ဆီးရီးယားသမ္မတ Bashar al-Assad ရဲ့ အုပ်ချုပ်မှုရပ်တန့်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်ကြ တဲ့ နိုင်ငံပေါင်း ၁၀၀ ကျော်က ကိုယ်စားလှယ်တွေက ဆီးရီးယားအစိုးရအပေါ် ပိုမို ပြင်းထန်ပြီး ကျယ်ပြန့် တဲ့ ပိတ်ဆို့ အရေးယူ မှုတွေ ချမှတ်လုပ်ဆောင်ဖို့ တောင်းဆိုလိုက်ပါတယ်။ ဆီးရီးယားနိုင်ငံက ဗိုလ်ချုပ် တဦး အစိုးရထဲကနေ ထွက်ပြီး ပြည်ပကို ထွက်ပြေးသွားတယ်ဆိုတဲ့ သတင်းတွေ ထွက်လာနေတဲ့ အချိန် မှာပဲ အခုလို အစည်းအဝေး ကျင်းပ တောင်းဆိုလိုက်တာပါ။
လွန်ခဲ့တဲ့ ၁၆ လအတွင်း အတိုက်အခံ အင်အားစုတွေကို အစိုးရက အကြမ်းဖက် နှိပ်ကွပ်နေတာတွေ ရပ်တန့်ဖို့ အတွက် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ တွေ့ဆုံနေကြတဲ့ သံတမန်တွေက တောင်းဆိုလိုက်တာပါ။ အစိုးရကို ဆန့်ကျင် တော်လှန်နေတဲ့ အတိုက်အခံ အင်အားစုတွေကို ဆက်သွယ်ရေး ပစ္စည်းတွေ အပါ အဝင် အကူအညီ အထောက်ပံ့တွေ အလုံးအရင်းနဲ့ပေးဖို့အတွက် ဆီးရီးယားနိုင်ငံရဲ့ မိတ်ဆွေနိုင်ငံများလို့ အမည်ပေးထားတဲ့ ဒီအဖွဲ့က တောင်းဆိုလိုက်ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့လည်း ဆီးရီးယားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ ချက်ခြင်း ချ မှတ်ဖို့ အတွက် တောင်းဆိုမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် က ပြောပါ တယ်။ အစိုးရ အနေနဲ့ သူ့ပြည်သူတွေကို သတ်ဖြတ်နေတဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ လူ့ကျင့် ဝတ်သိက္ခာတွေ အားလုံးကို ချိုးဖောက် လုပ်ဆောင်နေတာဖြစ်တယ်လို့ သမ္မတ အာဆဒ်အစိုးရကို ဝန်ကြီး ကလင်တန်က ရှုတ်ချ ပြောဆို လိုက်ပါတယ်။
ဒီအတောအတွင်း ဆီးရီးယားသမ္မတ Bashar al-Assad ရဲ့ တချိန်က ယုံကြည် စိတ်ချရသူတဦးဖြစ်ခဲ့သူ ဗိုလ်ချုပ်တဦးဟာ အစိုးရအဖွဲ့ထဲက နုတ်ထွက်ပြီး အခု ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ကိုလာနေပြီလို့ ပြင် သစ်နိုင်ငံခြားရေးဝန်ကြီးဌာက ပြောပါတယ်။ ဆီးရီးယား ဗိုလ်ချုပ် Manaf Tlas အခုလို တိုင်းပြည်က ထွက်ပြေးလာတာကို ကြည့်ခြင်းအားဖြင့် သမ္မတအာဆဒ်ရဲ့ အစိုးရဟာ ရေရှည်တည်တံ့မှာ မဟုတ်ဘူး ဆိုတာကို ပြသလိုက်တာပဲလို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Laurent Fabius က ပြောပါတယ်။ ဗိုလ်ချုပ် Manaf Tlas အခုလို ထွက်ပြေးသွားတာဟာ ဆီးရီးယားသမ္မတ အာဆဒ်အတွက် ပြင်းထန်တဲ့ ထိုးနှက်မှု ကြီး တခု ဖြစ်လာနိုင်ခြေ ရှိတယ်လို့လည်း ခန့်မှန်း ပြောဆိုနေကြပါတယ်။