[[Zawgyi/Unicode]]
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေထဲက ရွေးကောက်ပွဲမသမာမှု၊ ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) အရ အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ် နေပြည်တော် အကျဉ်းထောင်တရားရုံးက ဒီနေ့ ချမှတ်လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သမ္မတဟောင်း ဦးဝင်းမြင့်၊ အစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူတို့ကိုလည်း ရွေးကောက်ပွဲအပေါ် မလျှော်သြဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်စီ ပြစ်ဒဏ်မှတ်လိုက်တာပါ။
အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေ ချိုးဖောက်မှု၊ သဘာဝကပ်ဘေးဥပဒေ ချိုးဖောက်မှု၊ ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှု၊ အဂတိလိုက်စားမှု အမှုအတော်များများနဲ့ တရားစွဲဆိုထားပြီး အရင်က ၁၇ နှစ် ထောင်ဒဏ် ပြစ်ဒဏ်ချမှတ်ပြီးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေနဲ့ပတ်သက်လို့ တရားရုံး ကြားနာမှုတွေကို သတင်းထောက်တွေ လာရောက်ခွင့် မရှိသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကိုလည်း အမှုနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကို မပြောဖို့ စစ်ကောင်စီက ပိတ်ပင်ထားပါတယ်။
သြဂုတ်လအတွင်းကပဲ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ဆက်စပ်တဲ့ အဂတိအမှု ၄ မှု အတွက် ထောင်ဒဏ် ၆ နှစ် နေပြည်တော် အကျဉ်းထောင် အထူးတရားရုံးက ချမှတ်ခဲ့ပါတယ်။ လရောင်တော စိုက်ပျိုး သက်မွေးပညာသင်တန်းကျောင်း စီမံကိန်း မြေနေရာ နှစ်ခုရယူခဲ့တာနဲ့ ဆက်စပ်တဲ့အမှုတွေနဲ့ လရောင်တောစီမံကိန်းအတွင်း နေထိုင်ဖို့ နေအိမ်ဆောက် လုပ်တယ်ဆိုပြီး စွဲဆိုထားတဲ့အမှုတွေ ပါဝင်ပါတယ်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီက ရွှေနဲ့ဒေါ်လာရယူခဲ့တယ်ဆိုတဲ့အမှုအတွက်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင် ၃ နှစ် ချမှတ်ခဲ့ပါတယ်။ ဒီနေ့ နောက်ထပ်ချမှတ်လိုက်တဲ့ ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်အတွက် တခြားချမှတ်ခံခဲ့ရတဲ့ အမှုတွေနည်းတူ အယူခံဝင်သွားမယ်လို့ အမည်မဖေါ်လိုတဲ့ တရားရေးသတင်း ရပ်ကွက်က ပြောဆိုပါတယ်။
=============
[[Unicode]]