သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်အဖွဲ့တွေ လက်နက်ကိုင်ရေး အလွတ်သဘောဆွေးနွေး



နေပြည်တော်ကို ရောက်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ခေါင်းဆောင်နဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ ဆွေးနွေးပွဲ
(သြဂုတ် ၂၃၊ ၂၀၂၂/ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေး)
နေပြည်တော်ကို ရောက်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ခေါင်းဆောင်နဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ ဆွေးနွေးပွဲ (သြဂုတ် ၂၃၊ ၂၀၂၂/ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေး)

[Zawgyi/Unicode]

နေပြည်တော်ကို ရောက်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ခေါင်းဆောင်နဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ ဆွေးနွေးပွဲမှာ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေအနေနဲ့ လက်နက် ဆက်ကိုင်ချင်တယ်ဆိုရင် တပ်မတော် ဒါမှမဟုတ် နယ်ခြားစောင့်တပ်မှာ တာဝန်ထမ်းဆောင်ဖို့ စစ်ကောင်စီဘက်က ထပ်မံဆွေးနွေးခဲ့ပါတယ်။ အလွတ်သဘော ဆွေးနွေးတာဖြစ်ပြီး ဒီ ကိစ္စ လွယ်လွယ်နဲ့ သဘောတူညီချက်ရဖို့ မဖြစ်နိုင်သေးဘူးလို့ ဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်သူတဦးက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။

ဒီလိုဆွေးနွေးတာကတော့ အလွတ်သဘောတွေ့ဆုံချိန် ဆွေးနွေးတာဖြစ်ပြီး တရားဝင်အစည်းအဝေးအတွင်းမှာတော့ ပြည်ထောင်စုသဘောတူညီချက်တွေနဲ့ ဖွဲ့စည်းပုံပါအချက်တွေကို ရှင်းလင်းညှိနှိုင်း သဘောတူခဲ့ကြပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU က ခေါင်းဆောင်တွေဟာ အင်္ဂါနေ့ကနေ သောကြာနေ့အထိ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ နေပြည်တော်မှာ ဆွေးနွေးခဲ့တာပါ။

ဒီနေ့ ပြီးဆုံးခဲ့တဲ့ ၄ ရက်တာ အစည်းအဝေးမှာ NCA လက်မှတ်ထိုးပြီးနောက် တပ်မတော် ဒါမှမဟုတ် နယ်ခြားစောင့်တပ်မှာ တာဝန်ထမ်းဆောင်ဖို့ စစ်ကောင်စီဘက်က အလွတ်သဘော ထပ်မံ ဆွေးနွေးခဲ့ကြောင်းကို LDU ရဲ့ အထွေထွေ အတွင်းရေးမှူးကျာယာကုတ်က VOA ကို အခုလို ပြောပါတယ်။

“ ဒီလက်နက်ကိုင်ကိစ္စနဲ့ပတ်သက်လို့ သူတို့ ထပ်ပြောလာတာက လက်နက်ကိုင် ချင်တယ်ဆိုရင် လက်နက်ရှိတဲ့ EAO အဖွဲ့အစည်းတွေက စစ်တပ်ထဲ ဝင်ပေါ့။ BGF ထဲဝင်ပေါ့။ သူတို့ဘက်ကတော့ အဲလို ဆွေးနွေးတာပေါ့။ အစည်းအဝေးထဲမှာတော့ မဆွေးနွေးဘူး။ အပြင်မှာ အလွတ်သဘော ပြောတဲ့အချိန်မှာ ထည့်ပြောတာလေ။ ဒါပေမယ့် ဒီဘက်ကတော့ ဒါက လွယ်လွယ်နဲ့ အဆင်ပြေလာမှာ မဟုတ်ဘူးလေ။”

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီမင်းအောင်လှိုင်က NCA အပစ်ရပ်စာချုပ် လက်မှတ် ရေးထိုးပြီးနောက် လက်နက် ဆက်လက်ကိုင်ဆောင်မယ်ဆိုရင် တပ်မတော်နဲ့ နယ်ခြားစောင့်တပ်မှာ ဝင်ရောက် တာဝန်ထမ်းဆောင်ဖို့ ခွင့်ပြုမှာ ဖြစ်ကြောင်းကို ဒီလ ၂၂ ရက်နေ့က ကျင်းပတဲ့ စစ်ကောင်စီအစိုးရအဖွဲ့အစည်းအဝေးမှာ ထည့်သွင်းပြောဆိုထားပါတယ်။

လက်ရှိ နေပြည်တော်မှာ ကျင်းပနေတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို NCA အပစ်ရပ် လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၃ ဖွဲ့နဲ့ မထိုးတဲ့ ၅ ဖွဲ့က ပါဝင် တက်ရောက်ခြင်း မရှိပါဘူး။ စစ်ကောင်စီတပ်တွေနဲ့လည်း သက်ဆိုင်ရာဒေသတွေမှာ တိုက် ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

စစ်ကောင်စီဘက်က နယ်ခြားစောင့်တပ်ဒါမှမဟုတ် စစ်တပ်ထဲမှာ ပါဝင်ထမ်းဆောင်ဖို့ ကမ်းလှမ်းပေမယ့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့ကတော့ သူတို့ ဘက်က အဆင့်သင့် မဖြစ်သေးဘူးလို့ တုံ့ပြန်ထားပါတယ်။

လေ့လာသုံးသပ်သူတွေကတော့ လက်ရှိအခြေအနေမှာ လက်နက်ကိုင် တပ်တွေကို ရပ်တည်မှုပုံစံပြောင်းလဲရေးက NCA လက်မှတ် ရေးထိုးထားတဲ့အဖွဲ့တွေရော၊ မထိုးသေးတဲ့အဖွဲ့တွေအတွက်ပါ အခက်အခဲရှိနေတယ်လို့ မြင်တဲအ့ကြောင်း သုံးသပ်ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

==================

[Unicode]











XS
SM
MD
LG