သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယရဲ့ နက္ခတ္တဗေဒ စီးပွားရေး


အာရှတိုက်မှာ တတိယမြောက် စီးပွားရေးအင်အား အကြီးမားဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ဖွံ့ဖြိုးမှုတွေ အားနည်း လာနေတဲ့ လက္ခဏာတွေ ထွက်ပေါ် လာနေတာနဲ့အမျှ စီးပွားရေး သမားတွေ သက်သာရာရမယ့် နည်းလမ်းပေါင်းစုံ ရှာနေကြပါတယ်။ ကိုးကွယ် ယုံကြည်မှုတွေ ပြင်းထန်တဲ့ အိန္ဒိယနိုင်ငံသား လုပ်ငန်းရှင်တွေကြား ဒီလိုနည်းလမ်း ရှာဖွေရာမှာတော့ ဘာသာရေးနဲ့ ဆက်နွယ်တဲ့ ပုံစံသစ်တွေလည်း ပါဝင်လာနေတာပါ။ စီးပွားရေးနဲ့ ယုံကြည်ကိုးကွယ်မှု ဘယ်လို ဆက်နွယ်လို့ ရနိုင်မလဲ ဆိုတာကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး ကတင်ပြထားပါတယ်။

ကမ္ဘာတဝှမ်း စီးပွားရေး ကျဆင်းမှုတွေအောက် ရုန်းကန်နေရတဲ့ တိုင်းပြည်တွေအနက် အိန္ဒိယနိုင်ငံဟာလည်း ငွေကြေး ဖောင်းပွမှုတွေ၊ ဖွံ့ဖြိုးမှု နှေးကွေးတာတွေ ရူပီးငွေတန်ဘိုး ကျဆင်းမှုတွေကြောင့် ရင်းနှီးမြုပ်နှံသူတွေအတွက် စိတ်မသက်သာစရာ ဖြစ်နေရပါတယ်။ ဒီလို အခြေအနေတွေဟာ စီးပွားရေးအတွက် လိုအပ်ချက်တွေ ကြီးကြီးမားမား ရှိနေတာ၊ မူဝါဒရေးရာ ချမှတ်မှုတွေမှာ အားနည်းတာတွေကြောင့်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပေမဲ့ တချို့ကတော့ နက္ခတ်တာရာတွေနဲ့ ဆိုင်တယ်လို့ ဆိုနေကြတာပါ။

အခုဆိုရင် ရင်းနှီးမြုပ်နှံသူတွေ အနေနဲ့ ဈေးကွက်ထဲက အပြောင်းအလဲတွေကို ဂြိုဟ်ပြောင်းဂြိုလ်လွဲ အပေါ် မူတည်ပြီး ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်မလဲ ဆိုတာကို ခန့်မှန်းနိုင်ဖို့ နက္ခတ္တဗေဒ ပညာရှင်တွေရဲ့ အကူအညီတွေကို ရယူလာကြတဲ့ အထိလည်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ အသစ်အဆန်း တခုခုကို လုပ်ကြတော့မယ်ဆိုရင် နတ်တွေကို ပူဇော်ပသလေ့ ရှိကြတာနဲ့အမျှ စီးပွားရေး အချက်အခြာ မွမ်ဘိုင်းမြို့မှာ ဆိုရင်လည်း ဂြိုဟ်ကြီး ကိုးလုံးကို ပူဇော်ပသထားတဲ့ နတ်ကွန်းမှာ လာဘ်လာဘရွှင်ဖို့ စီးပွားတက်ဖို့ ဆုတောင်းသူတွေ တန်းစီနေကြတာကိုလည်း တွေ့ရလေ့ ရှိပါတယ်။
မကြာသေးခင် ကာလတွေကစလို့ ကျဆင်းမှု အရိပ်အယောင်တွေ တွေ့မြင်လာနေရတဲ့ မွမ်ဘိုင်းမြို့ရဲ့ Wall Street လို့ ဆိုရမယ့် အစုရှယ်ယာပေါင်း ထောင်ဂဏန်းချီပြီး နေ့စဉ် အရောင်းအဝယ် လုပ်နေတဲ့ ဘုံဘေ စတော့အိတ်ချိန်း ဈေးကွက်က လုပ်ငန်းရှင်တွေလည်း ဒီအထဲမှာ ပါဝင်လာနေတာ ဖြစ်ပါတယ်။

အိန္ဒိယ စတော့ပွဲစား မဟရှ် ဂိုဝန်ဒေး (Mahesh Gowande) ကတော့ တနေ့တခြား ရှုပ်ထွေး လာနေပြီး အတိမ်းအစောင်း မခံနိုင်တဲ့ ဈေးကွက်ထဲက အခြေအနေတွေကို ခန့်မှန်းဖို့ နည်းလမ်းသစ်တွေကို ရှာနေရပြီလို့ ဆိုပါတယ်။
“ဈေးကွက်ထဲမှာ အပြင်က ရိုက်ခတ်မှုတွေကြောင့် နည်းပညာပိုင်းအရ ကိန်းဂဏန်းတွေက တချိန်လုံး ပြောင်းနေတာက နေ့တိုင်း လိုလို လက်တွေ့ ကြုံနေရတဲ့ ကိစ္စပါ။ ကိန်းဂဏန်း မှန်သမျှ နောက်ကို ရှောက်လိုက် နေရတာကလည်း တဖြည်းဖြည်းနဲ့ မလွယ်တော့ပါဘူး။ ဒါကြောင့်လည်း တခြားနည်းတွေနဲ့ ကိန်းဂဏန်းတွေကို တွက်ချက်ပြီး ကျနော်တို့အတွက် ပိုအကျိုးရှိမယ့် ကိန်းဂဏန်းတွေ ထွက်လာအောင် လုပ်နိုင်ဖို့ လိုလာပါတယ်။”

ဝေဒပညာရှင် တဦးဖြစ်တဲ့ ဆွာမိ အွမ်ကာ (Swami Omkar) ကတော့ စီးပွားရေး သမားတွေ ရင်းနှီးမြုပ်နှံမှုတွေမှာ အမြတ်ထွက်မယ့် နည်းလမ်းတွေ ရှာဖွေနေသူတွေ အတွက် လမ်းညွှန်နိုင်တယ်လို့ ဆိုပါတယ်။ နက္ခတ္တဗေဒနဲ့ ယောဂ ကျင့်စဉ်တွေကို သင်ကြား ပို့ချပေးနေတဲ့ Pranava Peetam Trust အသင်း ထူထောင်သူ ဆွာမိ အွမ်ကာ ဟာ ဘဏ္ဍာရေး လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲတွေကိုလည်း မကြာသေးခင်တုန်းကပဲ ကမကထလုပ် စီစဉ်နေသူပါ။
နက္ခတ္တဗေဒ သိပ္ပံပညာရပ်ကို ကျနော်တို့ စီးပွားရေး နယ်ပယ်နဲ့ ပေါင်းစပ်ထားပြီး၊ ဒါကိုလည်း ဘဏ္ဍာရေးဆိုင်ရာ နက္ခတ်ပညာ အဖြစ်နဲ့ လူတွေက ခေါ်နေကြပါပြီ။ ...
Swami Omkar - Pranava Peetam Trust ...


သူ့ရဲ့ အခြေခံ ယူဆချက်ကတော့ ဘဏ္ဍာရေး ဈေးကွက် အပါအဝင် သက်ရှိအရာ အားလုံးအပေါ် ဂြိုဟ်တာရာ နက္ခတ်တွေက လွှမ်းမိုး ထားတယ်လို့ ယုံကြည်ထားတာပဲ ဖြစ်ပါတယ်။ နက္ခတ္တ စီးပွားရေး လို့ ထင်ရှားလာနေတဲ့ ဒီပညာရပ်ဟာဆိုရင် ပြင်ပကမ္ဘာနဲ့ ဘဏ္ဍာရေး ဈေးကွက်ကြား ဆက်နွယ်နေတာတွေကို လေ့လာထားတာပါ။ ရင်းနှီးမြုပ်နှံသူတွေ၊ အစုရှယ်ယာ ဈေးကွက်က ပွဲစားတွေ၊ လုပ်ငန်းရှင်တွေ တက်ရောက် လာကြတဲ့ သူ့ရဲ့ အလုပ်ရုံ ဆွေးနွေးပွဲမှာ ဆိုရင်လည်း ဆွာမိ အွမ်ကာ က စတော့ဈေးကွက်မှာ အရောင်းအဝယ် လုပ်သင့်တဲ့ နေရာတွေကို ဝေဒနည်းပညာနဲ့ ရှင်းပြပါတယ်။

ကိန်းဂဏန်း အချက်အလက် ဇယားတွေ၊ တွက်ချက်မှုတွေနဲ့ စီးပွားရေး လုပ်ငန်းတွေက အပြောင်းအလဲတွေဟာ ဂြိုဟ်ပြောင်းဂြိုလ်လွဲတွေနဲ့ ဘယ်လို ဆက်နွယ်နေတယ်၊ အဓိကကျတဲ့ နက္ခတ်တာရာ အပြောင်းအလဲတွေ အပေါ် မှီတည်ပြီး ဘယ်လို အချိန်မျိုးမှာ စတော့တွေကို ဝယ်သင့်တယ် ဆိုတာတွေကို တွက်ပြသွားတာပါ။ စတော့တွေ ထုတ်ရောင်းဖို့ အကောင်းဆုံး အချိန်ကို တွက်နိုင်တဲ့ နည်းလမ်း တခုလည်း သူ့မှာရှိတယ်လို့ ဆိုပါတယ်။

အိန္ဒိယ နိုင်ငံအနှံ့ အခကြေးငွေယူပြီး ဘဏ္ဍာရေး လုပ်ငန်းတွေမှာ ဝေဒပညာနဲ့ တွက်ချက်မှုတွေ အတွက် ၂ ရက်ကြာ အလုပ်ရုံ ဆွေးနွေးပွဲတွေ ကျင်းပပေးနေတဲ့ နက္ခတ္တဗေဒ ပညာရှင် ဆွာမိ အွမ်ကာ က ဈေးကွက်ထဲက အပြောင်းအလဲတွေ အပေါ် နေ့စဉ် ခန့်မှန်းချက်တွေ ထုတ်ပေးနိုင်တဲ့ Shri Dhrishti လို့ အမည်ပေးထားတဲ့ ကွန်ပြူတာ ဆော့ဖ်ဝဲ တခုကိုလည်း တီထွင်ထားတာပါ။
“အံ့သြစရာ ကောင်းလောက်တဲ့ နက္ခတ္တဗေဒ သိပ္ပံပညာရပ်ကို ကျနော်တို့ စီးပွားရေး နယ်ပယ်နဲ့ ပေါင်းစပ်ထားပြီး၊ ဒါကိုလည်း ဘဏ္ဍာရေးဆိုင်ရာ နက္ခတ်ပညာ အဖြစ်နဲ့ လူတွေက ခေါ်နေကြပါပြီ။ ဒီအယူအဆသစ်ကိုလည်း ကျနော်တို့ ပေါင်းစပ် တီထွင်ထားပြီး မဟာလက်ချမီး နတ်သမီးရဲ့ အမြင် အဖြစ်နဲ့ စီးပွားတက်ပြီး ဝင်ငွေတိုးလာစေမယ့် ပညာရပ်အဖြစ် Sri Drishti လို့ ကျနော်တို့က အမည်ပေး ထားပါတယ်။”

ဒဏ္ဍာရီဆန်ဆန် နာမည်ပေးထားသလိုပဲ နက္ခတ္တပညာနဲ့ ပတ်သက်လို့ အခြေခံ ဗဟုသုတ မရှိတဲ့ သူတွေတောင် ဘဏ္ဍာရေး လုပ်ငန်းတွေ အတွက် တွက်ချက်ရာမှာ ဒီနည်းစနစ်ကို အသုံးချနိုင်တယ်လို့လည်း သူကဆိုပါတယ်။ ဘဝအတွက်ပဲ ဖြစ်ဖြစ် စီးပွားရေး အတွက်ပဲ ဖြစ်ဖြစ် ကြီးကြီးမားမား ဆုံးဖြတ်ချက်ချတဲ့ အခါမျိုးမှာ ဗေဒင်နက္ခတ် ဆရာတွေနဲ့ တိုင်ပင်လေ့ ရှိကြတဲ့ အိန္ဒိယ နိုင်ငံသားတွေ အထူးသဖြင့် ဟိန္ဒူဘာသာဝင်တွေ ကြားမှာတော့ ဝေဒပညာရှင် ဆွာမိ အွမ်ကာ ရဲ့ နည်းသစ်က အားကိုးစရာ တခုလည်း ဖြစ်လာနေတာပါ။ ကမ္ဘာ့ဘဏ္ဍာရေး ဈေးကွက်က မပြေလည်နိုင်သေးတဲ့ ပြဿနာတွေ၊ စီးပွားရေးဆိုင်ရာ မူဝါဒတွေ ချမှတ်ရာမှာ အိန္ဒိယ နိုင်ငံရေး သမားတွေ ငြင်းခုန် နေကြတာတွေက ရင်းနှီးမြုပ်နှံသူတွေ အတွက် စိုးရိမ်စရာ အကြောင်းရင်းတွေ ဖြစ်နေရပါတယ်။

ဆွာမိ အွမ်ကာ ရဲ့ အလုပ်ရုံ ဆွေးနွေးပွဲ တခုကို တက်ရောက်လာတဲ့ Tarot ဖဲဗေဒင် ပညာရှင် ရှီနီ နာအီရာ (Shini Nair) ကတော့ ဘဏ္ဍာရေးဆိုင်ရာ ဝေဒပညာ နည်းစနစ်သစ်ဟာ စတော့ဈေးကွက်မှာ အစုရှယ်ယာတွေ တက်နိုင်၊ ကျနိုင်မယ့် အခြေအနေတွေကို ဟောကိန်း ထုတ်ရာမှာ အထောက်အကူ ဖြစ်မယ်လို့ ယုံကြည်နေသူပါ။
“ကျမအတွက် တွက်ချက်မှုတွေ လိုပါတယ်။ ဈေးကွက်ထဲမှာ ဖြစ်လာတာတွေ၊ ဒါမှမဟုတ်ရင်လည်း လူတဦး တယောက် အတွက် ပစ္စည်း တမျိုးမျိုးက အလုပ်ဖြစ်တယ် ဆိုတာမျိုးတွေလို ဆက်နွယ်မှုတွေ ရှိတာတွေကို သချာၤနည်းနဲ့ တွက်တာမျိုးပါ။ ဒီလို ဆက်စပ်မှုမျိုးကို ကျမအနေနဲ့ သိရဖို့ လိုသလို၊ ဒီမေးခွန်း အတွက်လည်း အခုဒီနေရာမှာ အဖြေထွက်နိုင်ပါတယ်။”

ဒါပေမဲ့လည်း ဘဏ္ဍာရေး လုပ်ငန်းတွေအတွက် ဗေဒင်ဆရာတွေရဲ့ တွက်ချက်မှုတွေ အပေါ် အားလုံးကတော့ လက်ခံနေကြတာ မဟုတ်ပါဘူး။ ဈေးကွက်ထဲမှာ ဗေဒင်ပညာကို အားကိုးနေတာတွေဟာ စီးပွားရေးပညာ စံနှုန်းတွေ၊ ဘဏ္ဍာရေးဆိုင်ရာ သီအိုရီတွေနဲ့ လက်တွေ့မှာ မကိုက်တာတွေ ရှိနေတယ်လို့လည်း ဝေဖန်နေကြတာပါ။

အိန္ဒိယ လုပ်ငန်းရှင် တဦးဖြစ်တဲ့ ဒီရန်း ဒါလာ (Dhiren Dalal) ကတော့ စီးပွားရေး လောကက ရိုက်ခတ်မှုတွေ၊ မူဝါဒရေးရာ ချမှတ်သူတွေရဲ့ အဆုံးအဖြတ်တွေ အပေါ် မူတည် ပြောင်းလဲနေတဲ့ စတော့ ဈေးကွက်ထဲက အပြောင်းအလဲတွေအပေါ် ဗေဒင်ဆရာတွေ ဘယ်လိုများ ဟောကိန်း ထုတ်မှာလဲလို့ မေးခွန်းထုတ်ပါတယ်။
“ရင်းနှီးမြုပ်နှံမှုတွေက ဗေဒင်ပညာကို အားကိုးနေကြတာ မဟုတ်ပါဘူး။ ကျနော် ယူဆတာကတော့ အကြောင်းအရာ အမျိုးမျိုး အပေါ်မှာ မူတည်ပါတယ်။ စီးပွားရေး၊ ဘဏ္ဍာရေးနဲ့ ကမ္ဘာတဝှမ်းက အခြေအနေတွေ၊ အစိုးရတွေရဲ့ မူဝါဒတွေလို အခြေခံကျကျ ကိစ္စတွေမှာ မူတည်နေတာပါ။”

အိန္ဒိယရဲ့ စီးပွားရေး အားနည်းလာနေတဲ့ လက္ခဏာ တခုအဖြစ်နဲ့ကတော့ ကုန်ထုတ်လုပ်မှုတွေ ၄ လအတွင်း ၃ ကြိမ်မြောက်အဖြစ် ဇွန်လထဲမှာ ၁.၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တာပါ။ စီးပွားရေး ဖွံ့ဖြိုးမှု တခုလုံးမှာလည်း တနှစ်လုံးအတွက် အစောပိုင်း ခန့်မှန်းချက်တွေထက် လျော့နည်းပြီး ၁၀ နှစ်အတွင်း အနိမ့်ဆုံးအဖြစ် ၅.၅ ရာခိုင်နှုန်း လောက်ပဲ ဖြစ်မယ်လို့ ကျွမ်းကျင်သူတွေ တွက်ဆနေကြတာလည်း ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ထဲမှာ တက်လာခဲ့တဲ့ ပြည်ပတင်ပို့မှု ပမာဏဟာလည်း ဇွန်လထဲမှာ ဒေါ်လာသန်းပေါင်း ၂ သောင်းခွဲအထိသာ ရှိခဲ့ပြီး ၅.၄၅ ရာခိုင်နှုန်းသာ ရှိခဲ့တာပါ။

ဒီလို လက်တွေ့ကျကျ ကိန်းဂဏန်းတွေ တွေ့မြင်နေရချိန်မှာ ဗေဒင်ပညာနဲ့ စီးပွားရေးကို ကျားကန်နိုင်ပါ့မလား လက်တွေ့သမားတွေ အနေနဲ့ သံသယ ရှိနိုင်ပါတယ်။ ဒါပေမဲ့လည်း ဝေဒပညာရှင် ဆွာမိ အွမ်ကာ ရဲ့ နည်းနာသစ်တွေကို လက်ခံယုံကြည် သူတွေကတော့ စမ်းကြည့်တာ မမှားဖူးလို့ မြင်နေကြသလို၊ ဒီနည်းတွေနဲ့ စီးပွားရေးဆိုင်ရာ သုခဘုံကို အရောက်လှမ်းနိုင်မလား မျှော်လင့်ချက် ထားနေကြဆဲ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။
XS
SM
MD
LG