[[Zawgyi/Unicode]]
လှေနဲ့တလကျော်ခရီးနှင်ခဲ့တဲ့ရိုဟင်ဂျာ ၁၀၀ ကျော်ဟာ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကမ်းခြေကို ရောက်လာတဲ့အကြောင်း အင်ဒိုနီးရှားရဲဌာန အကြီးအကဲက အင်္ဂါနေ့ကပြောပါတယ်။ ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံကနေ အန္တရာယ်များလှတဲ့ ပင်လယ်ခရီးကိုထွက်ခဲ့တဲ့ နောက်ဆုံးအုပ်စုဖြစ်မယ်လို့ ယူဆရပါတယ်။
ဒီကနေ့မနက်စောစော Meunasah Baro ရွာကကမ်းခြေမှာ ဒေသခံတံငါတွေ က ရိုဟင်ဂျာ ၁၁၀ ကို တွေ့ကြတာပါ။ ဒီအုပ်စုမှာ အမျိုးသား ၆၅ ယောက်၊ အမျိုးသမီး ၂၇ ယောက်နဲ့ကလေး ၁၈ ယောက် ပါဝင်ကြတယ်လို့ Muara Batu ရဲဌာနအကြီးအကဲ Herman Saputra က ပြောပါတယ်။ သူတို့အားလုံးဟာ အားနည်းဆာလောင်နေကြပြီး ကျေးရွာခန်းမမှာ ယာယီနေရာချထားပြီး ကျန်းမာရေး စစ်ဆေးပေးဖို့ ရှိပါတယ်။
သူတို့က မလေးရှားကို ဦးတည်သွားနေကြတာဖြစ်တယ်လို့ ဒုက္ခသည် Muhammad Amin က အေပီသတင်းကို ပြောပါတယ်။ မတ်လတုန်းကလည်း အာချေးပြည်နယ် Bireuen ခရိုင်ကကမ်းခြေကို ရိုဟင်ဂျာဒုက္ခသည် ၁၁၄ ယောက်ကို တွေ့ခဲ့ပါသေးတယ်။
၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်က အာဆာ သူပုန်တွေကို စစ်ဆင်ရေးဆင်နွှဲနေတုန်းမှာ ရိုဟင်ဂျာတွေဟာ သိန်းချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒုက္ခသည်တွေ အဖြစ် ထွက်ပြေးနေထိုင်နေကြရပါတယ်။ ဒီ ဒုက္ခသည်တွေဟာ ဒေသတွင်းက မူဆလင်နိုင်ငံတွေဆီကို ပိုကောင်းတဲ့ဘဝကိုရှာဖွေဖို့ ပင်လယ်ကိုဖြတ်ပြီး ခရီးထွက်ခဲ့ကြတာ ဖြစ်ပါတယ်။
==============
[[Zawgyi/Unicode]]