမ်းဖက်သတ်ဖြတ်မှုတခုသာ ဖြစ်တယ်။ ဒီအတွက်ကြောင့်လည်း သူတို့ရဲ့ရမ်းကားတဲ့အပြုအမူအောက်မှာ ဘယ်ဥပဒေနဲ့မှ ညီညွတ်နေမှာမဟုတ်ဘူးလို့ပဲကျနော်တို့က ရှုမြင်သုံးသပ်ပါတယ်။

သေဒဏ်ကျခံသူတွေနဲ့ပတ်သက်လို့ အဆင့်ဆင့်လုပ်ကိုင်ရတဲ့ လုပ်နည်းလုပ်ဟန်တွေရှိပြီး သေဒဏ်ကျခံရသူတွေမှာ ခံစားခွင့်တွေ အဆင့်ဆင့်ရှိပါတယ်။ သိရသလောက် သေဒဏ်ကျခံသူတွေနဲ့ပတ်သက်လို့ သေဒဏ်ပေးမယ့်နေ့ကို အသိပေးရတာ၊ မိသားစုတွေနဲ့ အေးဆေးစွာ တွေ့ခွင့်ပေးတာ၊ နောက်ပြီး သက်ဆိုင်ရာ ဘာသာရေးအဆုံးအမတွေနဲ့အညီ ဘာသာရေးဆရာတွေရဲ့ တွေ့ဆုံခွင့်ပေးရတာ၊ သေဒဏ်ပေးမယ့် နေ့မတိုင်ခင်ထိ စိတ်ကြိုက်စားသောက်ခွင့်ပေးရတာ စတာတွေကို လုပ်ဆောင်ခွင့်ပေးရမှာ ဖြစ်ပေမယ့် အဲဒီ အဆင့်တွေကို ပေးတာမရှိဘဲ လုပ်ကိုင်သွားတာဟာ မတရားစီရင်မှု ဖြစ်တယ်လို့ ဥပဒေပညာရှင်တွေက ထောက်ပြကြပါတယ်။

“မိုက်ရိုင်းယုတ်မာတယ်၊ မိုက်ရိုင်းယုတ်မာတယ်။ တခုမှ ဥပဒေနဲ့မညီဘူးလေ။ စလာကတည်းက “ကကြီး”ဆိုကတည်းက သူတို့လုပ်ထားတဲ့ဥပဒေနဲ့ကို မညီဘဲနဲ့ အာဏာသိမ်းတာ။ ၂၀၀၈ မှာ အာဏာသိမ်းဖို့၊ အရေးပေါ်အခြေအနေကြေညာ....အာဏာသိမ်းခြင်း...ပေးမထားဘူးဗျ။ အဲဒီအစမှားရင် ကျန်တာတွေအကုန်လုံး မှားပြီပေါ့။ ဘာမှ ပြောမနေပါနဲ့။ ဘာမှ မရှိဘူး။ ဒီ အကျဉ်းသားတွေရဲ့ကြိုးသမားတွေရဲ့အခွင့်အရေး တခုမှမရဘူး။ ထောင်ဝင်စာလည်း တွေ့ရမှာပေါ့။ ကြိုးသမားတွေလည်း ထောင်ဝင်စာတွေ့ခွင့်ရှိတယ်လေ။ မိသားစုတွေနဲ့ တွေ့ခွင့်မရှိဘူး။ အခု နောက်ဆုံးအကြိမ်ပေးတွေ့တာတောင်မှ ဗွီဒီယို ကွန်ဖရင့်နဲ့ဆိုတော့ လွန်နေ...ကုန်နေပြီ။ ဘာမှ ပြောစရာစကားမရှိတော့ဘူး။”

ဦးဖြိုးဇေယျာသော်နဲ့ ဦးဂျင်မီတို့ ဖမ်းဆီးခံရပြီးကတည်းက စစ်ခုံရုံးမှာ သူတို့ကိုယ် စား ဥပဒေကြောင်းအရ ရှေ့နေခေါ်ခွင့်မရှိခဲ့သလို လွတ်လပ်စွာ ခုခံချေပခွင့်လည်း မရှိခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ သေဒဏ်စီရင်ချက်ကို ကြိုးမိန့်ပေးစီရင်တာ ၁၉၈၉ ခုနှစ် မတ်လတုန်းက နောက်ဆုံးဖြစ်တယ်လို့ သိရတဲ့အတွက် ဒါဟာ နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် စီရင်တာလည်း ဖြစ်ပါတယ်။

နိုင်ငံရေးအတိုက်အခံတွေကို ကြိုးပေးကွပ်မျက်ခဲ့တာကတော့ ၁၉၇၆ ခုနှစ်တုန်းက ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးနဲ့ ၁၉၇၇ ခုနှစ်မှာ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ကို သေဒဏ်ကွပ်မျက်တာ နောက်ဆုံးဖြစ်ပါတယ်။ နောက်ပိုင်း သေဒဏ်ကြိုးမိန့်ပေးခံရသူတွေကိုတော့ ကွပ်မျက်စီရင်တာမရှိဘဲ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေအဖြစ် ပြောင်းလဲ လျော့ပေါ့ပေးခဲ့ပါတယ်။

AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်တဲ့စာရင်းအရ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၇၆ ယောက် သေဒဏ်ချမှတ်ထားရပြီး သေဒဏ်အမိန့်ကို ရှောင်တိမ်းနေသူ ၄၁ ဦးရှိတာကြောင့် မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ စုစုပေါင်း သေဒဏ် အမိန့် ချမှတ်ခံထားရသူ နိုင်ငံရေးအကျဉ်းသား ၁၁၇ ဦး ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

================


[[Unicode]]




















XS
SM
MD
LG