ဆီးရီးယားနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ အာလက်ပိုမြို့မှာ အစိုးရစစ်တပ်က အစုအဝေးလိုက် လူသတ်ပွဲကြီး လုပ်ဖို့ ပြင်ဆင်နေတဲ့အပေါ် စိုးရိမ်တယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောလိုက်ပါတယ်။
တိုက်ခိုက်မှုတခုအတွက် စုဝေးနေပုံရတဲ့ တင့်ကားတွေကို မြို့ရဲ့အပြင်ဘက်မှာ တွေ့ရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုရီးယား နူလန်ဒ် (Victoria Nuland) က ကြာသပတေးနေ့မှာ ပြောပါတယ်။ အာလက်ပိုမြို့ကို ထိန်းချုပ်ဖို့အတွက် အပြင်းအထန် ကြိုးစားတဲ့အနေနဲ့ တိုက်လေယာဉ်တွေ၊ စက်သေနတ်တင် ရဟတ်ယာဉ်တွေနဲ့ အစိုးရစစ်တပ်က တိုက်ခိုက်ခဲ့ပြီးပြီလို့ သူကပြောပါတယ်။
အာလက်ပိုမြို့ဟာ အရပ်သားအများအပြား နေထိုင်တဲ့မြို့ဖြစ်ပြီး လှပမှုနဲ့ ထင်ရှားကျော်ကြားမှုတွေရှိတဲ့ ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ်နေရာဖြစ်တယ်လို့ ပြောခွင့်ရသူ နူလန်ဒ်က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ အာလက်ပိုလူထုနဲ့အတူ ရှိနေတယ်လို့လည်း သူကဆိုပါတယ်။
အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်တွေက မြို့ကိုထိန်းချုပ်ဖို့ စစ်ဆင်ရေးတရပ် မဆင်နွှဲခင်အချိန် လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က အထိ အာလက်ပိုမြို့မှာ အခြေအနေတွေက အတော်လေး ငြိမ်ငြိမ်သက်သက် ရှိနေခဲ့တာပါ။