[[Zawgyi/Unicode]]
အလွတ်သဘော တွေ့ဆုံဆွေးနွေးရေးအတွက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့က စစ်ကောင်စီဘက်ကိုကမ်းလှမ်းခဲ့ရာမှာ စစ်ကောင်စီဘက်က အဆင်သင့်မရှိသေးတာကြောင်း တုံ့ပြန်ထားပါတယ်။ လောလောဆယ်မှာတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရပ်တန့်နေပြီး နောက်တကြိမ်ကျင်းပဖို့ အချိန်သတ်မှတ်နိုင်တာ မရှိသေးပါဘူး။ ဒီသတင်းကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၂ ကြိမ် ပြီးမြောက်ခဲ့တဲ့နောက် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့က အလွတ်သဘော တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းခဲ့တာပါ။
ဒီကမ်းလှမ်းချက်ကို စစ်ကောင်စီဘက်က တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်သေးမရှိကြောင်း တုံ့ပြန်ခဲ့တယ်လို့ အလွတ် သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး စောကျော်ညွှန့်က ပြောပါတယ်။
“ လက်ရှိသွားလက်စ ၇ ဖွဲ့ထဲကနေပြီးတော့ စုပေါင်းဆွေးနွေးနိုင်တဲ့ အခင်းအကျင်းတခုကို ဖော်ဆောင်လို့ရအောင် အလွတ်သဘောနဲ့ပဲ ညှိနှိုင်း ပြောဆိုနိုင်ဖို့ ကမ်းလှမ်းတယ်။ အဆိုပြုတယ်ဆိုတာ ဟုတ်ပါတယ်။ ၇ ရက်နေ့ ကျနော်တို့ စာကမ်းလှမ်းတယ်။ သို့သော်လည်းပဲ ၉ ရက်နေ့မှာ သူတို့ဘက်က ပြန်ကြားလာတာကတော့ လောလောဆယ် သူတို့ဘက်က အလွတ်သဘောအရ ဆွေးနွေးဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုတဲ့ ပြန်ကြားချက်ကြောင့်မို့လို့ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။”
NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ဟာ မြန်မာပြည်ရဲ့ လက်ရှိအကျပ်အတည်းကို သက်ဆိုင်သူများအားလုံး ပါဝင်ဆွေးနွေးရေးကို ဦးတည်ထားပြီး အခုလို ကမ်းလှမ်းတာဖြစ်ကြောင်း ဗိုလ်မှူးကြီး စောကျော်ညွှန့်က ပြောပါတယ်။
NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ရဲ့ကမ်းလှမ်းချက်မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ကိုယ်စားလှယ် အနည်းငယ်နဲ့ ကနဦးအလွတ်သဘော ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သိုသိပ်စွာကျင်းပဖို့၊ ဒီဇင်ဘာလ ၁၅ ရက်ကနေ ၁၇ နေ့အထိမှာ တောင်ကြီး သို့မဟုတ် မော်လမြိုင်မှာ နှစ်ဘက်ကိုယ်စားလှယ်အစုံအညီနဲ့ အလွတ် သဘော တွေ့ဆုံပြီး နှစ်ဘက်သဘောထားများ ညှိနှိုင်းဖို့၊ ဒီဇင်ဘာလ ၂၀-၂၁ မှာ ရန်ကုန်မြို့မှာ တရားဝင်တွေ့ဆုံ ဆွေးနွေးပြီး ဆက်လက်ညှိနှိုင်းဖို့နဲ့ ရရှိတဲ့ ဘုံသဘောထားနဲ့ သဘောတူညီချက်တွေကို သင့်တော်တဲ့နေရာ၊ အချိန်မှာ နှစ်ဘက် သဘောတူလက်မှတ် ရေးထိုးကြဖို့ ဆိုတဲ့အချက်တွေ ပါဝင်တာဖြစ်ပါတယ်။
လောလောဆယ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နဲ့ စစ်ကောင်စီကြားမှာ ၂ ကြိမ်ဆွေးနွေးထားပြီး ဖြစ်ပါတယ်။ နောက်တကြိမ်ထပ်မံတွေ့ဆုံဖို့ကို သဘောတူထားပေမဲ့ အချိန်သတ်မှတ်နိုင်တာမရှိသေးကြောင်း ဗိုလ်မှူးကြီး စောကျော်ညွှန့်က အခုလို ဆက်ပြောပါတယ်။
“ ပထမအကြိမ်ပြီးပြီ။ ဒုတိယအကြိမ်ပြီးပြီ။ နောက်တခါ တတိယအကြိမ်ကျတော့ ဒီကနေ့ထိ မလုပ်နိုင်ဘူးဆိုတဲ့ အမြင်အပေါ်မှာကျတော့ ကျနော်တို့ အဖွဲ့အစည်းအချင်းချင်းကြားထဲမှာလည်း အခက်အခဲ တစုံတစ်ရာရှိသလို ကျနော်တို့နဲ့ ဆွေးနွေးဘက် နိုင်ငံတော်အဆင့်နဲ့လုပ်နေတဲ့ ပုဂ္ဂိုလ်တွေဘက်ကလည်းပဲ အခက်အခဲတွေ၊ အကျပ်အတည်းတွေ ရှိကောင်းလည်း ရှိနေနိုင်ပါတယ်။ အဲဒီအခြေအနေ အကြောင်းကြောင်းကြောင့်မို့ပဲ ပြန်လည်တွေ့ဆုံနိုင်ခြင်း မရှိသေးဘူး။ လက်ရှိကတော့ ကြိုးပမ်းနေဆဲလို့ပဲ ပြောရမှာပေါ့။”
စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားမှာ ပါတီစုံဒီမိုကရေစီကျင့်သုံးရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး စတာတွေကို အဓိကဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒုတိယအကြိမ်ဆွေးနွေးဆဲကာလ သြဂုတ်လ ၂၂ ရက်နေ့မှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းဝေးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ NCA လက်မှတ် ရေးထိုးနိုင်ဖို့ အကြိမ်ကြိမ် ဆွေးနွေးသွားမှာဖြစ်သလို လက်မှတ်ရေးထိုးပြီး လက်နက် ဆက်ကိုင်ချင်တယ်ဆိုရင် တပ်မတော် ဒါမှမဟုတ် နယ်ခြားစောင့်တပ်တွေမှာ ဆောင်ရွက်ခွင့်ပေးမှာဖြစ်ကြောင်း ပြောဆိုတာတွေ ရှိခဲ့ပါတယ်။
ဒီအချက်အပေါ်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က ဒီအချက်အပေါ် သဘောတူညီချက် ရရှိထားတာမရှိကြောင်း တုံ့ပြန်ခဲ့ကြပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီလက ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ တက်ရောက်ခဲ့ပါတယ်။ အဲဒီအဖွဲ့တွေမှာ NCA စာချုပ်ကို လက်မှတ် ရေးထိုးထားတဲ့အဖွဲ့ ၇ ဖွဲ့နဲ့ လက်မှတ် မထိုးတဲ့ ၃ ဖွဲ့တို့ ပါဝင် တက်ရောက်ခဲ့ပါတယ်။
=================
[[Unicode]]