သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့အနီး စစ်ကောင်စီနဲ့ CDF တိုက်ပွဲပြင်းထန်နေ


ချင်းပြည်နယ်၊ ဟားခါးမြို့ (Crd: MIMU)
ချင်းပြည်နယ်၊ ဟားခါးမြို့ (Crd: MIMU)

[[Zawgyi/Unicode]]

ချင်းပြည်နယ် ဟားခါးမြို့နဲ့ မိုင်အနည်းငယ်အကွာမှာ မြန်မာစစ်တပ်နဲ့ CDF တို့ တိုက်ပွဲဖြစ်ပွားနေပြီး မြန်မာစစ်တပ်ဘက်က လေကြောင်းကနေ ပစ်ခတ်တာတွေရှိခဲ့ပါတယ်။ ဒါ့အပြင် ဟားခါးမြို့ထဲကနေပါ လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့် ဒေသခံတွေ စိုးရိမ်နေပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ ချင်းပြည်နယ် တိုက်ပွဲအခြေအနေကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

ချင်းပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ဟားခါးမြို့နဲ့ ၄ မိုင်အကွာဝေးတဲ့ ဟားခါးနဲ့ထန်တလန်ကြားက သီမြစ်ချောင်းအနီးမှာ နိုဝင်ဘာ ၂၀ ရက် ညပိုင်းကစလို့ မြန်မာစစ်တပ်နဲ့ ချင်းပြည် ကာကွယ်ရေးအဖွဲ့ CDF တို့ တိုက်ပွဲဖြစ်ပွားနေတာပါ။ နိုဝင်ဘာ ၂၁ ရက် မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတို့မှာ မြန်မာစစ်တပ်ဘက်က တိုက်ပွဲဖြစ်ပွားနေတဲ့နေရာကို လေကြောင်းကနေ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။

တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ ချင်းပြည်နယ် ပူးတွဲကာကွယ်ရေး ကော်မတီ CJDC က တာဝန်ရှိသူတဦးက အခုလိုပြောပြပါတယ်။

“တိုက်ပွဲက ဟားခါးနဲ့ထန်တလန်ကြား သီမြစ်လို့ခေါ်တဲ့နေရာ အဲ့နားတွေမှာ အမြဲတမ်းဖြစ်တဲ့နေရာပေါ့နော်။ သူတို့ဘက်ကလည်း ထန်တလန်ဘက်ကို တိုးချင်တယ်။ တိုးလို့မရတဲ့ပုံစံ။ အဲ့နေရာမှာ ဒီနေ့ဆိုရင် ဂျက်ဖိုက်တာနဲ့ကော၊ ဟယ်လီကော်ပတာနဲ့ကော ၅ ကြိမ်လောက် ဗုံးလာကြဲသွားတယ်။ ကျနော်တို့ CDF ဘက်က ဘာမှ ဒဏ်ရာရတာ မရှိပါဘူး။”

လေကြောင်းကနေအပြင် ဟားခါးမြို့မှာ တပ်စွဲထားတဲ့ မြန်မာစစ်တပ်က တိုက်ပွဲဖြစ်ပွားနေတဲ့နေရာအနီးကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အခုလို ပစ်ခတ်တာကြောင့် မြို့ပေါ်က ဒေသခံတွေဟာ စိုးရိမ်တာတွေ ရှိနေတယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“တနင်္ဂနွေနေ့က တနေကုန်အဲ့ဘက်မှာ ပစ်နေတာလေ။ ညအထိ လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်နေတာ အဲ့ဒီနေရာလေးကိုပဲ လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်တာ ရှင်းရှင်းကြီးမြင်ရတယ်လေ။ တခါပစ်ရင် ဟားခါးတမြို့လုံးက တုန်သွားတာလေ။ နည်းနည်းအစိုးရိမ်လွန်တဲ့အဖွဲ့တွေကျတော့ ထန်တလန်မြို့လို ဟားခါးကိုမီးရှို့မလားမသိဘူးဆိုပြီး ပုံစံပေါ့နော်။ အဲ့လို စိုးရိမ်တဲ့အဖွဲ့လောက်တော့ရှိတယ်။”

ဟားခါးမြို့အနီးမှာ တိုက်ပွဲပြင်းထန်နေပေမယ့် ဟားခါးမြို့ထဲမှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အခြေအနေတည်ငြိမ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ချင်းပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ဟားခါးမြို့အနီးမှာ မြန်မာစစ်တပ်နဲ့ ချင်းပြည်ကာကွယ်ရေးအဖွဲ့တို့ဟာ မကြာခဏ တိုက်ပွဲတွေဖြစ်ပွားလေ့ရှိနေပါတယ်။ တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်တာတော့မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

===================

[[Unicode]]










XS
SM
MD
LG