သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမြအေး တောင်းဆို


အမျိုးသားနေ့အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွတ်လာသူ  ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး။ (နိုဝင်ဘာ ၁၇၊ ၂၀၂၂)
အမျိုးသားနေ့အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွတ်လာသူ  ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး။ (နိုဝင်ဘာ ၁၇၊ ၂၀၂၂)

[[Zawgyi/Unicode]]

မြန်မာ့နိုင်ငံရေးအခြေအနေ တိုးတက်လာဖို့ဆိုရင် အခြေခံအားဖြင့် နိုင်ငံရေး အကျဉ်းသားအားလုံးလွှတ်ပေးဖို့လိုအပ်မယ်လို့ မနေ့ကပဲ ပြန်လည်လွတ်မြောက် လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောပါတယ်။ ကိုမြအေးကို ဗွီအိုအေက ဆက်သွယ် မေးမြန်းထားတာကိုတော့ မခင်ဖြူထွေးက အပြည့်စုံ တင်ပြပေးထားပါတယ်။

မနေ့က စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်ပဲ ပါဝင်တဲ့အတွက် စိတ်မကောင်းဖြစ်မိတဲ့အကြောင်း လွတ်မြောက်လာသူတဦးဖြစ်တဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေး က VOA ကို ပြောပါတယ်။ နိုင်ငံရေးမှုနဲ့ ဖမ်းဆီးထားသူအားလုံးကို လွှတ်ပေးဖို့ဟာ တိုင်းပြည် အနာဂတ်ကောင်းကျိုးအတွက် အခြေခံလိုအပ်ချက်ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

“ကျနော်သိသလောက် အင်းစိန်ထောင်ကနေ အားလုံး ၉၈၅ ယောက်လွှတ်တာလေ။ ၉၈၅ ယောက်မှာ နိုင်ငံခြားသားလေးယောက်နဲ့ ကျနော်တို့ပြည်တွင်းက နိုင်ငံရေးအကျဉ်းသား ၈ ယောက်၊ ၁၂ ယောက်ပဲပါတယ်ဗျ။ ကျနော်မြင်တာကတော့လေ။ ကျန်တဲ့သူတွေ ကျနော်မတွေ့မိဘူး။ ကျနော်တွေ့မိတာ ဒီလောက်ပဲ။ တနိုင်ငံလုံးမှာတော့ ၅၀ ကျော်လောက်ပဲ ရှိတယ်လို့လည်း ပြောကြတယ်ပေါ့ဗျာ။ ဒါက ကျနော့်အမြင်ပြောရလို့ရှိရင်ပေါ့ဗျာ- နိုင်ငံရေးမှုနဲ့ထောင်ကျထားတဲ့သူတွေအကုန်လုံးကိုတော့ ကျနော်ကတော့ လွှတ်ပေးစေချင်တယ်။ ဒါက အခြေခံအချက်ပဲဗျ။ တကယ်တန်း ကျနော်တို့နိုင်ငံရဲ့ ရှေ့ရေး ကောင်းဖို့အတွက် စဉ်းစားမယ်ဆိုလို့ရှိရင် နိုင်ငံရေးအကျဉ်းသားဆိုတာ ထောင်ထဲမှာရှိရမှာမဟုတ်ဘူးလေ။ ကျနော်မြင်တာက ၅၀၅ နဲ့ထောင်ကျထားတဲ့သူတွေ အများကြီးရှိပါသေးတယ်။ အဲဒီလူတွေအကုန်လုံး လွတ်လာဖို့လိုမယ်လို့ မြင်ပါတယ်။ လွတ်လာတဲ့အထဲ နိုင်ငံရေးအကျဉ်းသား နည်းနည်းပဲပါတယ်ဆိုတဲ့အပေါ်မှာ ကျနော် တော်တော်စိတ်မကောင်းဖြစ်မိပါတယ်။”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကတော့ လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၇၀ ကျော်ပဲ စာရင်းပြုစုလို့ရသေးတယ်လို့ ပြောဆိုထားပါတယ်။
အကျဉ်းထောင်တွေအတွင်း နေထိုင်ခဲ့ရတဲ့အခြေအနေတွေနဲ့ ပတ်သက်လို့လည်းကိုမြအေးက အခုလို ဆက်ပြောပါတယ်

“ကျနော်တို့နေခဲ့ရတဲ့အပေါ်မှာတော့ ကျနော့်အနေနဲ့ကတော့ သိပ်ခက်ခဲတာတွေ၊ ဘာတွေ မကြုံခဲ့ရဘူး။ သို့သော်လည်း ကျနော် ကြားတာတွေလည်း ရှိပါတယ်။ ကြားတာတွေလည်းရှိတာပေါ့ တော်တော်များများက - ဒီလိုပါပဲ၊ ထောင်မှာကတော့ ကောင်းတဲ့နေရာတွေရှိသလို ဆိုးတဲ့နေရာတွေလည်း ရှိတာပဲလေ။ အဲဒီတော့ ကျနော်တို့မသိလို့ အကုန်လုံးကောင်းပါတယ်လို့လည်း ပြောလို့မရသလို ကျနော်တို့မသိတာတွေအကုန်လုံးကို ဆိုးတယ်လို့လည်း ပြောလို့တော့မရဘူးလို့ ကျနော်မြင်ပါတယ်။ အဲဒီတော့ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ- အားလုံးက ယုံကြည်ချက်တခုနဲ့ထောင်ကျထားတယ်ဆိုတော့ status တခုတော့ရသင့်တယ်လို့ မြင်ပါတယ်၊ ဒါလောက်ပါပဲ။”

အကျဉ်းထောင်အတွင်း သတင်းအချက်အလက် ကြည့်ခွင့် ဖတ်ခွင့် သိခွင့် မရတဲ့အတွက် လွတ်မြောက်လာတဲ့ တရက်အတွင်း နိုင်ငံရေးအခြေအနေ အလုံးစုံကို သုံးသပ်ဖို့ မဖြစ်နိုင်သေးတဲ့အကြောင်း ကိုမြအေးက ပြောပါတယ်။ ဒါပေမဲ့လည်း ပြည်သူတွေရဲ့မွန်းကြပ်နေတဲ့အခြေအနေ ပိုမို ဆိုးဝါးနေတာတွေ တွေကိုတော့ အကြမ်းမျဉ်း နားလည်မိတဲ့အကြောင်း သူက ပြောပါတယ်

“ကျနော်တို့နိုင်ငံရေးဖြတ်သန်းမှုအရ ပြောရမယ်ဆိုရင် ကျနော် တောက်လျှောက်လုပ်ခဲ့တာကတော့ဗျာ-မြန်မာနိုင်ငံမှာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ဒီမိုကရေစီရှင်သန်ရေး..ဒါ ကျနော်တို့ရဲ့အခြေခံအချက်တွေပဲ။ အဲဒီလိုသွားဖို့နေရာမှာတော့ လမ်းကြောင်းအသွယ်သွယ် တွေ့ရှိကြမယ်။ ကျနော်ကတော့ ကျနော်ရွေးချယ်ထားတာ Non-violence နဲ့ တောက်လျှောက်လုပ်ခဲ့တာဖြစ်တဲ့အတွက် Non-violence နဲ့ပဲ ဆက်သွားမယ်။ ကျနော်မြင်တဲ့အမြင်ကို ကျနော်ပြောပါမယ်၊ ပြောမယ်ဆိုလည်း ခြုံငုံပြီးပြောမယ်ဆိုရင် အရင်ဦးဆုံး သုံးသပ်ရမှာကတော့ ၂၀၁၀ ကနေ ၂၀၂၀ အတွင်းမှာ ဆယ်နှစ်ကာလအတွင်းမှာ အရေးပေါ်ကာလ ပြဌာန်းချက်နဲ့ အာဏာအသိမ်းခံရတဲ့အခြေအနေမျိုး ရောက်သွားရတဲ့ဟာက ဘယ်လိုရောက်ခဲ့လဲ၊ ဘာကြောင့်ဖြစ်လဲဆိုတဲ့ အခြေအနေတွေကိုတော့ ကျနော်တို့ အဏုလုံ ပဋိလုံ ပြန်စဉ်းစားရလိမ့်မယ်။ နောက်တချက်ကတော့ သေချာတာတခုကတော့ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာ ဒီမိုကရေစီတခုဖြစ်ဖို့ တိုင်းရင်းသားတွေအားလုံး တန်းတူညီမျှရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့က အရေးကြီးတယ်။ အဲဒီအတွက်ပဲ ကျနော်တို့ ဆက်လုပ်ရမှာဖြစ်ပါတယ်။ အဲဒီအတွက်ကတော့ ကျနော်တတ်နိုင်တဲ့အပိုင်းကနေပြီး မြန်မာပြည်သူလူထုနဲ့အတူ ကျနော် စိတ်ကူးထားပါတယ်။ ဒါပါပဲ။”

စစ်တပ်က အာဏာသိမ်းတဲ့နေ့ကတည်းက ကိုမြအေးကို စစ်တပ်က ဖမ်းဆီးခဲ့တာပါ။
သူက တိုင်းပြည်အတွက် မျှော်လင့်ချက် ရှိတဲ့အကြောင်းနဲ့ အခြေအနေဟာ အမြဲဆိုးနေမယ်လို့ မမျှော်လင့်တဲ့အကြောင်းလည်း ကိုမြအေးက ပြောဆိုပါတယ်။

“အမြဲတမ်းမဆိုးနိုင်ပါဘူးဗျ။ အမြဲတမ်းလည်းပဲ အခုနကပြောသလို ဒုက္ခသုက္ခထဲမှာ မြန်မာပြည်သူတွေ မနေရပါဘူး-နော်။ ကျနော်က ပြည်သူတွေအတွက် တကယ့်ကို စိတ်ချမ်းသာတဲ့နေ့ဆီ ရောက်လာလိမ့်မယ်လို့ ကျနော်ယုံကြည်တယ်။ ကျနော်ယုံကြည်သလိုပဲ ပြည်သူလူထုက ဘယ်လောက်ပဲ ဒုက္ခသုက္ခတွေနဲ့ ခါးစည်းပြီး ခေတ်အဆက်ဆက်ပေါ့နော်- ခံခဲ့ရ ခံခဲ့ရ၊ ပြည်သူလူထုကလည်း ယုံကြည်မှုတွေရှိမယ်လို့ ကျနော် မျှော်လင့်ပါတယ်။ အားလည်းအားထားပါတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့မြန်မာနိုင်ငံရဲ့ရှေ့အနာဂတ်ကောင်းဖို့အတွက် အားလုံးဝိုင်းဝန်း ကြိုးစားကြဖို့လို့ပဲ ကျနော် တိုက်တွန်းချင်ပါတယ်။”

မြန်မာပြည်ရဲ့အခြေအနေ သုံးသပ်မိသမျှ လူငယ်တွေ အနာဂတ်ပျောက်နေတယ်လို့ မြင်တဲ့အကြောင်းနဲ့ မျှတတဲ့ နိုင်ငံရေးလမ်းကြောင်းတခု လိုတယ်လို့ မြင်တဲ့အကြောင်းလည်း အခုလို ဆက်ပြောပါတယ်။

“အဲဒီတော့ ရှေ့အလားအလာ ဘယ်လိုပိုကောင်းအောင်လုပ်ကြမလဲဆိုတာကို စဉ်းစားဖို့ကတော့ မျှတတဲ့နိုင်ငံရေးလမ်းကြောင်းတခု ပေါ်လာဖို့တော့ လိုမယ်လို့ ကျနော်နားလည်ပါတယ်။ အဲဒီ မျှတတဲ့နိုင်ငံရေးလမ်းကြောင်းဆိုတာက အခြေခံရမယ့်အချက်ရှိပါတယ်။ အခြေခံရမယ့်အချက်က အမြဲတမ်းပြောနေတာရှိပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပါပဲ။ အဲဒီဟာကို အခြေခံရမှာဖြစ်ပါတယ်။ အဲဒီလမ်းကြောင်းကိုလျှောက်ဖို့အတွက် လိုတယ်လို့ ကျနော်ကတော့ အိုက်အတိုင်းပဲ မြင်ပါတယ်။ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ်၊ ယုံကြည်ချက်တခုနဲ့ လမ်းလျှောက်တဲ့သူတိုင်းဟာ ချော်လဲခဲ့ရင်တောင်မှ ယုံကြည်ချက်ကို ခိုင်မြဲထားလို့ရှိရင် ကျနော်တို့ဆက်လျှောက်လို့ရတဲ့အခြေအနေရှိပါတယ်။ အဲဒီတော့ ယုံကြည်ချက် မပျက်ကြပါနဲ့။ ရပ်တည်ချက်မပျက်ကြပါနဲ့။ အဲဒီမှာ ကျနော်တို့ပဲ ပေးဆပ်ရတာမဟုတ်ပါဘူး။ ပြည်သူလူထုကြီးတရပ်လုံးက ပေးဆပ်နေရတာဖြစ်ပါတယ်။ အဲဒီမှာ ကျနော်တို့အကုန်လုံး ပေးဆပ်တာနဲ့ထိုက်တန်တဲ့ ကျနော်တို့ရဲ့အနာဂတ်ပန်းတိုင်ဟာ …..ပါလိမ့်မယ်။

မနေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေးကို ဗွီအိုအေက ဆက်သွယ်မေးမြန်းထားတာပါ။

အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုပြီး လူသားချင်းစာနာမှုအရ တနိုင်ငံလုံးအတိုင်းအတာနဲ့ အကျဉ်းသား ၆ ထောင်နီးပါးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။ AAPP နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း စာရင်းအရဆိုရင် စစ်တပ်ကအာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း တသောင်းခြောက်ထောင်ကျော်ရှိခဲ့ပြီး၊ တသောင်း သုံးထောင်ကျော်ဟာ အကျဉ်းထောင်တွေအတွင်း ထိမ်းသိမ်းခံနေရဆဲရှိပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီကိန်းဂဏန်းတွေဟာ ချဲ့ကားထားတဲ့ ကိန်းဂဏန်းတွေဆိုပြီး ငြင်းပယ်နေပါတယ်။ အာဆီယံအပါအဝင် နိုင်ငံတကာကတာ့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲအတွက် နိုင်ငံရေးအကျဉ်းသားတွေကို အဓိကထားလွှတ်ဖို့ မြန်မာ စစ်ကောင်စီကို ဖိအားပေးနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]















XS
SM
MD
LG