သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးဒဏ်သင့် မြန်မာ့ လယ်ယာကဏ္ဍ


မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ မိုးအကြီးအကျယ် ရွာသွန်းမှုတွေနဲ့အတူ ရေကြီးရေလျှံမှုတွေကြောင့် လယ်ယာမြေတွေ ထိခိုက်ပျက်စီးမှုတွေ ကြုံနေရပါတယ်။ ဒီအတွက် တိုင်းပြည်ရဲ့ ပင်မစီးပွားရေးဖြစ်တဲ့ စိုက်ပျိုးရေး လုပ်ငန်းမှာ ထိခိုက်မှုတွေ ကြုံရမှာကို စိုးရိမ်မကင်း ဖြစ်သံတွေလည်း ထွက်ပေါ်နေတာပါ။ ဆန်စပါး ထုတ်လုပ်ရေး လုပ်ငန်းက တာဝန်ရှိသူတွေကတော့ ထိခိုက်မှုတွေ ကနေ သက်သာရာ ရနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေကြတဲ့ အကြောင်းကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး ကတင်ပြထားပါတယ်။
ဧရာဝတီတိုင်းမှာ ဆိုလို့ရှိရင် အကြမ်းဖျင်း ဘယ်လောက်ရှိလဲဆိုတော့၊ ရေနစ်မြုပ်တဲ့ဧက ၂ သိန်း ၆ သောင်းလောက်ရှိတယ် ...
ဦးရဲမင်းဦး - မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်း...

မြန်မာနိုင်ငံအနှံ့ စံချိန်ချိုးလောက်အောင် မိုးတွေ ဆက်တိုက် ဆိုသလို ရွာသွန်းရာက ရေလွှမ်းမိုးမှုတွေ ရှိခဲ့တဲ့အတွက် ထိခိုက်ပျက်စီးမှုတွေ ကြုံနေရတဲ့အထဲ အထူးသဖြင့်ကတော့ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းတွေ အဓိက လုပ်ကိုင်ရာ မြစ်ဝကျွန်းပေါ်ဒေသနဲ့ ပဲခူးတိုင်းအတွင်း လယ်မြေဧကပေါင်း သိန်းနဲ့ချီ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပွားနေပါတယ်။ စိုက်ပျိုးရေး လုပ်ငန်းက ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်အရ မြစ်ဝကျွန်းပေါ် ဒေသနဲ့ ပဲခူးတိုင်းအတွင်း စိုက်ပျိုးမြေ ဧကပေါင်း ၆ သိန်း လောက်အထိ ရေကြီးတဲ့ဒဏ် ခံနေရတာပါ။

ဒါပေမဲ့လည်း စုစုပေါင်း စိုက်ပျိုးဧက ခန့်မှန်းချေ ၁၅ သန်းကျော်လောက် ရှိနေတာမို့ လတ်တလော ထိခိုက်မှုတွေဟာ စိုးရိမ်ရလောက်တဲ့ အခြေအနေတော့ မရောက်သေးဘူးလို့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းရဲ့ အထွေထွေ အတွင်းရေးမှူး တဦးဖြစ်တဲ့ ဦးရဲမင်းဦး ကပြောပါတယ်။
“ဧရာဝတီတိုင်းမှာ ဆိုလို့ရှိရင် အကြမ်းဖျင်း ဘယ်လောက်ရှိလဲဆိုတော့၊ ရေနစ်မြုပ်တဲ့ဧက ၂ သိန်း ၆ သောင်းလောက်ရှိတယ်။ ၂ သိန်း ၆ သောင်း ၇ ထောင်လောက်ရှိတယ်။ အဲဒီကမှ ပြန်ပေါ်လာတာတွေက ၆ သောင်းကျော်လောက် ရှိတယ်၊ ရေပြန်ပေါ်လာတာ။ ရေနစ်မြုပ်ပြီး ကျန်နေတဲ့ ဧကကလည်း ၂ သိန်းလောက်ရှိတယ်။ ပြန်စိုက်ရမယ့် ပျက်စီးတဲ့ဧက ၅ သောင်းလောက် ရှိတယ်။ ဒီဟာတွေက ပြန်စိုက်ရမယ့် သဘောတွေ ဖြစ်တာပေါ့။ ပဲခူးတိုင်းမှာ ဆိုရင်လည်း ဒီအတိုင်းပဲ၊ ရေနစ်မြုပ်တဲ့ဧက ၁ သိန်း ၇ သောင်းလောက် ရှိတယ်။ ပြန်ပေါ်လာတာတော့ ၁ သိန်း ၃ သောင်းလောက် ရှိတော့ ရေလွှမ်းဆဲ ဧက ၃-၄ သောင်းလောက်ပဲ ရှိတယ်။ အဲဒီ ၃-၄ သောင်းလောက်မှာ တကယ်ပျက်စီးတဲ့ ဧက ၁ သောင်းလောက်ပဲ ရှိတဲ့ အနေအထားကို တွေ့ရတယ်။ မနေ့ကဆို ၈ ထောင်လောက်ပဲရှိတယ်။ ၈-၉ ထောင်လောက်ပဲ ရှိတယ်။ ဒီနေ့ ထပ်မကျတဲ့ အခါမှာ ထပ်မကျတဲ့ နေရာကို အပျက်အစီး စာရင်းကိုတိုးတော့ ဧက တသောင်းလောက် ဖြစ်လာတာပေါ့နော်။ အဲဒီတော့ အကြမ်းဖျင်း ပြောရင်တော့ အရမ်းကြီး စိုးရိမ်စရာတော့ မရှိပါဘူး။”

ဆန်စပါး လုပ်ငန်း အသင်း အနေနဲ့ကတော့ ထိခိုက်ပျက်ဆီးသွားတဲ့ လယ်မြေတွေမှာ ပြန်လည် စိုက်ပျိုးနိုင်ဖို့ မျိုးစပါးတွေ စတင်စုဆောင်းနေပြီး၊ လတ်တလော တင်းပေါင်း ၃ သောင်းကျော် ၄ သောင်းလောက်အထိ ရရှိထားတယ်လို့လည်း ပြောပါတယ်။ ဒီလိုပဲ စပါးစိုက်ဖို့ မဖြစ်နိုင်တော့တဲ့ ဒေသတွေအတွက် တခြား ဘယ်လို သီးနှံတွေကို စိုက်ပျိုးလို့ ရနိုင်မလဲ ဆိုတာကို လေ့လာ သွားမယ်လို့လည်း ပြောခဲ့တာပါ။ ဒါပေမဲ့ တချိန်တည်းမှာပဲ ဒီလို အကူအညီ ပေးနိုင်ဖို့အတွက် လယ်သမားတွေနဲ့ အခြေခံ ဖွဲ့စည်းထားတဲ့ အသင်းအဖွဲ့တွေ အားနည်းတာ၊ ဆက်သွယ်ရေးနဲ့ ခရီးလမ်းပမ်း သွားလာရေးလို အခြေခံ အဆောက်အအုံ ချို့တဲ့မှုတွေက ထိခိုက်နစ်နာမှု ပမာဏကို တိုင်းတာဖို့၊ နောက်တဆင့် အနေနဲ့ အကူအညီ ပေးဖို့ အစီအစဉ်တွေမှာ ကြီးမားတဲ့ စိမ်ခေါ်မှုတွေ ဖြစ်နေရတယ်လို့လည်း ပြောပါတယ်။
ဆန်စပါး လုပ်ငန်း အသင်း အနေနဲ့ကတော့ ထိခိုက်ဆုံးရှုံးမှု ခံကြရတဲ့ အတိုင်းအတာပေါ် မူတည်ပြီး လယ်သမားတွေကို ဦးစားပေး ကူညီနိုင်ဖို့ ရည်ရွယ်ထားတဲ့ အကြောင်း အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းဦး ပြောပါတယ်။
“တချို့ဟာကတော့ ရေမြုပ်တာက လုံးလုံး ဆုံးရှုံးတာ မဟုတ်သေးဘူး၊ စောင့်ကြည့်ရဦးမှာ။ လုံးလုံး ဆုံးရှုံးတဲ့ အနေအထားမှာတော့ ဒေသဆိုင်ရာ အာဏာပိုင်ရော၊ အသင်းအဖွဲ့ရောက ကူညီဖို့တော့ စဉ်းစားရမှာပေါ့။ လုံးလုံး ဆုံးရှုံးသွားတဲ့ အနေအထား အပေါ်မှာ ထပ်ပြီးတော့ အတိုးတွေ ဆင့်တာတို့ ဘာတို့ ဒါမျိုးတော့ ဘယ်သူမှ လုပ်မှာလည်း မဟုတ်ဘူး။ ကျနော်တို့ဆီ တင်ပြလို့ ရှိရင်လည်း ဒီကိစ္စတွေ အပေါ်မှာ လုံးဝဆုံးရှုံးတာတွေကို တင်ပြပါ၊ တံခါးဖွင့်ထားပါတယ်။ ဒါကြောင့်မို့လို့လည်း ဆန်စပါး အသင်းခွဲတွေ ကလည်း ပြောတယ်၊ ဒါတွေကို တင်ပြပါ။ ဘယ်နေရာမှာ ဘယ်ကျေးရွာမှာတော့ ဘယ်လို ဖြစ်သွားလို့ လုံးလုံး ဆုံးရှုံးသွားပါပြီ၊ ဘယ်လိုတော့ လုံး၀ မလုပ်နိုင်ပါဘူး ဆိုတာမျိုး တင်ပြဖို့။ အဲဒီလိုမျိုး တင်ပြဖို့ တံခါးဖွင့်ထားတဲ့ အခါမှာလည်း တင်ပြတဲ့ အနေအထားက နည်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ community (လူထုအခြေပြု) အဖွဲ့အစည်းတွေ မရှိဘူး။ ဒီလို မရှိတဲ့ အခါမှာ လယ်သမားကလည်း သူ့ဒုက္ခကို ခါးစည်းပြီးတော့ ခံရတယ်။ သူ့ဖာသာသူ ဘယ်သူ့ ပြောရမှန်းလည်း မသိဘူး၊ သဘောက။”

ဒါပေမဲ့လည်း မြန်မာနိုင်ငံရဲ့ ပင်မစီးပွားရေး လုပ်ငန်းဖြစ်တဲ့ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ရေဘေးဒဏ် ခံရတဲ့ ပမာဏက ပြင်းထန်မယ်၊ အချိန်မီ ပြန်လည် စိုက်ပျိုး နိုင်တာမျိုးတွေလည်း မရှိဘူးဆိုရင်တော့ ဒီနှစ်စပါးပေါ်ချိန်မှာ ဈေးကွက်ကို ရိုက်ခတ်လာမှာ ကုန်သည်တွေ စိတ်ပူနေပါတယ်။

အထူးသဖြင့် ဆန်စပါး အဓိက စိုက်ပျိုးရာ မြစ်ဝကျွန်းပေါ်နဲ့ ပဲခူးတိုင်းတို့မှာ ကြုံခဲ့ရတဲ့ ရေဘေးဒဏ်ကြောင့် မိုးစပါးပေါ်ချိန်မှာ ဈေးနှုန်းတွေ မတည်မငြိမ် ဖြစ်နိုင်တယ်လို့ ရန်ကုန်မြို့က ဆန်ကုန်သည် တယောက်က ပြောပါတယ်။
“မိုးစပါး ကတော့ဗျာ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း စပ်ကြားနဲ့ ရန်ကုန်တိုင်း ဖက်ကတော့ လယ်ကွင်းတွေ ပျက်သွားတော့ ဆန်စပါး အထွက်ကတော့ လျော့မယ်ထင်တယ်။ လျော့မယ် ဆိုတာထက် ရေကျနောက်လိုက် စပါးတော့ ဖြစ်ချင်ဖြစ်မှာပေါ့။ သူတို့ ပြန်တော့ စိုက်မယ် ပြောတယ်။ သဘောကတော့ ပုံမှန် အနေအထားတော့ မရနိုင်ဘူး။ ဂယက်ကတော့ ရိုက်မယ်ထင်တယ်။ ဆန်စပါး အသင်းကတော့ ဆန်လက်ကျန်တွေ ထုတ်ရောင်းမယ် ဆိုရင်တော့ ဈေးကွက်ကို ထိန်းနိုင်မယ် ပြောနေတယ်။ ကျနော်ကတော့ သိပ်မထင်ဘူး။ သူတို့ ရောင်းတဲ့ ဆန်ဆိုတာက ရန်ကုန်ကို ဝင်တဲ့ဆန်၊ ဧရာဝတီတိုင်းက ဝင်တဲ့ဆန် တရက်စာလောက်ပဲ ရှိတာ။ တကယ်တမ်း ပျက်ရိုးမှန်လို့ ရှိရင်တော့ ဈေးနည်းနည်း တက်မှာကတော့ သေချာတယ်လေ။”

ရေကြီးမှုကြောင့် လယ်ယာ စိုက်ပျိုးရေး ကဏ္ဍမှာ ထိခိုက်ဆုံးရှုံးမှုတွေ ရှိနေတဲ့ အတွက်လည်း ဒီနှစ်ထဲ ဆန်တန်ချိန် တသန်းလောက် ပြည်ပကို တင်ပို့ဖို့ ရည်မှန်းထားတဲ့ အစီအစဉ်အပေါ် မေးခွန်း ထုတ်တာတွေလည်း ရှိနေကြတာပါ။ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေ ကတော့ ပြည်ပတင်ပို့ခွင့် ပေးထားတဲ့အပေါ် ကန့်သတ်သွားဖို့ အစီအစဉ် မရှိပေမဲ့ တင်ပို့ခွင့်ပြုမယ့် ပမာဏကိုတော့ စဉ်းစားဆုံးဖြတ်မှာ ဖြစ်တယ်လို့လည်း ပြောဆိုထားတာပါ။

ဆန်စပါး လုပ်ငန်း အသင်းရဲ့ အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းဦး ကတော့ အရန်ဆန်တွေ ဝယ်ယူ စုဆောင်းထားတာ အပါအဝင် ထိခိုက်မှုတွေကို ကျားကန် ပေးနိုင်မယ့် အစီအမံတွေ ရှိနေတာကြောင့် ပြည်ပတင်ပို့မှုတွေအပေါ် ကြီးကြီးမားမား ရိုက်ခတ်မှုမျိုးတော့ မရှိနိုင်ဘူးလို့ မျှော်လင့်ထားတဲ့ အကြောင်း ပြောပါတယ်။
“ဒီတန်ချိန် တသန်း ပို့ဖို့က သိပ်အခက်အခဲတော့ မရှိသေးဘူး။ ဒါပေမဲ့ ဘာဖြစ်လာဦးမလဲ ဆိုတာက အခုမှ သြဂုတ်လပဲ ရှိသေးတယ်၊ စက်တင်ဘာ၊ အောက်တိုဘာ ၂ လ ကြည့်ရဦးမယ်။ အရန်ဆန် ကျနော်တို့မှာ အလုံအလောက်ရှိတယ်။ ဒီလုံလုံလောက်လောက် ရှိတဲ့ အရန်ဆန်တွေက ဆန်အနေနဲ့လည်း ရှိတယ်၊ စပါးအနေနဲ့လည်း ရှိတယ်။
ရန်ကုန် ဈေးကွက်က ဘယ်လောက်ဆိုရင် လှုပ်တယ် ဆိုတာလည်း သိတယ်။ ဒါကြောင့်မို့လို့ ဒီလို နိုင်နင်းတဲ့ အရန်ဆန် ပမာဏက ပြည်တွင်းမှာ မလိုဘူးဆိုရင် ပြည်ပပို့ဖို့ လုပ်မယ်။ ပြည်တွင်းမှာ လိုရင်တော့ ပြည်တွင်း အတွက်ပဲ သိမ်းထားမှာပဲ။ အရန်ဆန်ဟာ အရေးပေါ် လာရင် ထုတ်သုံးမှာ ဖြစ်တဲ့အတွက်မို့လို့ ကျနော်တို့ကတော့ လုံလုံလောက်လောက် ပမာဏကို စုစည်း ထားပြီးသား ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဈေးနှုန်းလည်း အရမ်းတက်သွားစရာ မလိုဘူး။ အရမ်းမကျအောင်လည်း ဆောင်ရွက်မယ်။ အရမ်းကျမယ့် အနေအထား ရှိရင်လည်း အရန်ဆန်အဖြစ် ဝယ်ဖို့၊ စပါးဝယ်ဖို့ အစီအစဉ်ရှိတယ်။”

တရားဝင် ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ သြဂုတ်လအထိ မြန်မာနိုင်ငံက ဒေါ်လာသန်း ၁၆၀ ကျော် ဘိုးလောက်ရှိတဲ့ ဆန်တန်ချိန် ၄ သိန်း ၃ သောင်းလောက်ကို ပြည်ပတင်ပို့ထားတာပါ။ မကြာသေးခင် သီတင်းပတ်တွေအတွင်း ရေကြီးရေလျှံမှုတွေ ကိုတော့ မြန်မာနိုင်ငံ သာမက ဒေသတွင်းက တခြားစိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ တိုင်းပြည်တချို့လည်း ခံခဲ့ကြရတာ ဖြစ်ပါတယ်။
ဒီအတွက် ဆန်စပါး လိုအပ်ချက်တွေကြောင့် ဈေးကွက်မှာ ဝယ်လိုအားတွေ တက်လာနိုင်မယ့် အရိပ်အယောင်တွေ ရှိနေချိန် မြန်မာနိုင်ငံ အနေနဲ့ကတော့ ဒီအခွင့်အရေးကို လက်လွတ်ကောင်း လက်လွတ်နိုင်မယ့် အခြေအနေတွေနဲ့ ကြုံနေရတယ်လို့ ပြည်ပကို ဆန်တင်ပို့နေတဲ့ ရန်ကုန်မြို့က ဆန်ကုန်သည်က ပြောပါတယ်။
“ရေကြီးတာကလည်း တောင်အာရှ တခွင်လုံးမှာ ရေလွှမ်းတော့ ကျနော်တို့ ဆီတောင်မှ စင်္ကာပူတို့ ဘာတို့ တဆင့် ဆန်ရောင်းနိုင်မယ့် ဈေးတွေဘာတွေ လှမ်းဆက်ကြတယ်။ အဝင်ကျပြီးတော့ ပြည်ပက အမှာတွေ ရေမကြီးခင် ကလေးမှာပဲ လာကြတယ်။ ဝယ်လိုအား ကောင်းလာတာပေါ့၊ ဒီလပိုင်းတွေမှာ။”

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့ သြဂုတ်လထဲ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ တစောင်မှာတော့ မြန်မာနိုင်ငံ အပါအဝင် အာရှတလွှားက ကုန်းတွင်းပိုင်း ဒေသတွေမှာ ရေဘေးဒဏ် ခံရမယ့် လူဦးရေဟာ ၂၀၂၅ ခုနှစ်လောက် ရောက်တဲ့အခါ သန်းပေါင်း ၃၅၀ လောက်အထိ ဖြစ်လာနိုင်သလို၊ ကမ်းရိုးတန်း ဒေသတွေမှာတော့ သန်းပေါင်း ၄၀၀ လောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်မှာ တုန်းကတော့ မြန်မာနိုင်ငံရဲ့ ကုန်းတွင်း ဒေသတွေမှာ ရေဘေးဒဏ်သင့်မယ့် အန္တာရာယ်ရှိတဲ့ အရေအတွက်ဟာ လူဦးရေရဲ့ ၁၉ ရာခိုင်နှုန်းအထိ ရှိနေသလို၊ ကမ်းရိုးတန်း ဒေသမှာတော့ ၃၆.၂ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ တွက်ချက်ထားတာပါ။ ရန်ကုန်မြို့ လူဦးရေရဲ့ ၆၆.၉ ရာခိုင်နှုန်းဖြစ်တဲ့ လူပေါင်း ၂ သန်း ၈ သိန်းနဲ့ မန္တလေးမြို့ လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းရှိတဲ့ လူပေါင်း ၄ သိန်း ၇ သောင်း ၇ ထောင်ဟာ ရေဘေးအန္တာရာယ် ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒီလို အန္တာရာယ်တွေကို ဟန့်တားနိုင်ဖို့ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး အစီအစဉ်တွေ ပါဝင်တဲ့ မြို့ပြစီမံကိန်းတွေနဲ့ ဆောင်ရွက်သွားကြဖို့ လိုအပ်နေပြီလို့လည်း ADB ရဲ့ အစီရင်ခံစာက တိုက်တွန်းထားတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။
XS
SM
MD
LG