သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

3D ရုပ်လုံးကြွပုံထုတ်စက်နဲ့ထုတ်လုပ်တဲ့ ပထမဆုံးဒုံးပျံ လွှတ်တင်ဖို့ပြင်  


{{Zawgyi/Unicode}}

ကမ္ဘာ့အကြီးဆုံး 3D Printer ရုပ်လုံးကြွ ပုံထုတ်စက်နဲ့ ဖန်တီးထုတ်လုပ်ထားတဲ့ ရော့ကက်ဒုံးပျံကို ဖလော်ရီဒါပြည်နယ် ဒုံးပျံလွှတ်တင်တဲ့စခန်းကနေ ပစ်လွှတ်ဖို့ စီစဉ်နေပါတယ်။ ဒီဒုံးပျံကိုဖန်တီးတဲ့ ကယ်လီဖိုးနီးယားအခြေစိုက် Relativity Space ကုမ္ပဏီကတော့ ဒါဟာ အာကာသစူးစမ်းရေး ခေတ်သစ်အတွက် ခြေလှမ်းတရပ်ဖြစ်လာမယ်လို့ မျှော်လင့်နေတဲ့အကြောင်း ဒီတပတ်သိပ္ပံနဲ့ နည်းပညာကဏ္ဍ မှာ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

3D ရုပ်လုံးကြွပုံထုတ်စက်ကိုအသုံးချဖို့ ကြိုးစားနေကြတဲ့ အာကာသစူးစမ်းရေး ကုမ္ပဏီတွေထဲမှာ အမေရိကန်ကုမ္ပဏီတခုဖြစ်တဲ့ Relativity Space ကုမ္ပဏီက ဒုံးပျံထုတ်လုပ်နိုင်တဲ့အထိ အောင်အောင်မြင်မြင် အသုံးချ လာနိုင်တာဖြစ်ပြီး သူတို့ရဲ့ဒုံးပျံကို အာကာသထဲကိုပါလွှတ်တင်ဖို့ ကြိုးစားလာပါတယ်။

ဖလော်ရီဒါပြည်နယ် Canaveral အငူမှာရှိတဲ့ ဒုံးပျံလွှတ်တင်တဲ့စခန်းကနေ ပထမဆုံး 3D ရုပ်လုံးကြွပုံထုတ်စက်ကိုသုံးပြီး ထုတ်လုပ်ထားတဲ့ ရော့ကက်ဒုံးပျံကို မတ်လ ၈ ရက် ဗုဒ္ဓဟူးနေ့က လွှတ်တင်ဖို့စီစဉ်ထားပေမယ့် သတ်မှတ်ချိန်အတွင်း မလွှတ်တင်နိုင်ခဲ့ဘဲ အစီအစဉ်ဖျက်သိမ်းခဲ့ရပါတယ်။ ဒီဒုံးပျံကိုလွှတ်တင်ဖို့ နောက်ရက်အနည်းငယ်အတွင်းမှာ ပြန်ကြိုးစားဖို့ရှိတယ်လို့ Relativity Space ကုမ္ပဏီ အမှုဆောင်အရာရှိ Tim Ellis က သူ့တွစ်တာကနေ ပြောပါတယ်။

သူတို့ရဲ့ဒုံးပျံကို Terran 1 လို့ နာမည်ပေးထားပါတယ်။ ဒီဒုံးပျံကို အောင်အောင်မြင်မြင်လွှတ်တင်နိုင်ခဲ့ရင်တော့ ဒါဟာ 3D ရုပ်လုံးကြွပုံထုတ်စက်နဲ့ ထုတ်လုပ်ထားတဲ့ဒုံးပျံ အာကာသထဲကို ပထမဆုံးသွားရောက်တာဖြစ်ပြီး အာကာသ စူးစမ်းရေးနယ်ပယ်အတွက် ခေတ်သစ်ခြေလှမ်းဖြစ်လာမှာပါ။

Relativity Space ကုမ္ပဏီကို ၂၀၁၅ မှာ Tim Ellis နဲ့ Jordan Noone တို့က တည်ထောင်ခဲ့တာပါ။ သူတို့ဟာ ဒုံးပျံအတွက်ဒီဇိုင်းဆွဲတာကစပြီး အစစ ကိုယ်တိုင်ဖန်တီးယူခဲ့တာလို့ ကုမ္ပဏီအကြီးအကဲ Tim Ellis က ပြောပါတယ်။

“ ကျနော်တို့မှာ ကိုယ်ပိုင်အဖွဲ့ကလေး ရှိပါတယ်။ ဒီအဖွဲ့ကပဲ ဒီရော့ကက် ဒီဇိုင်းကို ဗလာစာရွက်လေးတရွက် ပေါ်မှာဆွဲခဲ့သလို ကိုယ့် ရော့ကက်ဒုံးပျံ အင်ဂျင်တွေကိုလည်း ကိုယ်တိုင်ပဲတည်ဆောက်တာပါ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထုတ်တဲ့ အလျူမီနီယံသတ္တုစပ်တွေနဲ့ ကမ္ဘာ့အကြီးဆုံး - သတ္တု 3D ပုံနှိပ်စက်တွေအတွက် ကိုယ့် စက်ရုံကိုလည်း ကိုယ်တိုင်ပဲတည်ဆောက်ခဲ့တာပါ။ ဒီရော့ကက်ကို NASA ရဲ့ Stennis အာကာသစူးစမ်းရေးဌာနမှာရှိတဲ့ ကျနော်တို့ရဲ့စမ်းသပ်ဌာနမှာ အကြိမ်ကြိမ်စမ်းသပ်ခဲ့ပါတယ်။ ဒီရော့ကက်ဒုံးပျံကို ဖလော်ရီဒါက Canaveral အငူကနေ ပစ်လွှတ်ဖို့ ဖြစ်ပါတယ်။”

ဒီ ရော့ကက်ဒုံးပျံအမြင့်က ပေ ၁၁၀ ရှိပါတယ်။ ပုဂ္ဂလိက အာကာသစူးစမ်းရေးကုမ္ပဏီတွေက ထုတ်လုပ်တဲ့ Atlas နဲ့ Falcon 9 ရော့ကက်တွေလောက်တော့ မကြီးပါဘူး။ ဒါပေမယ့် သူတို့ဟာ ဒီ ရော့ကက်ရဲ့ ၈၅ % လောက်ကို 3D ရုပ်လုံးကြွပုံထုတ်စက်နဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

"ဒါဟာ 3D ပုံနှိပ်စက်နဲ့ထုတ်တဲ့ ကမ္ဘာ့ပထမဆုံး ရော့ကက်ဖြစ်ပါတယ်။ ဒီရော့ကက်က အစိတ်အပိုင်းအများစုဟာ ၃ ဘက်မြင်ရုပ်ကြွ- ပုံနှိပ်စက် - ပုံထုတ်စက်ကို သုံးပြီး ထုတ်ထားတာပါ။ ဒါမျိုး တခါမှ မထုတ်ကြသေးပါဘူး။ ဒါက 3D ပုံထုတ်စက်နဲ့ထုတ်ထားတဲ့ ကမ္ဘာ့အကြီးဆုံးပစ္စည်းလို့ ပြောလို့ရပါတယ်။ ဒါဟာ 3D ပုံထုတ်စက် နည်းပညာကို ဘယ်လို သုံးနိုင်တယ်ဆိုတာကို ပြသတာလည်း ဖြစ်ပါတယ်။”

Terran 1 ရော့ကက်ဟာ အရွယ်အစားသေးငယ်ပေမယ့် ကမ္ဘာပတ်လမ်းထဲကို အလေးချိန် ပေါင် ၄,၄၀၀ သယ်သွားနိုင်စွမ်းရှိတယ်လို့လည်း Tim က ပြောပါတယ်။ သူတို့ရော့ကက်မှာ နောက် ထူးခြားချက်တခုက လောင်စာဆီဖြစ်ပါတယ်။ “methalox ” လို့ခေါ်တဲ့ အောက်ဆီဂျင်အရည်ကို သန့်စင်ထားတဲ့သဘာဝဓါတ်ငွေ့အရည်နဲ့ ပေါင်းစပ်တီထွင်ထားတာ ဖြစ်ပါတယ်။

“ဒီရော့ကက်မှာသုံးထားတဲ့ နောက် နည်းပညာသစ်တခုကလည်း ဒုံးပျံလောင်စာအဖြစ် အောက်ဆီဂျင်အရည်နဲ့ မီသိန်းအရည်တွေကို ပထမဆုံးသုံးထားတာပါ။ ဒါဟာ နောင်မှာ ပြန်ပြန်ပြီးသုံးလို့ရတဲ့ ရော့ကက်တွေထုတ်ရင် သုံးနိုင်တဲ့လောင်စာရည် ဖြစ်ပါတယ်။”

ကယ်လီဖိုးနီးယားပြည်နယ် Long Beach အခြေစိုက် အာကာသကုမ္ပဏီငယ်ကလေးကတော့ သူတို့ရဲ့ ဒီ တီထွင်မှုကနေ အာကာသဆိုင်ရာ စက်မှုလုပ်ငန်းအခန်းကဏ္ဍအတွက် တိုးတက်တဲ့အပြောင်းအလဲတွေပေါ်လာဖို့လည်း မျှော်လင့်နေတာပါ။

ဒီ လောင်စာဆီကိုသုံးမယ့် သူတို့ရဲ့ Aeon အင်ဂျင်တွေကိုလည်း 3D ရုပ်လုံးကြွပုံထုတ်စက်နဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒီရော့ကက်အတွက် ပထမအဆင့်မှာ အင်ဂျင် ၉ လုံးအားကိုသုံးပြီး ဒုတိယအဆင့်မှာတော့ အင်ဂျင်တလုံးကိုပဲ သုံးဖို့စီစဉ်ထားတာပါ။

သူတို့တီထွင်ဖန်တီးထားတဲ့ Terran 1 ရော့ကက်ကို ပထမဆုံးလွှတ်တင်ရာမှာ သူနဲ့အတူ ဂြိုဟ်တုဖြစ်စေ၊ တခြား အာကာသထဲလွှတ်တင်မယ့်ပစ္စည်းတွေကိုဖြစ်စေ သယ်ခိုင်းဖို့ စီစဉ်မထားပါဘူး။ အခုလို လွှတ်တင်တာဟာ 3D ပုံထုတ်စက်နဲ့ ထုတ်လုပ်ထားတဲ့ရော့ကက်ကို နမူနာအဖြစ် လွှတ်တင်တာဖြစ်ကြောင်း Relativity က ကြေညာထားတာပါ။

အခုလို ပထမဆုံး စမ်းသပ်ပစ်လွှတ်မယ့် ဒီရော့ကက်နဲ့အတူ သူတို့တန်ဖိုးအထားဆုံးပစ္စည်းကိုတော့ ထည့်ပေးလိုက်ဖို့ ရှိတယ်လို့ Tim က ပြောပါတယ်။

”ပထမဆုံးလွှတ်တင်မယ့်ပစ္စည်းကတော့ ကျနော်တို့ရဲ့ 3D ပုံထုတ်စက်နဲ့ ပထမဆုံးစမ်းထုတ်ထားတဲ့အပိုင်းပါ။ လွန်ခဲ့တဲ့ ၇ နှစ်တုန်းက ဒီကုမ္ပဏီကို ကျနော်တို့ စတည်ထောင်တော့ 3D ပုံထုတ်စက်နဲ့ ပထမဆုံးအကြိမ် စမ်းထုတ်ထားတဲ့အပိုင်းလေးကို ကျနော်တို့ သိမ်းထားတာပါ။ အဲဒီတုန်းက ဘယ်သူမှမလုပ်ကြသေးဘူးလေ။ ကျနော်တို့ စထုတ်တာလည်း သိပ်မအောင်မြင်ခဲ့ဘူး။ ဒီတော့ ဒါက ပုံသိပ်မကျဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ ၇ နှစ်တုန်းကထုတ်နိုင်ခဲ့တဲ့ ဒီပစ္စည်းကလေးကပဲ ထောင်နဲ့ချီတဲ့စိန်ခေါ်မှုတွေကို ကျနော်တို့ ကျော်လွှားနိုင်အောင် ဘယ်လိုလုပ်ခဲ့တယ်ဆိုတာကိုပြတဲ့ အမှတ်အသားတခုဖြစ်နေတာပါ။ ဒါကြောင့် နောက်ဆုံးမှာ အခုလို အာကာသထဲ ရော့ကက်လွှတ်တင်ဖို့ 3D ပုံထုတ်စက်နည်းပညာကိုထွင်နိုင်ခဲ့တဲ့ အထိမ်းအမှတ်ဖြစ်တဲ့ သူ့ကို အရင်ဆုံး လွှတ်တင်မှာဖြစ်ပါတယ်။”

ဒီရော့ကက်ရဲ့ ပထမဆုံးစမ်းသပ်လွှတ်တင်တဲ့ခရီးစဉ်အတွက် ကုမ္ပဏီ အကြီးအကဲ Ellis ရဲ့ မျှော်မှန်းချက်ကတော့ ဒါကို လွှတ်တင်ပြီးပြီးချင်း စက္ကန့် ၈၀ လောက်အတွင်းမှာပဲ aerodynamic pressure လို့ ခေါ်တဲ့ လေခွင်းအား အမြင့်ဆုံးဖြစ်လာစေဖို့ဖြစ်ပြီး ဒီလိုဖြစ်လာမယ်ဆိုရင် သူတို့ကုမ္ပဏီရဲ့နည်းပညာကနေ အဓိက အပြောင်းအလဲလုပ်ပေးနိုင်တယ်ဆိုတာကို ပြသနိုင်မယ်လို့ ပြောပါတယ်။

သူတို့ကုမ္ပဏီအနေနဲ့ အာကာသထဲ ကမ္ဘာပတ်လမ်းထဲလွှတ်တင်မယ့် ရော့ကက်တွေထုတ်လုပ်ရာမှာ သမရိုးကျ နည်းလမ်းတွေထက် ပိုပြီး မြန်မြန်ဆန်ဆန်ထုတ်နိုင်အောင်လည်း ကြိုးစားနေတာဖြစ်ပြီး ရော့ကက်မှာသုံးရမယ့် ထောင်နဲ့ချီတဲ့အစိတ်အပိုင်းတွေကိုထုတ်လုပ်ဖို့ ကွန်ပြူတာဆော့ဖ်ဝဲကို သုံးပါတယ်။ ဒီ အစိတ်အပိုင်းတွေနဲ့ ဖန်တီးထားတဲ့ ရော့ကက်တွေကို ကုန်ကြမ်းကနေ ကုန်ချောဖြစ်လာတဲ့အထိ ကြာမြင့်ချိန် ရက်ပေါင်း ၆၀ လောက်အတွင်း ဖန်တီးနိုင်အောင် ရည်ရွယ်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Terran 1 ကို လွှတ်တင်ဖို့ ဒေါ်လာ ၁၂ သန်းကုန်ကျမယ်လို့ Relativity ကုမ္ပဏီက ခန့်မှန်းထားပါတယ်။ ဒီ ရော့ကက်ဟာ ကမ္ဘာနဲ့နီးတဲ့ပတ်လမ်းထဲကို အလေးချိန် ကီလိုဂရမ် ၁,၂၅၀ လောက် သယ်ဆောင်သွားနိုင်အောင် တည်ဆောက်ထားတာပါ။

တက်သစ်စဖြစ်တဲ့ Relativity ကုမ္ပဏီဟာ Terran 1 အပြင် ပြန်ပြန်ပြီးသုံးလို့ရတဲ့ Terran R ရော့ကက်တွေ ထုတ်ဖို့လည်းလုပ်နေပါတယ်။ သူတို့ဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာ ကုမ္ပဏီဌာနချုပ်ရော စက်ရုံတွေပါ ဖွင့် ထားသလို မစ္စစ္စပီပြည်နယ်မှာ အင်ဂျင်စမ်းသပ်တဲ့ဌာနရှိပြီး ဖလော်ရီဒါပြည်နယ်မှာတော့ ဒုံးပျံလွှတ်တင်တဲ့ စခန်း ဖွင့်ထားတာဖြစ်ပါတယ်။

Tim Ellis ဟာ Jeff Bezos ရဲ့ Blue Origin ကုမ္ပဏီ မှာအလုပ်လုပ်ခဲ့သူဖြစ်ပြီး Bezos ကလည်း သူ့တီထွင်မှုကို အားပေးခဲ့တာပါ။ 3D စက်နဲ့ထုတ်တဲ့ပစ္စည်းတွေကို SpaceX ကုမ္ပဏီထုတ် Falcon rockets တွေမှာ သုံးပေမယ့် သူတို့လောက်တော့ မများပါဘူး။

သူတို့ရဲ့ ပထမဆုံးလွှတ်တင်မယ့်ခရီးစဉ်ကို “ကံကောင်း ပျော်ရွှင်ပါစေ” Good Luck, Have Fun – GLHF လို့နာမည်ပေးထားတယ်ဆိုတာတင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

တိုက်ရိုက် လင့်ခ်

================

{{Unicode}}








ဒီ ရော့ကကျဒုံးပြံအမွင့ျက ပေ ၁၁၀ ရှိပါတယျ။ ပုဂ်ဂလိက အာကာသစူးစမျးရေးကုမ်ပဏီတှကေ ထုတျလုပျတဲ့ Atlas နဲ့ Falcon 9 ရော့ကကျတှလေောကျတော့ မကွီးပါဘူး။ ဒါပမေယ့ျ သူတို့ဟာ ဒီ ရော့ကကျရဲ့ ၈၅ % လောကျကို 3D ရုပျလုံးကွှပုံထုတျစကျနဲ့ ထုတျလုပျထားတာ ဖွဈပါတယျ။















XS
SM
MD
LG