သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးမှုမှာ အာဏာပိုင်တွေ ပတ်သက်ဟု ထိုင်း လူ့အခွင့်အရေးအဖွဲ့ ဝေဖန်


ထိုင်းတောင်ပိုင်း ဖူးခက်မြို့တွင် ထိုင်းအာဏာပိုင်တွေရဲ့ ထိန်းသိမ်းခြင်းခံရတဲ့ ရိုဟင်ဂျာလှေစီးပြေးဒုက္ခသည်များ (ဇန်နဝါရီ ၁၊ ၂၀၁၃)
ထိုင်းတောင်ပိုင်း ဖူးခက်မြို့တွင် ထိုင်းအာဏာပိုင်တွေရဲ့ ထိန်းသိမ်းခြင်းခံရတဲ့ ရိုဟင်ဂျာလှေစီးပြေးဒုက္ခသည်များ (ဇန်နဝါရီ ၁၊ ၂၀၁၃)
လူမှောင်ခိုကူးမှုကိစ္စတွေမှာ အာဏာပိုင်တွေကိုယ်တိုင် ဆက်နွယ်မှုရှိနေတယ်လို့ ထိုင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေ စွပ်စွဲနေပါတယ်။ မကြာသေးခင်တုန်းက ထိုင်းနိုင်ငံတောင် ပိုင်းမှာရှိတဲ့ ရာဘာစိုက်ခင်းထဲက ကုန်လှောင်ရုံတခုကို ဝင်ရောက် စီးနင်း ရှာဖွေချိန်မှာ ရိုဟင်ဂျာ မူဆလင် ၇၀၀ လောက်ကို တွေ့ရှိခဲ့ပြီးတဲ့နောက်ပိုင်း အခုလို စွပ်စွဲချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ ထိုင်းအာဏာပိုင်တွေဘက် ကတော့ ဒီကိစ္စမှာ ပါဝင်ပတ်သက်သူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ် လို့ ပြောဆိုခဲ့ ပါတယ်။ အသေးစိတ်ကိုတော့ Reuters သတင်းကို အခြေခံပြီး မနန္ဒာချမ်း က တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ဆုံခလာ (Songkla) ခရိုင်မှာရှိတဲ့ ရာဘာစိုက်ခင်းထဲက ကုန်လှောင်ရုံ ကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းမှုအတွင်း - ရိုဟင်ဂျာမူဆလင် ၇၀၀ ကျော်ကို တွေ့ရှိ ခဲ့ပြီးနောက်ပိုင်း - ဒီလို လူမှောင်ခိုကူးမှုကိစ္စတွေမှာ အာဏာပိုင် တချို့ ပါဝင်ပတ်သက်နေ တယ်လို့ ထိုင်းလူ့အခွင့်အရေးရှေ့နေတဦးက စွပ်စွဲလိုက်ပါတယ်။

မြန်မာနိုင်ငံက လာကြသူတွေလို့ဆိုတဲ့ ဒီရိုဟင်ဂျာမူဆလင်တွေကို မလေးရှားနဲ့ ထိုင်းနိုင်ငံတွေဆီ လူကုန်ကူးမှုမှာ ထိုင်းစစ်တပ် အဆင့်မြင့်အရာရှိကြီးတွေကိုယ်တိုင် ပါဝင်ပတ်သက်နေတာကို ရဲထောက်လှမ်းရေးအဖွဲ့က တွေ့ရှိခဲ့တဲ့အကြောင်း ထိုင်းသတင်းတွေမှာ တနင်္ဂနွေနေ့က ဖော်ပြခဲ့ကြပါတယ်။

ဒီလူမှောင်ခိုမှုကူးကိစ္စတွေဟာ နှစ်တော်တော်ကြာကြာကတည်းက ဖြစ်နေခဲ့တာပါ။
၂၀၁၂ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကနေ ထွက်ပြေးလာကြသူတွေလို့ ဆိုတဲ့ ရိုဟင်ဂျာမူဆလင် တော်တော်များများ အပါအဝင် လှေစီးပြေးဒုက္ခသည်ဦးရေဟာ အစောပိုင်းတနှစ်က ၇ ထောင်လောက် ရှိခဲ့ရာကနေ သိသိသာသာ တိုးလာပြီး ကုလသမဂ္ဂကတော့ ၁ သောင်း ၃ ထောင်လောက်အထိ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
လူနည်းစုတွေ၊ နိုင်ငံမဲ့တွေနဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေနဲ့ပတ်သက်ပြီး လုပ်ဆောင်နေတဲ့ ထိုင်းလူ့အခွင့်အရေးကော်မတီရဲ့ အကြီးအကဲ ဆူရာပွေါန်း ခွန်ကန်တခ့် (Surapong Konghcantuk) ကတော့ - မြန်မာ၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေမှာ ဖြစ်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေမှာ အာဏာပိုင်တွေကိုယ်တိုင် ပူးပေါင်းပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

“အဲ့ဒီမှာ လူအရောင်းအဝယ် နဲ့ လူမှောင်ခိုကူးမှုတွေ ဖြစ်နေပါတယ်။ ထိုင်း၊ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာရှိနေတဲ့ နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းကြီးတွေမှာ အာဏာပိုင်တွေ ပါဝင်ပတ်သက်နေတာ တွေ့ရပါတယ်။”

ဒါ့အပြင် အာဏာပိုင်တွေအနေနဲ့ လူမှောင်ခိုကူးမှုတွေကို ဖုံးကွယ်ထားပြီး - ဒီလို ရာဇဝတ်ပြစ်မှုတွေမှာ ပါဝင်ပတ်သက်နေသူတွေကိုလည်း ကာကွယ်ပေးထားသလို - ဘယ်တုန်းကမှလည်း အရေးမယူခဲ့ဘူးလို့ သူက ပြောဆိုခဲ့ပါတယ်။

“တနေရာတည်းမှာ ရိုဟင်ဂျာမူဆလင်တွေ ထောင်နဲ့ သောင်းနဲ့ချီပြီး ရှိနေတာကို အာဏာပိုင်တွေက သတိမထားမိကြဘူးဆိုတာ လုံး၀ မဖြစ်နိုင်ပါဘူး။ ရိုဟင်ဂျာ ၂ သောင်းလောက်တော့ ရှိမယ်လို့ ကျနော် ထင်တယ်။ ဒီလိုမျိုး လူမှောင်ခိုဂိုဏ်းကြီးတွေကို အာဏာပိုင်တွေက အကာအကွယ်ပေးထားတာပါ။ ပြီးတော့လည်း အရင်တုန်းက ကျနော်တို့အနေနဲ့ ဒီလူမှောင်ခိုဂိုဏ်းတွေနဲ့ပတ်သက်ပြီး အရေးယူတာ၊ ကိုင်တွယ်လုပ်ဆောင်တာတွေ ဘာမှ မရှိခဲ့ကြဘူးလေ”

ထိုင်းစစ်တပ်အကြီးအကဲ ပရာယွတ် ချန်-အိုချာ (Prayuth Chan-ocha) ကတော့ - ရိုဟင်ဂျာ မူဆလင်တွေကို ထိုင်းနိုင်ငံနဲ့ တခြား တတိယနိုင်ငံတွေဆီ ဝင်ရောက်နိုင်အောင် ကူညီပေး နေတယ်လို့ သံသယရှိခံရတဲ့ စစ်တပ် အဆင့်မြင့်အရာရှိကြီးတွေကို စစ်ဆေး မေးမြန်းဖို့ တောင်းဆိုခဲ့ပါတယ်။

“ကျနော်တို့ အခု စုံစမ်းစစ်ဆေးနေပါတယ်။ ပြစ်မှုကျူးလွန်သူကိုတွေ့ရင် - အဲ့ဒီလူဟာ အာဏာပိုင် ဖြစ်နေပါစေဦးတော့ - တရားဥပဒေ အတိုင်း ကျနော်တို့ ကိုင်တွယ်ဆောင် ရွက်သွားမှာပါ။ ပတ်သက်တဲ့သူ တယောက်ချင်းကို ဖမ်းဆီးပြီးတော့ ဥပဒေအတိုင်း အရေးယူသွား ပါမယ်။”

လောလောဆယ် မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာမူဆလင် ၈ သိန်းနီးပါးလောက် နေထိုင်နေပြီး - ဒီလူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရားမဝင် ဝင်လာသူတွေအဖြစ် မြန်မာအစိုးရက လက်ခံထားတာပါ။ မနှစ်က ရခိုင်ပြည်နယ်မှာ လူမျိုးရေးအကြမ်းဖက် အဓိကရုဏ်းတွေ ဖြစ် ပွားခဲ့ပြီးနောက်ပိုင်း - ရာပေါင်းများစွာသော ရိုဟင်ဂျာမူဆလင်တွေ ထွက်ပြေးခဲ့ကြပါတယ်။ အရင်တုန်းကတော့ ဒီရိုဟင်ဂျာတချို့ကို ခိုလှုံခွင့်ပေးမယ်လို့ မလေးရှားအစိုးရက ပြောဆိုခဲ့ ပါတယ်။

ထိုင်းအာဏာပိုင်တွေကနေ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေး လုပ်ငန်းတွေကို ထိထိ ရောက်ရောက် လုပ်ဆောင်လာချိန်မှာ - ဒီလထဲ ရိုဟင်ဂျာမူဆလင် ၆၀၀ ကျော်ကို ဖမ်းဆီးမိခဲ့ပြီး - လောလောဆယ်မှာ လှေစီးပြေးဒုက္ခသည်တွေအပါအဝင် ၁ ထောင်ကျော်လောက် ကို ထိုင်းအစိုးရက ထိန်းသိမ်းထားတယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် - စီဟာဆတ် ဖွန်ကတ်ကရောက် (Sihasak Phuangketkeow) က ပြောဆိုခဲ့ပါတယ်။

ထိုင်းအစိုးရကတော့ - ထိုင်းအာဏာပိုင်တွေရဲ့ စီးနင်းမှုတွေအတွင်း ဖမ်းဆီးခံခဲ့ရတဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေကို အကူအညီ ပေးနေတဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ - တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာမူဆလင်တွေကိုတော့ ပြည်နှင်ဒဏ်ပေးမယ်လို့ ပြောဆိုခဲ့ပါတယ်ရှင်။
XS
SM
MD
LG