သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီယား စက်ရုံပေါက်ကွဲမှုနဲ့ အန္တရာယ် အတိုင်းအတာ


Fukushima Reactor Plant in Japan
Fukushima Reactor Plant in Japan

ဂျပန်နိုင်ငံမှာ မတ်လ ၁၁ရက်နေ့က ပြင်းအားအဆင့် ၉ရှိတဲ့ ငလျင်ကြီးနောက်ပိုင်း ဆက်တိုက်လှုပ်ခတ်ခဲ့တဲ့ ငလျင်ငယ် အများအပြားအပြင် ဆူနာမိရေလှိုင်းကြီးတွေရဲ့ ဒဏ်ကြောင့် အရှေ့မြောက်ပိုင်းဒေသမှာ ရှိတဲ့ ဖူကူရှီးမား ဒိုင်အိချိ (Fukushima Daiichi) နျူကလီယား ဓါတ်အားပေးစက်ရုံ ပျက်စီးခဲ့ရပါတယ်။

စက်ရုံမှာ ပေါက်ကွဲမှုတွေနဲ့ အတူ ယူရေနီယမ် ဓါတ်ပေါင်းဖို ၆ခုထဲက ရေဒီယို သတ္တိကြွဓါတ်တွေ ထွက်လာတဲ့ အန္တရာယ်ပါ ကြုံလာရပါတယ်။ IAEA နိုင်ငံတကာ အနုမြူစွမ်းအင် အဖွဲ့ကြီးက အခြေအနေဟာ စိုးရိမ်ရတဲ့ အနေထားမှာ ရှိတယ်လို့ ပြောကြားခဲ့သလို ဝန်းကျင်မှာ နေထိုင်သူတွေကို ဓါတ်ပေါင်းဖိုတွေနဲ့ ဝေးရာကို ရွှေ့ပြောင်းခိုင်းခဲ့ပါတယ်။

ဒီ နျူကလီယား စက်ရုံက ပေါက်ကွဲမှုဖြစ်ပွါးတာဟာ နျူကလီယား ဓါတ်ပေါင်းဖိုထဲက မဟုတ်ပဲ ဓါတ်ပေါင်းဖို နားမှာရှိနေတဲ့ Secondary Containment လို့ခေါ်တဲ့ တခြားစက်ပစ္စည်းတွေထားတဲ့ အဆောက်အဦး နေရာတွေမှာ ပေါက်ကွဲခဲ့တာလို့ အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်က နျူကလီယား ဓါတ်အားပေးစက်ရုံ အင်ဂျင်နီယာ ကိုတင်ထွဋ်ကပြောပါတယ်။

ဓါတ်ပေါင်းဖို ကို ၁၂လက်မလောက်ထူတဲ့ စတီးတုံးနဲ့တည်ဆောက်ထားပါတယ်။ အထဲမှာ နျူကလီယား လောင်စာ တုံးတွေပါတဲ့ သံပိုက်လုံး ရာကျော်ကိုစီထားပါတယ်။ ဓါတ်ပေါင်းဖို အပေါ်မှာ လေထွက်ပေါက် ရှိနေပြီး အထဲက ဖိအားများလာတဲ့ အခါ ဟိုက်ဒရိုဂျင်တွေကို လေထွက်ပေါက်ကနေ ထုတ်ပေးပါတယ်။

ငလျင်နဲ့ ဆူနာမီရေလှိုင်းတွေရဲ့ ဒဏ်ကြောင့် လောင်စာတောင့်တွေ အေးအောင်ထိမ်းပေးထားတဲ့ စက်တွေ ပျက်သွားတဲ့အခါ အပူကြောင့် ဖိအားများလာပါတယ်။ ထွက်လာတဲ့ ဟိုက်ဒရိုဂျင်ဓါတ်တွေဟာ လေထွက် ပေါက်ကတဆင့် Primary Containment လို့ခေါ်တဲ့ လေးပေလောက် ထုရှိတဲ့နံရံထဲကို ရောက်လာပါတယ်။ အတွင်းမှာ အားဖြည့်ထားတဲ့ ၂လက်မခွဲ သံတိုင်တွေနဲ့အတူ လက်မဝက်လောက်ထူတဲ့ အပေါ်ကနေ အုပ်ထားတဲ့ စတီးအကာလည်း ရှိနေပါတယ်။

ဓါတ်ပေါင်းဖို ၃ခုမှာရှိတဲ့ နျူကလီယား လောင်စာတောင့်တွေဟာ အပူကြောင့် ပျော်ကျမှု တစိတ်တပိုင်း ရှိမယ်လို့ ခန့်မှန်းထားသလို ထွက်လာမယ့် ရေဒီယိုသတ္တိကြွ ဓါတ်တွေဟာ ဓါတ်ပေါင်းဖိုထဲမှာပဲ ရှိနေ သေးတယ်လို့ အင်ဂျင်နီယာ ကိုတင်ထွဋ်က သုံးသပ်ပါတယ်။ ဒါပေမယ့် တချို့တလေကတော့ ဖိအား လျော့ကျအောင် ထုတ်လွှတ်ပေးလိုက်တဲ့ ဟိုက်ဒရိုဂျင်တွေနဲ့ အတူရောပါလာ ပြီး ပျံ့နှံမှုတွေ ဖြစ်လာတယ်လို့ ဆိုပါတယ်။

ဖူကူရှီးမား နျူကလီယား ဓါတ်ပေါင်းဖိုအမျိုးအစား ဟာ ရုရှားနိုင်ငံမှာ ၁၉၈၆ခုနှစ်က ပေါက်ကွဲပြီး လူအများအပြားကို သေကြေစေတဲ့ ချာနိုဘိုင်လ်း (Chernobyl) ဓါတ်ပေါင်းဖိုပုံစံမျိုးမဟုတ်ပဲ ကောင်းမွန်တဲ့ စံနစ်တကျ တွက်ချက် တည်ဆောက်ထားတဲ့ ဓါတ်ပေါင်းဖိုတခု ဖြစ်ပြီး အခု ပျက်စီးမှုကတော့ ဘယ်သူမှ မျှော်လင့် မထားတဲ့ ငလျင်ပြင်းအား အပြင် ဆူနာမိရေလှိုင်းတွေရဲ့ ဒဏ်ကို ခံရတာကြောင့်လို့ ဆိုပါတယ်။

XS
SM
MD
LG