သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုပ်ငန်းခွင်လုံခြုံမှုနဲ့ အခွင့်အရေး ထိုင်းရောက်မြန်မာအလုပ်သမားတွေ တောင်းဆို 


လုပ်ငန်းခွင်လုံခြုံမှုနဲ့ အခွင့်အရေး ထိုင်းရောက်မြန်မာအလုပ်သမားတွေ တောင်းဆို

[[Zawgyi/Unicode]]

မြန်မာနိုင်ငံသားအလုပ်သမားတွေကို ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ ချုပ်ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ ထိုင်းနိုင်ငံသား အလုပ်သမားတွေ တန်းတူ အသိအမှတ်ပြုပြီး ရပိုင်ခွင့်အခွင့်အရေးပေးဖို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက တောင်းဆိုပါတယ်။ သင့်တော်တဲ့အလုပ်၊ ထိုက်သင့်တဲ့လုပ်အားခနဲ့ လုပ်ငန်းခွင်ဘေးကင်းရေးအတွက် World Day for Decent Work ဆိုတဲ့ နိုင်ငံတကာ အလုပ်သမားသမဂ္ဂတွေ စီစဉ်ကျင်းပတဲ့ လှုပ်ရှားမှုနေ့ အထိမ်းအမှတ်၊ ဆန္ဒပြပွဲ ဒီနေ့ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကုလသမဂ္ဂရုံးရှေ့မှာ ကျင်းပပါတယ်။ ဒီအကြောင်း ဦးသိန်းထိုက်ဦးက သတင်းပေးပို့ထားပါတယ်။

ထိုင်းအလုပ်သမားရေး ဝန်ကြီးဌာနရဲ့ တရားဝင်စာရင်းတွေအရ ၂၀၂၀ ခုနှစ် ဧပြီလအထိ ထိုင်းနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမား နှစ်သန်းနီးပါးရှိပါတယ်။ အများစုဟာ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံကဖြစ်ပြီး အများစုက မြန်မာနိုင်ငံသားတွေပါ။ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ သန်းနဲ့ချီရှိနေတယ်လို့ ခန့်မှန်းထားပြီး ထိုင်းနိုင်ငံသားတွေမလုပ်ချင်တဲ့ ဆောက်လုပ်ရေး၊ ပန်းရံ၊ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်းနဲ့ အိမ်ဖေါ်လိုအလုပ်မျိုးတွေကို လုပ်ကိုင်ကြပါတယ်။ ဒါကြောင့်လည်း ဒီနေ့အခမ်းအနားက ဒီလို အလုပ်လုပ်နေသူတွေရဲ့ အခွင့်အရေးကို ပိုပြီး အာရုံစိုက်လာမယ်လို့ မျှော်လင့်တဲ့အကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဖြစ်တဲ့ ကိုကျော်နဲ့မနွယ်လေးတို့က VOA ကို ပြောပြပါတယ်။
“အခု မြန်မာနိုင်ငံသားတွေအနေနဲ့ကတော့ အခုဆိုရင် ပိုဆိုးတာပေါ့။ ဟိုအရင်နဲ့မတူဘူး။ ခနခန အလုပ်လက်မဲ့တွေဖြစ်ကြတယ်။ အခုလက်ရှိလည်းပဲ အလုပ်လက်မဲ့တွေ အများကြီးဖြစ်ကြတယ်။ အလုပ်လက်မဲ့တွေဖြစ်ကြတော့ အခု ထိုင်းမှာရှိနေတဲ့ ပရဟိတသမားတွေကစုပြီးတော့ အလုပ်မရှိတဲ့ ကျနော်တို့အလုပ်မရှိတဲ့ တိုင်းရင်းသား ညီအကိုမောင်နှမတွေအဆင်ပြေအောင် ဝန်းရံပြီးတော့ အကူအညီပေးကြပါတယ်ချင်ဗျ။ အလုပ်အကိုင်တွေကတော့ အဆင်မပြေကြဘူး၊ အလုပ်ပြုတ်တာမျိုးတွေ၊ တချို့အလုပ်ရုံတွေကျတော့လည်း သက်သက်မဲ့ကို အလုပ်ဖြုတ်တာမျိုးတွေ ရှိတယ်ပေါ့နော်။”

မနွယ်- “မြန်မာနိုင်ငံမှာအခြေအနေမကောင်းတော့ အနီးစပ်ဆုံး မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းက ထိုင်းနိုင်ငံဖြစ်တဲ့အခါကျတော့ ဒီနိုင်ငံထဲပဲ ခိုလှုံလာကြတယ်ပေါ့။ ဒါပေမယ့် အကုန်လုံးဝင်လာလို့မရသလို ဝင်လာတဲ့သူတွေလည်း အကုန်လုံးလည်း မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ လမ်းခရီးမှာတင် အခက်အခဲတွေနဲ့ဆိုတော့လေ။ လမ်းခရီးရဲ့အခက်အခဲဆိုတာ တချို့ဆို ဖမ်းမိတယ်။ တချို့ဆို စစ်တပ်နဲ့ပူးပေါင်းပြီးတော့ ကျမတို့ မြန်မာပြည်ဘက်က တက်လာတဲ့သူတွေဆိုလို့ရှိရင် အဲဒီအောက်မှာ အရမ်း ဒုက္ခရောက်တယ်။ တချို့ဆို သေတဲ့သူလည်း သေတယ်။ ဒီနိုင်ငံထဲမရောက်ဘဲနဲ့ ဆုံးရှုံးမှုတွေနဲ့ လှည့်ပြန်သွားရတဲ့ မြန်မာတွေလည်း ရှိတယ်ပေါ့။”

လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှုနဲ့ ထိုက်သင့်တဲ့ လုပ်အားခအတွက် ကမ္ဘာတဝှမ်းမှာရှိတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တွေက ၂၀၀၈ ခုနှစ်ကတည်းက World Day for Decent Work ဆိုတဲ့ လှုပ်ရှားမှုနေ့ အခမ်းအနားတွေ ကျင်းပခဲ့ကြတာပါ။ သင့်တင့်တဲ့လုပ်အားခ၊ သင့်တင့်တဲ့ လုပ်ငန်းခွင့်အခြေအနေနဲ့ လုပ်ငန်းခွင်အတွင်းထိခိုက်တဲ့အခါ နစ်နာကြေး၊ အမျိုးသမီးတွေအတွက် ခံစားခွင့်တွေကို အဓိက တောင်းဆိုကြပါတယ်။ ဒါပေမယ့်လည်း ထိုင်းနိုင်ငံမှာ အလုပ် လုပ်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေ အထူးသဖြင့် အမျိုးသမီးတွေရဲ့ လုံခြုံမှုဟာ စိတ်ချရတဲ့ အအနေအထားမှာရှိပါရဲ့လား မနွယ်လေးက အခုလို ပြောပါတယ်။

“မောင်နှမတွေ၊ မိသားစုတွေနဲ့နေနေကြတဲ့သူတွေအတွက်ကျတော့လည်း ကိစ္စမရှိပါဘူး။ ဒါပေမယ့် တဦးတယောက်တည်း နေနေရတဲ့သူတွေ၊ တချို့ဆို လုပ်ငန်းလုပ်တဲ့သူက တော်တော်များတယ်။ အိမ်အလုပ်သမားလည်း ဒီလိုပဲ။ အိမ်အလုပ်သမားလည်း သူဌေးကောင်းနဲ့တွေ့ရင် နည်းနည်းတော်တယ်ပေါ့နော်။ သူဌေးကောင်းနဲ့မတွေ့ရင် မိန်းကလေးတယောက်အနေနဲ့ ဘယ်လိုမှ မလုံခြုံဘူး။ ဒီလုပ်ငန်းလုပ်တဲ့သူမှာလည်း အဲလိုပဲ။ တချို့ဆို ညဆိုင်းဆင်းရတယ်၊ နေ့ဆိုင်းဆင်းရတာတွေ ရှိတယ်။ ကျမတို့ မြန်မာပြည်သားအချင်းချင်းမှာလည်း စိတ်ဓာတ်ပျက်ပြားနေတဲ့အမျိုးသားတွေ အများကြီးရှိတယ်။ သူများနိုင်ငံမှာလာနေတဲ့ အမျိုးသမီးတွေအနေနဲ့က ကိုယ့်ကိုကိုယ်မှ မထိန်းချုပ်နိုင်ဘူးဆိုလို့ရှိရင် မလုံဘူး။ ကိုယ့်ကိုကိုယ်ထိန်းချုပ်နေတာတောင်မှ ဘဝတွေပျက်စီးထားတဲ့မိန်းကလေးတွေလည်း အများကြီးပဲ။ ဒီနိုင်ငံမှာလည်း တော်တော်များများ အဲလိုမျိုး မုဒိန်းကျင့်ခံရပြီး သေသွားတဲ့မိန်းကလေးတွေလည်း ရှိတယ်လေ၊ နော်။”

ကိုဗစ် 19 ရောဂါ ကူးစက်မှုတွေ ရှိခဲ့တဲ့ ကပ်ရောဂါကာလတွေအတွင်းမှာ လုပ်ငန်းခွင်တချို့ ပိတ်ခဲ့တာကြောင့် အလုပ်သမားတွေဘက်က ရွေးချယ်ပိုင်ခွင့်မရှိဘဲ ရရာအလုပ်တွေကို လုပ်ခဲ့ရတယ်လို့ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ဒါကြောင့်လည်း အလုပ်သမားတွေဘက်က အခြေခံရပိုင်ခွင့်တွေကို ညှိနှိုင်းပေးမယ့် အဖွဲ့အစည်းတွေက အားနည်းသွားခဲ့ပါတယ်။ မြန်မာနိုင်ငံသား အလုပ်သမားတွေကို ILO အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်ရဲ့သတ်မှတ်တွေနဲ့အညီ ထိုင်းနိုင်ငံသား အလုပ်သမားတွေနဲ့တန်းတူ အသိအမှတ်ပြုပေးဖို့လည်း မြန်မာအလုပ်သမားတွေက တောင်းဆိုကြပါတယ်။ မနွယ်လေးက အခုလို ဆက်ပြောပါတယ်။

“နောက်- လူသေမှု၊ ကားတိုက်မှု၊ အလုပ်ခွင်ထဲမှာ ထိခိုက်ဒဏ်ရာရမှုတွေမှာလည်း အဲလိုပဲ။ ဘာတခုမှ.. ဆုံးရှုံးမှုအများကြီးအနေနဲ့ ညီမတို့ မြန်မာပြည်သားတွေ ရင်ဆိုင်နေရတဲ့အခါကျတော့ အလုပ်သမားရေးနဲ့ပတ်သက်တဲ့ကိစ္စတွေက လျစ်လျှူရှုထားလို့မရတဲ့အခါကျတော့ ရသလောက်တော့ ညီမတို့အခွင့်အရေးပေးသလောက်တော့ တောင်းဆိုနေရမှာပဲ။”

ထိုင်းနိုင်ငံမှာအလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေအနေနဲ့ ကိုယ့်အခွင့်အရေးကို ကာကွယ်ဖို့ဆိုရင် ဒီလို အခမ်းအနားတွေနဲ့ လှုပ်ရှားမှုတွေမှာ ပိုမိုပူးပေါင်းပါဝင်ဖို့ မနွယ်လေးက ဖိတ်ခေါ်သွားပါတယ်။

“ကိုယ့်ရဲ့ဆုံးရှုံးသွားတဲ့အခွင့်အရေးတွေရနိုင်အောင် ကိုယ်ကိုယ်တိုင် ဘယ်လိုလုပ်ယူရမယ်ဆိုတာသိအောင် ဒီလိုပွဲမျိုးတွေ ကျင်းပပေးတယ်။ ဒါကြောင့်မို့လို့ ထိုင်းနိုင်ငံမှာရှိနေတဲ့ ကျမတို့ မြန်မာပြည်ဖွား တိုင်းရင်းသားအလုပ်သမားတွေအနေနဲ့ ကိုယ့်ရဲ့အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတာဖြစ်ဖြစ်၊ တကယ်လို့မှ ကိုယ့်ဘက်က မှန်ကန်နေတယ်ဆိုလို့ရှိရင် ကျမတို့အနေနဲ့ ဆက်သွယ်လို့ရပါတယ်။ ကျမတို့တွေဘက်က တတ်နိုင်သလောက် ပါဝင်ကူညီပေးပါမယ်။ ကျမ မလုပ်ပေးနိုင်ရင်တောင်မှ လုပ်နိုင်တဲ့အဖွဲ့အစည်းတွေနဲ့ ကျမတို့ ချိတ်ဆက်ပေးပါတယ်ရှင့်။”

တရားမျှတဲ့အလုပ်၊ လုပ်ငန်းခွင်ဘေးကင်းမှု၊ လူဂုဏ်သိက္ခာနဲ့ ဆက်ဆံခွင့်၊ ပေါင်းသင်းဆက် ဆံခွင့်၊ ညှိနှိုင်းပိုင်ခွင့်၊ လုပ်ငန်းခွင့်ဒီမိုကရေစီ ထူထောင်ခွင့်ဆိုတာတွေကို မြန်မာအလုပ်သမားတွေက ထိုင်းလုပ်ငန်းရှင်တွေဆီက တောင်းဆိုနေကြပါတယ်။ ကျနော်သိန်းထိုက်ဦးပါ။

#အလုပ်သမားအခွင့်အရေး #ရွှေ့ပြောင်းလုပ်သား #အလုပ်သမားသမဂ္ဂ #ထိုင်းနိုင်ငံ #မြန်မာအလုပ်သမား
===============

[[Unicode]]












===============

XS
SM
MD
LG