သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ တောင်ကိုရီးယားသမ္မတတို့ ၂ နိုင်ငံဆက်ဆံရေးတိုးမြှင့်ဖို့ ဆွေးနွေး


သမ္မတဦးသိန်းစိန်နှင့် တောင်ကိုရီးယားသမ္မတ အီမြောင်ဘတ်။
သမ္မတဦးသိန်းစိန်နှင့် တောင်ကိုရီးယားသမ္မတ အီမြောင်ဘတ်။

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ သူ့ရဲ့ တောင်ကိုရီးယားခရီးစဉ် ဒုတိယနေ့ ဒီကနေ့ ညနေစောင်းက သမ္မတ အီမြောင်ဘတ်နဲ့ တွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံမှုတွေကို အာမခံမယ့် သဘောတူညီမှု ရ ရှိအောင် နှစ်နိုင်ငံအကြား ဆွေးနွေး ညှိနှိုင်းသွားကြမယ်လို့ တောင်ကိုရီးယားသမ္မတရုံးက သတင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီကနေ့ အစောပိုင်းတုန်းကတော့ သမ္မတ ဦးသိန်းစိန်ဟာ တောင်ကိုရီးယားနိုင်ငံ က အလတ်စားနဲ့ အသေးစား စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့တာပါ။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။


တောင်ကိုရီးယားနိုင်ငံကို သုံးရက်ကြာ တရားဝင် အလည်အပတ် ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန် ကို တောင်ကိုရီးယားနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော် အခမ်းအနားနဲ့ ကြိုဆိုတဲ့အသံတွေကို ကြားခဲ့ရတာပါ။

သမ္မတဦးသိန်းစိန်ကို ဒီကနေ့ ညနေစောင်းမှာ တောင်ကိုရီးယားသမ္မတ အီမြောင်ဘတ်နဲ့ ဆိုးလ်မြို့တော်မှာရှိတဲ့ Cheong Wa Dae သမ္မတ အိမ်တော်မှာ လက်ခံတွေ့ဆုံခဲ့တာပါ။

သမ္မတနှစ်ဦးရဲ့ ထိပ်သီး စည်းဝေးပွဲအတွင်း ရင်းနှီးမြှုပ်နှံမှုတွေကို အာမခံမယ့် သဘောတူညီချက် ရရှိအောင် နှစ်နိုင်ငံအကြား ဆွေးနွေး ညှိနှိုင်းသွားကြမယ့် အကြောင်း တောင်ကိုရီးယားသမ္မတရုံးက သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေ စတင်လုပ်ဆောင်ပြီး တံခါးဖွင့်ဝါဒကို စတင် ကျင့်သုံးနေတဲ့ မြန်မာနိုင်ငံ နဲ့ တောင်ကိုရီးယားနိုင်ငံအကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့ လုပ်ဆောင်နိုင်ရေး အတွက် နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်ကြဖို့လည်း ထိပ်သီးစည်းဝေးပွဲအတွင်း သဘောတူညီမှု ရရှိခဲ့တယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံက ကုမ္ပဏီပေါင်း ၅၂ ခုက မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ သန်း သုံးထောင်နီးပါး ရင်းနှီးမြှုပ်နှံထားတာကြောင့် တောင်ကိုရီးယားဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ ကုန်သွယ်ဘက် နိုင်ငံတခု ဖြစ်နေတာပါ။

ဒီကနေ့အစောပိုင်း သမ္မတ အီမြောင်ဘတ်နဲ့ မတွေ့ဆုံခင်တုန်းကတော့ သမ္မတဦးသိန်းစိန် ဟာ တောင်ကိုရီးယားနိုင်ငံက အလတ်စားနဲ့ အသေးစား စီးပွားရေးလုပ်ငန်းရှင်တွေ နဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ကြဖို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

“မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေကြောင့် ဝင်ရောက်လာမယ့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများမှာ ဖော်ဆောင်ပေးမယ့် အခွင့်အလမ်းတွေကို ထိရောက်စွာ အသုံးချနိုင်အောင် ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့အတွက် ကျနော်တို့ရဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ အဆင်သင့်ဖြစ်နေအောင် လိုအပ်တဲ့အကူအညီတွေကို ကိုရီးယားနိုင်ငံ၊ အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်း အဖွဲ့ချုပ်ဖြစ်တဲ့ ကေဗစ်က လည်း ဖော်ဆောင်ပေးနိုင် မယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်မိပါတယ်။”

ဒီ တွေ့ဆုံပွဲအတွင်း တောင်ကိုရီးယားနိုင်ငံက အလတ်စားနဲ့ အသေးစား ရင်းနှီးမြှုပ်နှံ မှုတွေ မြန်မာနိုင်ငံမှာ တိုးချဲ့ လုပ်ဆောင်ရေးအတွက် မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင်နဲ့ ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်အဖွဲ့တို့အကြား သဘောတူညီမှု စာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ကြတာပါ။

အောက်တိုဘာလ ၈ ရက်နေ့ တနင်္လာနေ့တုန်းကတော့ သမ္မတဦးသိန်းစိန်ဟာ တောင် ကိုရီးယားနိုင်ငံက ပြည်ပပို့ကုန်တွေအတွက် အဓိကဌာနကြီး ဖြစ်တဲ့ Kotra က တာဝန်ရှိသူတွေနဲ့ သွားရောက် တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ တောင်ကိုရီးယားက ရင်းနှီးမြုပ်နှံမှုတွေ လာရောက် လုပ်ကိုင်ကြဖို့ ဆွေးနွေးခဲ့တာပါ။

သက်တမ်းအားဖြင့် နှစ်ပေါင်း ၅၀ လောက်ရှိလာပြီတဲ့ ဒီ Kotra အဖွဲ့ဟာ တောင်ကိုရီယားနိုင်ငံ စက်မှုလုပ်ငန်းတွေ စတင်လုပ်ဆောင်ချိန် ခေတ်ဦးကာလကတည်းက ကိုရီးယားထုတ် ကုန်ပစ္စည်းတွေ ပြည်ပနိုင်ငံတွေကို တင်ပို့နိုင်ရေးအတွက် အဓိက အခန်းကဏ္ဍကနေ ဦးဆောင် လုပ်ကိုင်ပေးခဲ့တဲ့ အဖွဲ့ဖြစ်တာကြောင့် တောင်ကိုရီးယားနိုင်ငံ စီးပွား ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ဆောင်တဲ့နေရာမှာ အရေးပါတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

အောက်တိုဘာလ ၈ ရက်နေ့ ညနေပိုင်းမှာတော့ တောင်ကိုရီးယားရောက် မြန်မာ ပညာတော် သင်တွေနဲ့ တွေ့ဆုံပြီး လက်ရှိ သူ့အစိုးရက ပြုလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ အကြောင်း သမ္မတက ရှင်းလင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့ သမ္မတဦးတွေ့ဆုံကြတဲ့ ထိပ်သီးစည်းဝေးပွဲမှာ ဘာတွေ ဆွေးနွေးကြတယ်ဆိုတဲ့ အသေးစိတ် ကိုတော့ နှစ်ဖက်စလုံးက ထုတ်ပြန်ကြေညာခြင်း မရှိသေးပေမယ့် သမ္မတဦးသိန်းစိန်ဟာ တောင် ကိုရီးယားနိုင်ငံမှာ ရှိနေစဉ်အတွင်း စစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေကိုလည်း သွားရောက် လေ့လာဖို့ ရှိတယ်လို့ သိရပါတယ်။

စောစောပိုင်းကတော့ သမ္မတဦးသိန်းစိန်က ၁၉၅၀-နဲ့ ၅၃ ခုနှစ်၊ ကိုရီးယားစစ်အတွင်း ကျဆုံးခဲ့ကြတဲ့ မြန်မာစစ်သားတွေကို တောင်ကိုရီးယား အမျိုးသား စစ်သချုႋင်းမှာသွားရောက် ဂါရဝပြုခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတအီမြောင်ဘတ်ဟာ အခုနှစ် မေလတုန်းက မြန်မာနိုင်ငံကို နိုင်ငံတော် ခရီးစဉ်အဖြစ် သွားရောက်ခဲ့စဉ်တုန်းကလည်း စီးပွားရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်နဲ့ အရင်းအမြစ် ကိစ္စတွေကို ဆွေးနွေးခဲ့ကြတဲ့ အပြင်၊ လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာတော်သင် အစီအစဉ်တွေ လုပ်ဖို့ Korea Development Institute ကို နမူနာယူပြီး နိုင်ငံတော်ပိုင် စီးပွားရေး သုတေသန သိပ္ပံတခု တည်ထောင်ဖို့အတွက် ပူးပေါင်း လုပ်ကြဖို့ သဘောတူခဲ့ကြတဲ့ အပြင် မြန်မာနိုင်ငံအနေနဲ့ မြောက်ကိုရီးယားက လက်နက်တွေကို နောက်ထပ်မဝယ်ဖို့ သမ္မတ ဦးသိန်းစိန်က တောင်ကိုရီးယား သမ္မတကို အာမခံချက်ပေးခဲ့တာ ဖြစ်ပါတယ်ခင်ဗျား။
XS
SM
MD
LG