သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝင်းတင်ရဲ့ ဆောင်းပါး ရွေးကောက်ပွဲ ကော်မရှင် ခေါ်ယူ ဆွေးနွေး


NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပတ်စဉ် ထုတ်နေတဲ့ ဒီလှိုင်းဂျာနယ်မှာ နာယက အဖွဲ့ဝင် လည်းဖြစ်၊ ဝါရင့် သတင်းစာ ဆရာကြီးလည်းဖြစ်တဲ့ ဦးဝင်းတင် ရေးသားလိုက်တဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီး ဒီကနေ့ ရွေးကောက်ပွဲကော်မရှင်ကို သရော် လှောင်ပြောင်တဲ့ ရေးသားချက် တခုနဲ့ ပတ်သက်ပြီး ပါတီ တာဝန်ရှိသူတွေကို ခေါ်ယူ တွေ့ဆုံခဲ့ပါတယ်။ ရွေးကောက်ပွဲ ကာလအတွင်း မဲမသမာမှုတွေရှိခဲ့တယ်။ မဲပြားတွေမှာ ဖယောင်းသုတ် ဆိုပြီး NLD ဘက်က တရားစွဲဆိုလိုက်တာနဲ့ ဆက်စပ်ပြီး တုံ့ပြန်တဲ့အနေနဲ့ ရွေးကောက်ပွဲ ကော်မရှင်က ပါတီကို သတိပေးစာ ပေးပို့ပြီးနောက်မှာ သရော်စာဆန်ဆန် ဆောင်းပါတစောင်ကို ဇူလိုင်လ ၉ ရက်နေ့ထုတ် ဒီလှိုင်းဂျာနယ်မှာ ဦးဝင်းတင် က ရေးသားခဲ့တာပါ။ အပြည့်အစုံကိုတော့ ဒီကနေ့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ သွားတွေ့လာသူ တဦးဖြစ်သူ ဦးအုန်းကြိုင်ကို ဆက်သွယ် မေးမြန်းထားတဲ့ ဘန်ကောက်ရောက် ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။


NLD ပါတီနံမည်နဲ့ အပတ်စဉ် တရားဝင် ထုတ်ဝေနေတဲ့ ဒီလှိုင်းဂျာနယ်မှာ အခုလို ဆောင်းပါးရေး သားတာဟာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတယ်ဆိုပြီး ကော်မရှင်က ပါတီ တာဝန်ယူရှိသူတွေကို နေပြည်တော်မှာ ဒီကနေ့ ခေါ်ယူ တွေ့ဆုံခဲ့တာလို့ သွားရောက် တွေ့ဆုံတဲ့အထဲ လိုက်ပါသွားတဲ့ NLD လွှတ်တော်အမတ် ဦးအုန်းကြိုင်က ပြောပြပါတယ်။

“ဒီလိုဗျ၊ လွန်ခဲ့တဲ့ နှစ်ပတ်က ဒီလှိုင်းထုတ်မှာပါတဲ့ ဆရာဦးဝင်းတင်ရဲ့ ပိတ်ဟဲ့၊ ဆို့ဟဲ့၊ ပတ်ကြမ်း မတိုက်ပါစေနဲ့ - ဆိုတဲ့ ဆောင်းပါးကို သူတို့သိက္ခာ ထိပါးစေပါတယ်ဆိုပြီး ခေါ်ပြီးတော့ ဆွေးနွေး တာပဲဗျ။ သူတို့ကတော့ အသိပေးတာပါတဲ့၊ သတိပေးတာမဟုတ်ပါဘူးတဲ့။ အဲလိုပြောတယ် ခင်ဗျ။”

ရွေးကောက်ပွဲကာလအတွင်း မဲမသာမှုတွေရှိခဲ့တာနဲ့ မဲပြားတွေမှာ ဖရောင်းသုတ်တာတွေ ရှိခဲ့တယ်ဆိုပြီး ရွေးကောက်ပွဲပြီး မကြာခင်မှာပဲ NLD ပါတီက တရားစွဲဆိုခဲ့တာပါ။ အဲဒီနောက် မကြာခင်မှာပဲ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ရွေးကောက်ပွဲအတွင်း ဥပဒေစည်းကမ်းတွေ ချိုးဖောက်တာတွေ အပါအဝင် တခြားကျူးလွန်မှုတွေ ပါတီဝင်တွေပြုလုပ်နေတာတွေ့ရတဲ့ အတွက် ကော်မရှင်က ပါတီကို သတိပေးစာ ပေးပို့ခဲ့တာကြောင့် ဦးဝင်းတင်က ဇူလိုင်လ ၉ ရက်နေ့ထုတ် ဒီလှိုင်းဂျာနယ်မှာ “စည်းဟဲ့ ကမ်းဟဲ့ဆိုတာတွေ ပတ်ကြမ်း မတိုက်ပါစေနဲ့” ဆိုတဲ့ သရော်စာ ဆန်ဆန် ဆောင်းပါးတပုဒ်ရေးပြီး ပြန်လည် ချေပခဲ့တာပါ။

“ဆောင်းပါးရဲ့ဖြစ်ပုံက ဒီလိုဗျ၊ NLD ကပေါ့ဗျာ၊ ရွေးကောက်ပွဲကာလမှာ ဥပဒေ စည်းကမ်းတွေ ငြိတယ်ပေါ့။ တချို့ပါတီဝင်တွေ ဘာတွေ ပါတယ်ပေါ့။ သူတို့ရဲ့ ဥပဒေပါ စည်းကမ်းတွေကို ချိုးဖောက်တယ်ပေါ့။ အဲဒီပါတီဝင်တွေကို ထုတ်ပစ်နိုင်တယ်၊ ပါတီဝင်တွေကို ထုတ်မပစ်ဘူးဆိုရင် အဲဒီ ပါတီကိုပါ ရပ်ဆိုင်းပစ်နိုင်တယ်၊ ဘာ ညာနဲ့ ညွှန်ကြားချက်တစောင် ကျနော်တို့ဆီကို ပို့တယ်ဗျ။ သတိပေးတဲ့ ညွှန်ကြားချက်လိုပေါ့ဗျာ။ အဲဒီမှာတင် ဆရာ ဦးဝင်းတင်က အဲဒီဆောင်းပါး ကို ကောက်ပြီး ရေးလိုက်တာ။ ရေးလိုက်တဲ့စာက ဟာသရေးလိုက်တာပေါ့ဗျာ။

သရော်စာရေး လိုက်တော့ သူတို့ နည်းနည်း သူတို့ အခံခက်သွားပုံ ပေါက်ပါတယ်။ ဒါကြောင့် ခေါ်ပြီးတော့ ပြောတာ။ ဒါကြောင့် သွားပြောတယ်။ စာသဘောအရ satire ရေးတာပဲ။ ကျနော်တို့ ဘာမှလည်း မလုပ်ဘဲနဲ့ ခင်ဗျားတို့က လှမ်းသတိပေးတာကိုး-ဆိုတော့ သတိပေးတာ မဟုတ်ပါဘူးတဲ့။ အသိပေးတာပါတဲ့။ သူတို့က -အဲလိုတွေ မလုပ်ရင် အဲလိုတွေ ဖြစ်တတ်တယ် ဆိုပြီး ပြောတယ်ဗျ။ နောက်တခုက ကျနော်တို့ပါတီက ရွေးကောက်ပွဲကာလတုန်းက မဲဆွယ်တဲ့ ကိစ္စတွေ ဘာတွေနဲ့ ပတ်သက်လို့လည်း အခြေခံဥပဒေနဲ့ မညီဘူးဆိုပြီး ပြောတာတွေ ရှိတယ်။ အဲဒါတွေကိုလည်း ကျနော်တို့၊ ဦးဉာဏ်ဝင်းတို့က ဥပဒေအကိုးအကားတွေနဲ့ သူတို့ကို ပြန် ရှင်းပြခဲ့တယ်။ ဒါလောက်ပါပဲ၊ အေးအေးဆေးဆေးပါပဲ၊ အားလုံး ၄၅ မိနစ်လောက် ကြာပါတယ်။”

NLD ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ လွှတ်တော်အမတ်တဦးလည်းဖြစ်သူ ဦးအုန်းကြိုင် ပြောပြခဲ့တာပါ။

ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဖို့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကကိုယ်တိုင်က စာရေး အကြောင်းကြားခဲ့ပေမယ့်လည်း ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ပဲ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

NLD ဘက်ကတော့ ဦးအုန်းကြိုင်နဲ့ ဦးဉာဏ်ဝင်းတို့ သွားရောက် တွေ့ဆုံခဲ့ကြတာပါ။

မြန်မာအစိုးရရဲ့ သတင်းမီဒီယာ ဆင်ဆာအဖွဲ့က မဂ္ဂဇင်း ဂျာနယ်တွေမှာ သူတို့ မနှစ်သက်တဲ့ စာတွေပါရင် ခေါ်ယူသတိပေးသလိုပဲ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ဒီကနေ့ NLD တာဝန် ရှိသူတွေကို ခေါ်ယူသတိပေးခဲ့တာလို့ ဆိုနိုင်ပေမယ့်လည်း ရွေးကောက်ပွဲ ကော်မရှင်ကတော့ သတိပေးတာမဟုတ်ကြောင်းနဲ့ အသိပေး အကြောင်းကြားခြင်းသာ ဖြစ်ကြောင်း ပြန် လည် ပြောကြားခဲ့တယ်လို့ သိရပါတယ် ခင်ဗျား။
XS
SM
MD
LG