သုံးရလွယ်ကူစေသည့် Link များ

၆၅ ကြိမ်မြောက် အာဇာနည်နေ့


၂၀၁၁ ခုနှစ်၊ အာဇာနည်နေ့က တွေ့မြင်ရသည့် ရန်ကုန်မြို့ရှိ အာဇာနည်ရင်ပြင် မြင်ကွင်း။ ဇူလိုင် ၁၉၊ ၂၀၁၁
မြန်မာ့လွတ်လပ်ရေး ဖခင်ကြီးတွေရဲ့ ကျေးဇူးတရားကို လူငယ်မျိုးဆက်သစ်တွေ သိရှိမှပဲ လွတ်လပ်ရေးရဲ့ အနှစ်သာရကို တန်ဖိုးထားကြမှာဖြစ်တာကြောင့် အာဇာနည်နေ့အခမ်းအနား ကို နိုင်ငံတော်အကြီးအကဲက ဦးဆောင်ပြီး တက်ရောက်သင့်တယ်လို့ နိုင်ငံရေး ခေါင်းဆောင် တွေက ပြောပါတယ်။ ဒီကနေ့ကျရောက်တဲ့ အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်မြို့မှာ နိုင်ငံတော်အခမ်းအနားအဖြစ် ကျင်းပမှာ ဖြစ်ပေမယ့်လည်း နယ်မြို့အတော်များများမှာတော့ ဒီ အာဇာနည်နေ့အခမ်းအနား မကျင်းပရဘူးဆိုပြီး အာဏာပိုင်တွေက တားမြစ် ပိတ်ပင်မှုတွေ လုပ်ဆောင်နေချိန်မှာ အခုလို ပြောဆိုလိုက်ကြတာပါ။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးက နေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံ ဗြိတိသျှလက်အောက်ကနေ လွတ်လပ်ရေး ရရှိဖို့အတွက် ကြိုးပမ်းကြရင်း အသက် ဆုံးရှုံးသွားခဲ့ကြတဲ့ လွတ်လပ်ရေးဖခင်ကြီးတွေရဲ့ ကျေးဇူးတရားကို မမေ့သင့်တာကြောင့် အရင် လွတ်လပ်ရေးရပြီးစ အချိန်တုန်းကလိုပဲ နိုင်ငံတော်အကြီးအကဲတွေက ဒီအခမ်းအနားကို တလေးတစားနဲ့ ဦးဆောင် တက်ရောက်သင့်တယ်လို့ တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင် တဦးလည်းဖြစ်၊ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါက်တာအေးမောင်က ဗွီအိုအေကို ပြောပါတယ်။
“လွတ်လပ်ရေးရဲ့ဖခင် ကျေးဇူးရှင်တွေကို ကျေးဇူးမမေ့ဘူးဆိုတဲ့ အစဉ်အလာကောင်းကို လူငယ်မျိုးဆက်သစ်တွေ သိမှပဲ လွတ်လပ်ရေးရဲ့ အချုပ်အခြာအာဏာကို တလက်မမှ အကျ မခံဘူးဆိုတဲ့စိတ်ဓာတ်၊ လက်ရှိ တည်ရှိနေတဲ့ ပထ၀ီနိုင်ငံရေးအခြေအနေကိုက ကျနော်တို့ဟာ ဘေးကျပ်နံကျပ်ပါ၊ ဒါတွေကို လက်ဆင့်ကမ်းပေးဖို့တာဝန် ကျနော်တို့ အသက်ကြီးတဲ့ပုဂ္ဂိုလ် တွေ၊ တာဝန်ယူထားကြတဲ့ပုဂ္ဂိုလ်တွေ ရှိပါတယ်။ အဲဒါကြောင့် လွတ်လပ်ရေးဖခင် လက်ထက်က စပြီးတော့ ဟိုတုန်းကဖြစ်ခဲ့တဲ့ နိုင်ငံတော်အကြီးအကဲတွေရဲ့ ဓာတ်ပုံတွေကို တောင် အမှတ်တရအနေနဲ့ ပြန်ချိတ်သင့်ပါတယ်။ တပ်မတော်မှာလည်းပဲ အစဉ်အလာရှိခဲ့တဲ့ ပုဂ္ဂိုလ်တွေ တဦးပြီးတဦး၊ နောက် ကာကွယ်ရေးဦးစီးချုပ်လုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေကို အမှတ်တရ ပြန်ချိတ်သင့်သလို ခုနလို ခေါင်းဆောင်တွေကိုလည်းပဲ အမှတ်တရဖြစ်အောင် ချိတ်သင့် ပါတယ်။”
ရန်ကုန်မြို့အပြင် တခြား နယ်မြို့အသီးသီးမှာ အာဇာနည်နေ့ အခမ်းအနားတွေ ကျင်းပဖို့ စီစဉ်သူတွေကို အာဏာပိုင်တွေက အကြောင်းအမျိုးမျိုးပြပြီး ပိတ်ပင် တားဆီးမှုတွေ လုပ်နေတယ်ဆိုတဲ့ သတင်းတွေကလည်း ထွက်ပေါ်နေတာပါ။
အရင် အာဏာရှင်ဟောင်း ဦးနေ၀င်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီက ကျောင်းသား သမဂ္ဂအဆောက်အဦးကြီးကို ဖြိုခွဲ ဖျက်ဆီးပြီး ကျောင်းသားခေါင်းဆောင်တွေကို သတ်ဖြတ်၊ ဖမ်းဆီး ထောင်ချခဲ့တဲ့ 7 July နေ့ နှစ်ပတ်လည် အခမ်းအနားကျင်းပဖို့ စီစဉ်သူ ကျောင်းသား ခေါင်းဆောင်တချို့ကို အာဏာပိုင်တွေ ဖမ်းဆီး ထိန်းသိမ်းခဲ့တဲ့ အခြေအနေတွေလည်း ရှိခဲ့တာပါ။
ဒါကြောင့်လည်း အခုလို ဒီမိုကရေစီ အသွင်ပြောင်းကာလမှာ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာ မထိ ခိုက်အောင် သတိထားဖို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုကိုကြီးက ဗွီအိုအေကို ပြောပါတယ်။
“ကျနော်တို့လည်း အဲဒါနဲ့ပတ်သက်လို့တော့ စိုးရိမ်တယ်။ စိုးရိမ်တယ်ဆိုတာက တဘက်က ဒီ လုံခြုံရေးရှုထောင့်ကနေပြီးတော့ ကိုင်တွယ်တဲ့ပုံစံ လွန်ကဲလို့ရှိရင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ ရေး သွားနေပါတယ်ဆိုတဲ့ နိုင်ငံတော်အတွက် နိုင်ငံတကာအမြင်မှာ ထိခိုက်မှာတော့ ကျနော်တို့ လည်း စိုးတယ်။
“ဘာလို့လည်းဆိုတော့ 7 July မှာတုန်းက တားဆီးတာတွေ၊ ဖမ်းဆီးတာတွေ လုပ်ခဲ့တဲ့ဟာရော ဒီအခြေအနေတွေကတော့ ကျနော်ထင်တယ်၊ တာဝန်ရှိတဲ့သူတွေအနေနဲ့ နိုင်ငံရဲ့ပုံရိပ်ကို ကောင်းအောင် ၀ိုင်းပြီးတော့ စဉ်းစားသင့်တယ်လို့ မြင်ပါတယ်။”
နှစ်စဉ် ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ရောက်တိုင်း အာဇာနည်ကြီးတွေ ကျဆုံးခဲ့တဲ့အချိန်မှာ မြို့တိုင်း၊ နယ်တိုင်းမှာ ဥသြဆွဲ ဂုဏ်ပြုလေ့ရှိသလို နိုင်ငံတော်အကြီးအကဲကိုယ်တိုင်က ဦးဆောင်ပြီး အာဇာနည်ဗိဗ္မာန်မှာ လွမ်းသူ့ပန်းခွေချတဲ့ အစဉ်အလာ ရှိခဲ့ပေမယ့် ခေတ်အဆက် ဆက် တက်လာတဲ့ အာဏာရှင်အစိုးရတွေလက်ထက်မှာ အာဇာနည်နေ့ဟာ တဖြည်းဖြည်းနဲ့ မှေးမှိန်လာနေပြီဆိုတဲ့ ဝေဖန် ပြောဆိုမှုတွေ ထွက်ပေါ်နေတာပါ။
ရန်ကုန်မှာ ကျင်းပမယ့် အာဇာနည်နေ့အခမ်းအနားကိုတော့ နိုင်ငံတော် ဒုသမ္မတ ဦးစိုင်းမောက်ခမ်း တက်ရောက်မှာ ဖြစ်တဲ့အကြောင်း အစိုးရက တရားဝင် ကြေညာချက် ထုတ်ပြန်ထားပါတယ်။ လွှတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ မိသားစုတွေအတွက် စီစဉ်ထားတဲ့ အချိန်မှာ အာဇာနည်ဗိမ္မာန်မှာ လွမ်းသူ့ပန်းခွေချမယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပြပါတယ်။
“နေ့ဆွမ်း ဆွမ်းကပ်မယ်။ နောက်ပြီးတော့ နိုင်ငံတော်ကကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနား မှာ ပါတီအနေနဲ့တော့ ဒေါ်အောင်ဆန်းစုကြည် မပါဘူး။ ပါတီက ၅ ယောက်တက်မယ်။ အဲဒီ တော့ မိသားစု ပန်းခွေချတဲ့အခမ်းအနားမှာ ဒေါ်စု ပါလိမ့်မယ်။
“နောက် ကျနော်တို့ အဖွဲ့ချုပ်ရုံးမှာ ဆုတောင်းမေတ္တာပို့တာ၊ အဲဒီအချိန်ပေါ့၊ ၁၀ နာရီ ၃၇ မိနစ်၊ အဲဒါတွေလုပ်မယ်။ နောက် အခမ်းအနားလုပ်မယ်။ သံတမန်တွေလည်း ဖိတ်ထားတယ်။ နောက် ကြေညာချက်လေးတခု ထုတ်မှာပေါ့ နော်၊ အာဇာနည်နေ့နဲ့ပတ်သက်ပြီး။”
အာဇာနည်နေ့အခမ်းအနားတက်ဖို့ နိုင်ငံရေးပါတီတချို့ကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဖိတ်ကြားထားပြီး နိုင်ငံတော်အစိုးရက ဖိတ်ကြားတာမဟုတ်ဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

စိတ်ဝင်စားဖွယ် ...

XS
SM
MD
LG