သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပြဿနာ ၅ နှစ်ထက်မနည်း ကြာနိုင်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ပြော 


ပြင်သစ်နိုင်ငံကိုရောက်နေတဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်
ပြင်သစ်နိုင်ငံကိုရောက်နေတဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်

[[Zawgyi/Unicode]]

မြန်မာနိုင်ငံ ပဋိပက္ခပြေလည်ရေးအတွက် အနည်းဆုံး ၅ နှစ်လောက်ကြာနိုင်တယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဒီဇင်ဘာ ၁၃ ရက် ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။ မြန်မာ့အရေးဟာ ခပ်မြန်မြန်ပြီးဆုံးဖို့ လမ်းစမမြင်ကြောင်း ပြည်ပရောက် ကမ္ဘောဒီးယားနိုင်ငံသား ၂,၀၀၀ လောက်နဲ့ Belgium နိုင်ငံ၊ Brussels မြို့မှာ တွေ့ဆုံစဉ် ပြောကြားလိုက်တာ ဖြစ်ပါတယ်။

တကယ်လို့ တစုံတယောက်က မြန်မာြ့ပဿနာကို ဖြေရှင်းနိုင်တဲ့နည်းလမ်းရှိတယ်ဆိုရင် ကိုယ်တိုင်သွားလုပ်ကြစေလိုကြောင်း၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားနိုင်ငံ တာဝန်ယူထားတဲ့သက်တမ်းလည်း ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် ကမ္ဘောဒီးယား အထူးကိုယ်စားလှယ်အနေနဲ့တော့ သွားဖြစ်တော့မှာမဟုတ်ဘူးလို့ ဝန်ကြီးချုပ် ဟွန်ဆန်က ပြောပါတယ်။

အီးယူ-အာဆီယံ ဆက်ဆံရေးထူထောင်တာ ဒီနေ့ ဒီဇင်ဘာ ၁၄ ရက်မှာ ၄၅ နှစ်ပြည့်တဲ့ အထိမ်းအမှတ်အခမ်းအနားကို အာဆီယံအလှည့်ကျဥက္ကဋ္ဌအနေနဲ့ တက်ရောက်ပြီး ပူးတွဲသဘာပတိလုပ်ဖို့ ဝန်ကြီးချုပ် ဟွန်ဆန် Brussels နိုင်ငံမှာ ရောက်နေတာ ဖြစ်ပါတယ်။ ယူကရိန်းပြည်သူတွေကို ထောက်ခံကြောင်းပြသတဲ့ နိုင်ငံတကာ ညီလာခံတခုကိုလည်း သူ့ရဲ့ ဥရောပခရီးစဉ်အတွင်းမှာ တက်ရောက်ဖို့ရှိပါတယ်။

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပြဿနာပြေလည်ပြီး ပုံမှန်အခြေအနေ ပြန်ရောက်အောင် ကမ္ဘောဒီးယားအနေနဲ့ အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်ခဲ့ကြောင်း၊ ဒါပေမဲ့ အခုတော့ ရှေ့နှစ်မှာ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူမယ့် အင်ဒိုနီးရှားက ဦးဆောင်လုပ်သွားရတော့မှာဖြစ်ကြောင်း တာဝန်သက်တမ်းကုန်ဆုံးလို့ ဂျပန်နိုင်ငံပြန်တော့မယ့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mikami Masahiro နဲ့ ဒီဇင်ဘာ ၈ ရက်နေ့ က တွေ့ဆုံစဉ်မှာလည်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]







XS
SM
MD
LG