သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်၊ ဂျပန်တို့နဲ့ အမေရိကန်ဆက်ဆံရေး အိုဘားမားချီးကျူး


အာဆီယံအစည်းအဝေးအတွင်း အမေရိကန်သမ္မတအိုဘားမား(ဝဲ) နဲ့ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် (ယာ)။ (၁၁၊ ၂၀၊ ၂၀၁၂။)
အာဆီယံအစည်းအဝေးအတွင်း အမေရိကန်သမ္မတအိုဘားမား(ဝဲ) နဲ့ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် (ယာ)။ (၁၁၊ ၂၀၊ ၂၀၁၂။)
အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးဟာ ပူးပေါင်းဆောင်ရွက်မှုနဲ့ အပြုသဘောဆောင် တဲ့ ဆက်ဆံရေးဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားက သူ့ရဲ့ အရှေ့တောင်အာရှ ခရီးစဉ် နောက်ဆုံးရက်မှာ ချီးကျူး ပြောဆိုလိုက်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာစီးပွားရေး ကောင်းမွန်ဖို့အတွက် အမေရိကန်နဲ့တရုတ်တို့ အတူတကွ လက်တွဲ လုပ်ဆောင်သင့်တယ်လို့ မစ္စတာ အိုဘားမားက တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်ကို ပြောခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဒေသတွင်း ထိပ်သီး အစည်းအဝေးတခု ပြင်ပမှာ ခေါင်းဆောင်နှစ် ဦး တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။

ဒီတွေ့ဆုံပွဲဟာ ရာထူးကနေ အနားယူတော့မယ့် တရုတ်ဝန်ကြီးချုပ်နဲ့ သမ္မတအိုဘားမားတို့ အကြား နောက်ဆုံးအကြိမ် တရားဝင် တွေ့ဆုံပွဲဖြစ်ဖွယ်ရှိပါတယ်။ ဝန်ကြီးချုပ် ဝမ်ကျားပေါင်ကလည်း တရုတ်-အမေရိကန် ဆက်ဆံရေးရဲ့ အရေးကြီးပုံကို ပြောဆိုခဲ့ပါတယ်။

သမ္မတအိုဘားမားဟာ ဂျပန်ဝန်ကြီးချုပ် ယိုရှိဟိကို့ နို့ဒနဲ့လည်း အင်္ဂါနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဂျပန်နိုင်ငံဟာ အရှေ့ တရုတ်ပင်လယ်ထဲက လူမနေတဲ့ကျွန်းစုတွေကို ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ အငြင်းပွားနေတာဖြစ်ပါတယ်။

မစ္စတာအိုဘားမားရဲ့ အရှေ့တောင်အာရှ သုံးနိုင်ငံခရီးစဉ်အတွင်း ကမ္ဘောဒီးယားနိုင်ငံဟာ နောက်ဆုံး ခရီးတထောက် ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမတိုင်ခင်မှာတော့ မြန်မာနိုင်ငံဆီ သမိုင်းဝင် ခရီးစဉ်တခုအနေနဲ့ သွားရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်နဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။
အာရှ-ပစိဖိတ်ဒေသမှာ လုံခြုံရေးအခြေအနေ ဆိုးရွားလာနေတဲ့အပေါ် ဂျပန်ဝန်ကြီးချုပ် ယိုရှိဟိကို့ နို့ဒက သတိပေးပြောဆိုလိုက် ပါတယ်။ ဝန်ကြီးချုပ် နို့ဒဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ ဒေသတွင်း ထိပ်သီးအစည်းအဝေးပြင်ပမှာ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားနဲ့ အင်္ဂါနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

တရုတ်နိုင်ငံနဲ့ ဂျပန်အပါအဝင် အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံအများအပြားအကြား နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားနေတာ ပိုပြီးဆိုးရွားလာနေတဲ့အချိန် အာရှ-ပစိဖိတ်ဒေသဆီ မဏ္ဍိုင်ပြု ဦးတည်တဲ့ အမေရိကန်ရဲ့ မကြာသေးခင်က မူဝါဒကို သူ ကြိုဆိုပါ တယ်လို့ ဝန်ကြီးချုပ် နို့ဒက သမ္မတအိုဘားမားကို ပြောခဲ့ပါတယ်။

သူတို့နှစ်ဦးအကြား ဆွေးနွေးပွဲဟာ အမေရိကန်နဲ့ဂျပန် နှစ်နိုင်ငံအကြား သူ့အဆိုအားဖြင့် သာမန်ထက်ထူးခြားတဲ့ မဟာမိတ် ဆက်ဆံရေးကို ထပ်လောင်းအတည်ပြုဖို့ နောက်ထပ် အခွင့်အရေးတခုဖြစ်ပါတယ်လို့ သမ္မတအိုဘားမားက ပြောခဲ့ပါတယ်။

တရုတ်နဲ့ တခြားနိုင်ငံတွေအကြား နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားနေတဲ့ကိစ္စမှာ ဘယ်ဘက်ကမှ ရပ်တည်တာမျိုး မလုပ်ပါဘူး လို့ အမေရိကန်ကပြောထားပါတယ်။ ဒါပေမဲ့လည်း ဒေသတွင်းမှာ အမေရိကန်က အင်အားချိန်ခွင်လျှာညှိဖို့ လုပ်လာတာဟာ တရုတ်နိုင်ငံ အင်အားကြီးထွားလာတာကို ထိန်းချုပ်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ တရုတ်တို့က သံသယရှိပါတယ်။

မစ္စတာနို့ဒနဲ့ ဆွေးနွေးပွဲမှာသော်လည်းကောင်း ရာထူးကနေအနားယူတော့မယ့် တရုတ်ဝန်ကြီးချုပ် ဝမ် ကျားပေါင်နဲ့ ဆွေးနွေးပွဲမှာ ရော နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး သမ္မတအိုဘားမားက လူသိရှင်ကြား ပြောဆိုခဲ့တာမရှိပါဘူူး။
XS
SM
MD
LG