သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-မြန်မာ စီးပွားရေး အဆက်အဆံ


မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေနဲ့အတူ စီးပွားရေး အလားအလာတွေ ပေါ်ပေါက် လာနိုင်တဲ့အတွက် နိုင်ငံတကာ လုပ်ငန်းတွေ ဝင်ရောက် လုပ်ကိုင်ဖို့ စိတ်အား ထက်သန် နေကြပါတယ်။ အရေးယူ ဒဏ်ခတ်မှုတွေ လျှော့ပေါ့ပေးထားတဲ့ အမေရိကန် ပြည်ထောင်စုက လုပ်ငန်းရှင်တွေလည်း စီးပွားရေး အလားအလာတွေကို အကဲခတ်ဖို့ မကြာသေးခင်ကပဲ မြန်မာနိုင်ငံထဲ သွားရောက်ခဲ့ကြတာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံနဲ့ ပြည်ပတိုင်းပြည်က လုပ်ငန်းတွေ ဆက်စပ် လုပ်ကိုင်နိုင်ဖို့ စိမ်ခေါ်မှုတွေလည်း ကြီးကြီးမားမား ရှိနေတုန်းပဲလို့ ကျွမ်းကျင်သူတွေ ထောက်ပြနေကြတဲ့ အကြောင်းကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး ကတင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်နိုင်မယ့် အလားအလာတွေ၊ စိမ်ခေါ်မှုတွေ ရှိနေတဲ့အကြောင်း အမေရိကန် ကုမ္ပဏီပေါင်း ၂၀ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တာဝန်ရှိသူတွေ မြန်မာနိုင်ငံ ခရီးစဉ် အဆုံးသတ်ချိန်မှာ အသိအမှတ်ပြု ပြောဆိုသွားကြပါတယ်။ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ပထမဆုံးအကြိမ် အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ တွေ့ဆုံခဲ့တဲ့ ၃ ရက်ကြာ ခရီးစဉ်မှာတော့ အမေရိကန်နဲ့ မြန်မာနိုင်ငံကြား စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက် သွားနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတာပါ။

စီးပွားရေး ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ခဲ့တဲ့ စင်္ကာပူ အခြေစိုက် အမေရိကန် ကုန်သည်ကြီးများ အသင်းရဲ့ ဥက္ကဋ္ဌ ဆိုင်မွန် ခန် (Simon Kahn) ကတော့ ၂ နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုတွေကနေ အကျိုးကျေးဇူး ခံစားရနိုင်တဲ့ အလားအလာကောင်းတွေ ကြီးကြီးမားမား ရှိနေတယ်လို့ ပြောပါတယ်။
“လုပ်ငန်းပေါင်းစုံမှာ အခွင့်အလန်းတွေ ကြီးကြီးမားမား ရှိနေတယ် ဆိုတာက အမေရိကန် ကုမ္ပဏီတွေ အတွက်တင် မကပါဘူး၊ မြန်မာနိုင်ငံ ဖွံဖြိုးတိုးတက်ရေးမှာလည်း အထောက်အကူ ပေးနိုင်တာက ပိုပြီးတော့တောင် အရေးကြီးတယ်လို့ ဆိုနိုင်ပါတယ်။”

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကစလို့ အရပ်သား အစိုးရ တရပ်အဖြစ် ပေါ်ပေါက် လာပြီးတဲ့နောက် ၂ နိုင်ငံကြား အပြန်အလှန် ဆက်ဆံရေးတွေ တိုးမြှင့်လာရာက စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ အမေရိကန် ပြည်ထောင်စုက အရေးယူ ဒဏ်ခတ်မှုတွေကိုလည်း လျှော့ပေါ့ ပေးခဲ့တာပါ။ အမေရိကန် ကုမ္ပဏီတွေ မြန်မာနိုင်ငံအတွက် ဘဏ္ဍာရေး ဝန်ဆောင်မှု လုပ်ငန်းတွေ လုပ်ကိုင်ခွင့် လိုင်စင်တွေကိုလည်း ခွင့်ပြုပေးခဲ့သလို၊ အချေအတင် ဖြစ်စရာ ဖြစ်နေရတဲ့ မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍ အပါအဝင် ရင်းနှီးမြုပ်နှံမှု အသစ်တွေ လုပ်ကိုင်ခွင့်လည်း ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက်လည်း နှစ်ပေါင်းများစွာ မြန်မာနိုင်ငံနဲ့ အဆက်ပြတ်နေခဲ့တဲ့ အမေရိကန် ကုမ္ပဏီတွေ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ စနည်းနာ အကဲခတ်တာတွေလည်း လုပ်လာခဲ့ကြတာပါ။
တော်တော်များများက ငွေထုတ်ပြီး လုပ်ကိုင်တဲ့ အထိတော့ မရှိသေးဘူးလို့ ကျနော် ယူဆပါတယ် ...
Prof. Sean Turnell - Macquarie University ...


ဒါပေမဲ့လည်း မြန်မာ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ ရေရှည်ခံမခံ၊ လုပ်ငန်းတွေ ဝင်ရောက် လုပ်ကိုင် ရလောက်အောင် အခြေအနေ ပေးမပေး၊ အခုအချိန်အထိ မရေရာသေးတာမို့ လက်တွေ့မှာတော့ အကြီးအကျယ် ရင်းနှီးမြုပ်နှံ လုပ်ကိုင်လာတာမျိုး မတွေ့ရ သေးဘူးလို့ သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်က ပါမောက္ခ ရှောင်တာနဲလ် (Sean Turnell) က ပြောပါတယ်။
“အခွင့်အလန်းကောင်းတွေ ရှိနေတယ်ဆိုတာကတော့ မှန်တယ်လို့ ကျနော်ထင်ပါတယ်။ ကုမ္ပဏီတွေ တော်တော်များများ သွားပြီး စနည်းနာကြတာ၊ အခြေအနေကို အကဲခတ်တာတွေ ရှိပါတယ်။ ဒါပေမဲ့လည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေလို အခြေအနေ တော်တော်များများက စိတ်ချရတဲ့အထိ ဖြစ်ဖို့ လိုသေးတာကြောင့် ဒီအထဲက တော်တော်များများက ငွေထုတ်ပြီး လုပ်ကိုင်တဲ့ အထိတော့ မရှိသေးဘူးလို့ ကျနော် ယူဆပါတယ်။”

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ အားကောင်းလာမယ် ဆိုရင်တော့ ဒေသတွင်းမှာ စီးပွားရေးအရ ထိပ်တန်း နိုင်ငံတခုအထိ ဖြစ်လာနိုင်တယ်လို့လည်း နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေက ခန့်မှန်းထားတဲ့အတွက် အမေရိကန် အပါအဝင် ပြည်ပက လုပ်ငန်းကြီးတွေ မြန်မာနိုင်ငံမှာ ဝင်ရောက် လုပ်ကိုင်နိုင်ဖို့ စိတ်အား ထက်သန်နေတာပါ။
GE ကုမ္ပဏီက မြန်မာနိုင်ငံမှာ လုပ်ငန်းတချို့လုပ်ဖို့ သဘောတူထားပါတယ်။
GE ကုမ္ပဏီက မြန်မာနိုင်ငံမှာ လုပ်ငန်းတချို့လုပ်ဖို့ သဘောတူထားပါတယ်။
ဇူလိုင်လထဲမှာ တုန်းကလည်း GE, Coca Cola, Caterpillar, Goldman Sachs စတဲ့ ထင်ရှားတဲ့ ကုမ္ပဏီကြီးတွေ အပါအဝင် အမေရိကန် လုပ်ငန်း ၃၇ ခုက ထိပ်တန်း စီးပွားရေး သမားပေါင်း ၇၀ လောက် ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့တဖွဲ့ မြန်မာနိုင်ငံကို သွားရောက် လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လက်တွေ့အားဖြင့် လုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ အတွက် အဟန့်အတားတွေကလည်း ရှိနေဆဲပါ။

အထူးသဖြင့်ကတော့ ပြည်ပက ရင်းနှီးမြုပ်နှံမှုတွေအတွက် လုပ်ထုံးလုပ်နည်း အသေးစိတ်တွေ ပါဝင်မယ့် ဥပဒေတရပ် အခုအချိန်အထိ ထွက်ပေါ် မလာသေးတဲ့အတွက် ရှေ့ဆက် ဘာမှ မလုပ်နိုင်တဲ့ အခြေအနေမျိုး ဖြစ်နေရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ် မစ်ချဲ (Derek Mitchell) ကပြောပါတယ်။
“ရင်းနှီးမြုပ်နှံမှု ဥပဒေနဲ့ ပတ်သက်လို့ကတော့ ကျနော်ပြောခဲ့ သလိုပါပဲ အတွင်းကျကျတော့ မသိရပါဘူး။ ဒါက ကျနော်တို့ အတွက်ရော တခြားစီးပွားရေး လုပ်ငန်းတွေ အတွက်ပါ စိုးရိမ်စရာ ဖြစ်နေရပါတယ်။ မူကြမ်းနဲ့ ပတ်သက်လို့ ဘာတွေ ဆွေးနွေး ပြောဆိုနေတယ် ဆိုတာတွေကို သိရပြီး အနည်းဆုံး မှတ်ချက်ပေးတာ၊ တိုင်ပင်တာတွေ လုပ်နိုင် ဆိုရင်တော့လည်း ကောင်းတာပေါ့ဗျာ။”

ပြည်ပက ရင်းနှီးမြုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ဖို့ ရည်ရွယ်ပြီး ၁၉၈၈ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေကိုတော့ ပြန်လည် ပြင်ဆင်ပြီး လွှတ်တော်မှာ တင်သွင်းထားပြီး အသေးစိတ် ပြင်ဆင်မှုတွေကို လုပ်ဆောင်နေတာပါ။ ဥပဒေသစ်မှာ မြန်မာနိုင်ငံက အငယ်စားနဲ့ အလတ်စား ကုန်ထုတ်လုပ်ငန်းတွေနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေ၊ ပြည်တွင်း လုပ်ငန်းရှင်တွေရဲ့ စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းတွေ စတာတွေကို နိုင်ငံခြားက ရင်းနှီးမြုပ်နှံတာမျိုးကို ခွင့်မပြုပဲ တားဖြစ်ထားဖို့ အဆိုပြုချက်တွေ ပါဝင်တယ်လို့လည်း လွှတ်တော် အသိုင်းအဝိုင်းက ပြောပါတယ်။ ဒီလိုပဲ ပြည်တွင်း လုပ်ငန်းရှင်တွေ လက်လှမ်းမမီတဲ့ အဆင့်မြင့် နည်းပညာ လုပ်ငန်းတွေမှာသာ ပြည်ပလုပ်ငန်းတွေကို ရာခိုင်နှုန်းပြည့် ရင်းနှီးမြုပ်နှံခွင့်ပြုဖို့၊ ကျန်လုပ်ငန်းတွေမှာတော့ အစိုးရနဲ့ဖြစ်ဖြစ် ပြည်တွင်းလုပ်ငန်း တခုခု၊ လူပုဂ္ဂိုလ် တဦးဦးနဲ့ဖြစ်ဖြစ် အစုရှယ်ယာ အနည်းဆုံး ၃၅ ရာခိုင်နှုန်း ထည့်ဝင်ပြီး ဖက်စပ် လုပ်ကိုင်ခွင့်ပြုဖို့ စတာတွေ ထည့်သွင်းထားတာပါ။

နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေ မြေငှားရမ်းခွင့်ကိုတော့ ဥပဒေဟောင်းမှာ နှစ်ပေါင်း ၃၀ ခွင့်ပြုထားရာကနေ နှစ်ပေါင်း ၅၀ အထိ တိုးမြှင့်ဖို့နဲ့ လိုအပ်ရင် နောက်ထပ် ၁၀ နှစ်စီ ၂ ကြိမ် သက်တမ်းတိုးခွင့် ပေးသွားဖို့လည်း ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဒီလိုပဲ ရင်းနှီးမြုပ်နှံမှု စတင်လုပ်ဆောင်တဲ့ အချိန်ကစလို့ ၅ နှစ် အခွန်ကင်းလွတ်ခွင့်ပြုဖို့ နောက်ပိုင်းမှာလည်း စီးပွားရေး လုပ်ငန်းတွေက တိုင်းပြည်အတွက် အကျိုးရှိမယ်ဆိုရင် တိုးပေးသွားဖို့ စတာတွေကိုလည်း အဆိုပြုထားတာပါ။

ဒါပေမဲ့လည်း ဥပဒေအဖြစ် ပြီးခဲ့တဲ့နှစ်မှာ ကတည်းက ထွက်ပေါ်လာမယ်လို့ အများကမျှော်လင့်ထားပေမဲ့ အခုအချိန်အထိ အတည်မပြုနိုင်သေးပဲ ဖြစ်နေတာမို့ စီးပွားရေး သမားတွေကြား ပဟေဠိ ဖြစ်နေရတယ်လို့ မြန်မာ့စီးပွားရေး အခြေအနေကို စောင့်ကြည့် လေ့လာနေတဲ့ ပါမောက္ခ တာနဲလ် ကပြောပါတယ်။
“ကျနော် နားလည် ထားသလောက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ အချေအတင် ဆွေးနွေးမှုတွေ နောက်ထပ် လနဲ့ချီ လုပ်ကြဦးမှာပါ။ ဒါကိုလည်း နိုင်ငံတကာ ရင်းနှီးမြုပ်နှံသူတွေက စိတ်ဝင်တစား စောင့်စားနေကြတယ်လို့ ထင်ပါတယ်။ ပြည်တွင်းလုပ်ငန်း တချို့ကတော့ ပြည်ပလုပ်ငန်းတွေနဲ့ ယှဉ်ပြိုင်ရာမှာ သူတို့အတွက် အကာအကွယ် ရစေမယ့် အစီအမံတွေ အတွက် တွန်းအားပေးနေတာတွေ ရှိတယ်လို့ ပြောနေကြတာလည်း ကြားရပါတယ်။”

စီးပွားရေး လုပ်ငန်းတွေအတွက် လုပ်ထုံးလုပ်နည်းတွေ ထွက်ပေါ်လာဖို့ ကြန့်ကြာမှုတွေကြောင့် ပြည်ပက ရင်းနှီးမြုပ်နှံလိုသူတွေ အခက်ကြုံ နေရသလို ပြည်တွင်း လုပ်ငန်းရှင်တွေ ဖက်ကတော့ အမေရိကန်ရဲ့ ဒဏ်ခတ်မှုတွေ အကန့်အသတ်နဲ့သာ လျှော့ပေါ့ ပေးထားတာကြောင့် အဟန့်အတားတွေ ရှိနေတယ်လို့ အပြစ်ဖို့ နေကြတာပါ။

အထူးသဖြင့်ကတော့ စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို အပြည့်အ၀ ဖယ်ရှား မပေးသေးတဲ့အတွက် အမေရိကန် ဒေါ်လာနဲ့ ချိတ်ဆက် လုပ်ကိုင်ရတဲ့ နိုင်ငံတကာ ကုန်သွယ်မှု လုပ်ငန်းတွေမှာ အခက်တွေ့ရတယ်လို့ မြန်မာ-တရုတ် ကုန်သည်ကြီးများ အသင်းရဲ့ ဥက္ကဋ္ဌ လိုင် ဆောင်ရှန်း (Lai Songsheng) ကပြောပါတယ်။
“မြန်မာနိုင်ငံက ကျနော်တို့ ကုမ္ပဏီ အနေနဲ့ ငွေအလွဲှအပြောင်းတွေ၊ လက်ခံတာတွေ လုပ်တဲ့ နေရာမှာ အခက်အခဲတွေ အများကြီး ကြုံနေရပါတယ်။ တခါတလေ ကံမကောင်းရင် ပိုက်ဆံတွေကို ထိန်းချုပ်ခံရတာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။”

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ခွင့်ပြုလိုက်တဲ့ အထွေထွေ လုပ်ပိုင်ခွင့် လိုင်စင် အမှတ် ၁၆ နဲ့ ၁၇ တို့အရ အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှုတွေနဲ့ ရင်းနှီးမြုပ်နှံမှု အသစ်တွေကို လုပ်ကိုင်ခွင့် ရကြတော့မှာ ဖြစ်ပေမဲ့လည်း ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေအရ မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ တင်သွင်းခွင့်ကို တားမြစ်ထားတဲ့ ဥပဒေကိုတော့ သြဂုတ်လ ၂ ရက်နေ့ကပဲ အမေရိကန် လွှတ်တော်က နောက်ထပ် တနှစ် သက်တမ်း တိုးထားတာပါ။

ဒီလို တားမြစ်ချက်တွေကြောင့် မြန်မာလုပ်ငန်းရှင်တွေအတွက် နစ်နာစရာတွေ ဖြစ်ရတယ်လို့ မြန်မာနိုင်ငံ ကုန်သွယ်မှု မြှင့်တင်ရေး ကောင်စီ ဒုဥက္ကဋ္ဌ ဂေါင် ဂျင်ချွန်း (Gao Jingchuan) ကပြောပါတယ်။
“အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံမှာ လွတ်လွတ်လပ်လပ် ရင်းနှီးမြုပ်နှံဖို့ အခုအခါ ခွင့်ပြုလိုက်ပါပြီ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံကနေ အမေရိကန် ပြည်ထောင်စုကို ကုန်တင်ပို့မှုတွေမှာတော့ တားမြစ်ထားဆဲ ဖြစ်ပါတယ်။ ဒါက ကျနော်တို့အတွက် နစ်နာပါတယ်။”

ဝေဖန်သူတွေကတော့ ကုန်တင်ပို့မှုကို အမေရိကန်က ဆက်လက် တားမြစ်ထားတဲ့အတွက် မြန်မာနိုင်ငံက ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ တိုးတက်မှုမှာ အဟန့်အတား ဖြစ်ရတယ်လို့ ပြောကြပါတယ်။ အမေရိကန် အစိုးရကတော့ ဒဏ်ခတ်မှုတွေ လျှော့ပေးပြီး စီးပွားရေး လုပ်ကိုင်ခွင့် ပေးသွားမယ် ဆိုပေမဲ့လည်း ပွင့်လင်းမြင်သာမှု မရှိတာ၊ စစ်တပ်က တိုင်းပြည် စီးပွားရေးမှာ လွှမ်းမိုးနေတာတွေနဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက် လုပ်ဆောင်သွားဖို့ လိုသေးတယ်လို့ သတိပေး ထားတာပါ။ ဒီအတွက်လည်း မြန်မာလူထုအတွက် အထောက်အကူ ဖြစ်စေမယ့် ကဏ္ဍတွေကို ဦးစားပေးပြီး အရေးယူ ဒဏ်ခတ်မှုတွေကို တဖြည်းဖြည်းချင်းသာ လျှော့ပေါ့ပေးနိုင်မယ်လို့ ပြောဆိုထားတာလည်း ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။
XS
SM
MD
LG