သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရှိ အမေရိကန် စီးပွားရေးလုပ်ငန်း အစီရင်ခံစာများတင်ဖို့ ရက်သတ်မှတ်


မြန်မာနို်င်ငံမှာ ရင်းနှီးမြုှပ်နှံနေတဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းတွေအနေနဲ့ အခုလာမယ့် ဇူလှိုင် ၁ ရက်နေ့မှာ တာဝန်သိရင်းနှီးမြုပ်နှံမှုဆိုင်ရာ ပထမဆုံး အစီရင်ခံစာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနထံ တင်သွင်းကြရမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ မြန်မာနိုင်ငံတွင်း တာဝန်သိရင်းနှီးမြုှပ်နှံမှုတွေဖြစ်ဖို့ နဲ့ မြန်မာနိုင်ငံ အပြောင်းအလဲတွေ အားဖြစ်စေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ဒီအကြောင်းကိုတော့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အမေရိကန်ပြည်ထောင်စုရဲ့ ရင်းနှီးမြုပ်နှံမှုတွေမလုပ်ဖို့ ပိတ်ဆို့ထားတာကို ယာယီဆိုင်းငံကြောင်း ကြေညာလိုက်ပြီး ကတည်းက၊ မြန်မာနိုင်ငံမှာလုပ်မယ့် အမေရိကန်ရင်းနှီးမြုပ်နှံမှုတွေအနေနဲ့ တာဝန်သိရင်းနှီးမြုှပ်နှံမှုတွေဖြစ်လာစေဖို့ ရည်ရွယ်ပြီး လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ပုံမှန် အစီရင်ခံ တင်သွင်းရမယ်ဆိုပြီး ထည့်သွင်းထားတာပါ။ အခုတခေါက်မှာတော့ ဒီ အစီရင်ခံစာထဲ ပါရမယ့် အကြောင်းရပ်တွေကို ပိုပြီး အသေးစိတ် ဖော်ပြလိုက်တာဖြစ်သလို၊ ပထမဆုံး အစီရင်ခံစာ တင်ရမယ့် ရက်ကိုလည်း အတိအကျ ကြေညာလိုက်တာပါ။

ဒေါ်လာ ၅သိန်း အထက် ရင်းနှီးမြုပ်နှံထားတဲ့ အမေရိကန်စီးပွားရေး လုပ်ငန်းတွေအနေနဲ့ အခုလာမယ့် ဇူလှိုင် ၁ ရက်နေ့မှာ ပထမဆုံး အစီရင်ခံစာ တင်သွင်းဖို့ မနေ့က နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ အစီရင်ခံစာမှာပါဝင်ရမယ့် အချက်တွေမှာ လူ့အခွင့်အရေးလေးစားလိုက်နာမှုနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုရှိမရှိ အကဲဖြတ်သုံးသပ်ချက်တွေ ထည့်သွင်းဖို့ ပါဝင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ကို နိုင်ငံခြားရေးဌာန အရာရှိတဦးက အခုလို ပြောပါတယ်။

“ မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုတွေရာမှာ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒပိုင်းနဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ကိုက်ညီမှုရှိမရှိ အမေရိကန်နိုင်ငံသားတွေအနေနဲ့ ပြန် အစီရင်ခံဖို့ လိုအပ်ပါတယ်။ ဒီအထဲမှာ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ မြေယာ အခွင့်အရေး၊ လူမှုအဖွဲ့အစည်းတွေ အရေးပါသူတွေနဲ့ ညှိုနှိုင်းတိုင်ပင်မှု၊ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးနဲ့ ပတ်သက်လို့ ဦးဆောင်ဦးရွက်ပြုမှု၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ လုံခြုံရေးဆိုင်ရာ စီမံ ဆောင်ရွက်မှုများ၊ လုပ်ငန်းရပ်များဆိုင်ရာ ကြုံနိုင်တဲ့ အန္တရာယ်နဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို အကဲဖြတ်ပြီး လျှော့ချနိုင်မှု၊ အစိုးရကို ငွေပေးချေမှု၊ မြန်မာရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းနဲ့ ရင်းနှီးမြုပ်နှံလုပ်ကိုင်မှု၊ မြန်မာစစ်တပ် ဒါမှမဟုတ် အစိုးရမဟုတ်တဲ့ အခြားလက်နက်ကိုင်တွေနဲ့ ထိစပ်မှု စတာတွေကို အစီရင်ခံတဲ့ အထဲ ထည့်သွင်းရမှာဖြစ်ပါတယ်။ ”

ဒီ အစီရင်ခံစာဟာ အများပြည်သူကို ထုတ်ပြန်ဖို့ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုတွေနဲ့ပတ်သက်လို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ကိုယ်တိုင်လည်း ပါဝင် စောင့်ကြည့်နိုင်ဖို့ ရည်ရွယ်တယ်လို့ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာပါရှိပါတယ်။ တဖက်မှာ မြန်မာနိုင်ငံတွင်း နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ရာမှာ ဒီလို ရင်းနှီးမြုပ်နှံမှုတွေက ပိုပြီး အားဖြစ်စေဖို့လည်း အချက်တချက် ပါဝင်ပါတယ်။ အမေရိကန် ရင်းနှီးမြုပ်နှံမှုတွေဟာ တာဝန်သိရင်းနှီးမြုပ်နှံမှုတွေဖြစ်ဖို့ စံပြသဘောမျိုးဖြစ်လိမ့်မယ်လို့ ယူဆတဲ့အကြောင်း နိုင်ငံခြားရေးဌာန အရာရှိက ဗွီအိုအေကို ပြောပါတယ်။

“အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာအစိုးရရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ထောက်ခံပါတယ်။ မြန်မာ့စီးပွားရေးမှာ အမေရိကန် စီးပွားရေးလုပ်ငန်းတွေ ပါဝင်လာခြင်းအားဖြင့် တာဝန်သိရင်းနှီးမြုပ်နှံမှုနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် စံပြုဖြစ်လာနိုင်မယ်လို့လည်း အမေရိကန်ပြည်ထောင်စုက ယူဆပါတယ်။ ဒီလို ရင်းနှီးမြုပ်နှံမှုတွေကြောင့် နောက်ထပ်အပြောင်းအလဲတွေ ဖြစ်လာဖို့၊ စီးပွားရေးဖွံဖြိုးမှုအပါအဝင် တိုးတက်မှုတွေ ရှိလာဖို့နဲ့ မြန်မာပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် အထောက်အပံ့တွေဖြစ်လာနိုင်မယ်လို့ ယူဆပါတယ်။ ”

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုတွေ လုပ်ကိုင်ခွင့်တွေ ပေးလိုက်ချိန်မှာပဲ၊ တဆက်တည်း ဒီလုပ်ငန်းတွေ ကို စောင့်ကြည့်သွားမှာဖြစ်သလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ မရှိအောင်လည်း ဂရုစိုက်မှာဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။ စီးပွားရေးပိတ်ဆို့မှုတွေကို ယာယီအားဖြင့် ဆိုင်းငံထားလိုက်တာကြောင့်၊ အမေရိကန်စီးပွားရေးလုပ်ငန်း အတော်များများကလည်း မြန်မာနိုင်ငံထဲ ရင်းနှီးမြုပ်နှံမှု စိတ်ဝင်စားလာခဲ့ပြီး မြန်မာနိုင်ငံထဲ သွားရောက်ပြီး လေ့လာမှုတွေ ရှိကြပါတယ်။

ဒါပေမယ့်လည်း တဖက်မှာ စိတ်မချရသေးတဲ့ နိုင်ငံရေးအခြေအနေနဲ့ အမေရိကန်ဖက်ကလည်း စီးပွားရေးပိတ်ဆို့မှုတွေကို လုံး၀ ရုပ်သိမ်းသေးတာမဟုတ်လို့ အတော်များများကတော့ တွန့်ဆုတ်နေဆဲပါ။ ရင်းနှီးမြုပ်နှံမှုတွေကို ယာယီခွင့်ပြုပေးပြီးကတည်းကတော့ အမေရိကန် မြန်မာ ကုန်သွယ်ရေးတန်ဖိုးဟာ အရင်ကထက်တော့ ပိုတိုးလာပါတယ်။ အခုနှစ် ပထမ သုံးလပတ်အတွင်းမှာ အမေရိကန် မြန်မာ ကုန်သွယ်ရေးတန်ဖိုးဟာ ဒေါ်လာ သန်း၉၀ ရှိခဲ့ပြီး၊ ၈၉ သန်းကတော့ အမေရိကန်ကနေ တင်ပို့တဲ့ ပမာဏဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ် မြန်မာနဲ့ နိုင်ငံတကာကုန်သွယ်မှု ပမဏဟာ ဒေါ်လာ ဘီလီယံ ၂၀ ရှိခဲ့တာမို့၊ အမေရိကန် မြန်မာ ကုန်သွယ်မှုတန်ဖိုးဟာ နှိုင်းယှဉ်ရင် သိပ်ကြီးကြီးမားမားတော့ မဟုတ်သေးပါဘူး။

မြန်မာသမတဦးသိန်းစိန် အမေရိကန်ပြည်ထောင်စုကို ပြီးခဲ့တဲ့ရက်ပိုင်း လာရောက်စဉ်အတွင်းမှာလဲ အမေရိကန်-မြန်မာ နှစ်ဖက် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အခြေခံမူဘောင် သဘောတူညီချက်တရပ်ကို နှစ်ဖက် လက်မှတ်ထိုးခဲ့ကြတာပါ။ ဒါဟာ မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုတွေအတွက် လိုအပ်တဲ့ စီးပွားရေးအဆောက်အဦးတွေ ပြင်ဆင်ဖို့ ကနဦး ခြေလှမ်းဖြစ်တယ် လို့ သိရပါတယ်။
XS
SM
MD
LG