သုံးရလွယ်ကူစေသည့် Link များ

ဂျပန်ဝန်ကြီးချုပ် မြန်မာခရီးစဉ် ပထမနေ့


ဂျပန်ဝန်ကြီးချုပ် ရန်ကုန်သီလဝါဆိပ်ကမ်းကို လေ့လာစဉ်။ ( မေ ၂၅၊ ၂၀၁၃)
နှစ်ပေါင်း ၄၀ နီးပါးအတွင်း ဂျပန်ဝန်ကြီးချုပ်တစ်ဦးအနေနဲ့ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်တဲ့ ၀န်ကြီးချုပ် ရှင်ဇို အာဘဲ (Shinzo Abe) ဟာ ဒီကနေ့မှာပဲ မြန်မာနိုင်ရဲ့ အထူးစီးပွားရေးဇုန် သီလ၀ါမှာ အကျိုးတူ လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ ပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ထုတ်လုပ်ရေးလုပ်ငန်းတွေသာမက ၀န်ဆောင်မှု လုပ်ငန်းတွေမှာပါ စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု တွေ အကျိုးတူ လုပ်ငန်းတွေ လုပ်တော့မှာဖြစ်တဲ့ အတွက် ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ကြိုဆိုပါတယ်။ ဂျပန်ဝန်ကြီးချုပ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ ကုန်သည်စက်မှု အသင်းချုပ်မှ သတင်းသွားယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ်ဟာ ဒီကနေ့ မှာ သူနဲ့ အတူပါလာတဲ့ ဂျပန်စီးပွားရေး လုပ်ငန်းရှင် ၁၅၀ နဲ့ အတူ သီလ၀ါ အထူးစီးပွားရေးဇုန်ကို သွားရောက်ခဲ့ပြီးတော့ စီးပွားရေးဆိုင်ရာ နားလည်မှု တွေကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ ဂျပန်ဝန်ကြီးချုပ်ဟာ ဂျပန်ပြည်ပ ကုန်သွယ်ရေးအဖွဲ့ နဲ့ မြန်မာနိုင်ငံ ကုန်သည်စက်မှု အသင်းချုပ်ရဲ့ စီးပွားရေးဆွေးနွေးပွဲ မှာလည်း တက်ရောက်ပြီး မိန့်ခွန်းတစ်ရပ် ပြောခဲ့တာပါ။

ဂျပန် ၀န်ကြီးချုပ်ပြောသွားခဲ့ တာကတော့ နှစ်ပေါင်း ၄၀ နီးပါး မြန်မာနိုင်ငံကို ဂျပန် ၀န်ကြီးချုပ်တွေ မရောက်ဖြစ်ခဲ့တဲ့ အခြေအနေကနေ သူ့အနေနဲ့ မြန်မာနိုင်ငံကို လာရောက်နိုင်ခဲ့လို့ ၀မ်းသာတဲ့ အကြောင်းနဲ့ အမေရိကန် အပါအ၀င် အနောက် ဥရောပ နိုင်ငံတွေက စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုတွေပြုလုပ် ထားချိန်မှာလည်းဂျပန် နဲ့ မြန်မာဟာ ဆက်ဆံရေးကောင်းတွေ ရှိခဲ့တယ်လို့ သူကပြောပါတယ်။ ဒါကြောင့် အအခုအချိန်က စပြီးတော့ မြန်မာနိုင်ငံကို အကူအညီပေးရေး လုပ်ငန်းတွေမှာ သာမက စီးပွားရေး လုပ်ငန်းတွေမှာလည်း တိုးမြှင့်ရင်းနှီး မြှုပ်နှံ တာတွေ ဆောင်ရွက်ပေးမယ်လို့လည်း သူကပြောခဲ့တာပါ။

၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လူထုအုံကြွမှုကို စစ်တပ်က အကြမ်းဖက်နှိမ်နင်း အာဏာသိမ်းခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပြင်းအထန် ရှိနေခဲ့တဲ့ ကာလတွေအတွင်း အထူးသဖြင့် အနောက်နိုင်ငံ အများအပြား က မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေနဲ့ အပြင်းအထန် အရေးယူခဲ့တဲ့ ကာလတွေမှာတောင်မှ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းလှတဲ့ ဂျပန်နိုင်ငံက မြန်မာနဲ့ ဆက်ဆံရေးကို မပြတ် ထိန်းသိမ်းခဲ့တာပါ။
ဂျပန်ဝန်ကြီးချုပ် မြန်မာခရီးစဉ် ပထမနေ့
ဂျပန်ဝန်ကြီးချုပ် မြန်မာခရီးစဉ် ပထမနေ့
ဒီတစ်ကြိမ် ဂျပန်ဝန်ကြီးချုပ်ရဲ့ ခရီးစဉ် အတွင်းမှာ ပြည်တွင်းက အများပိုင် စီးပွားရေး လုပ်ငန်းတွေနဲ့ လုပ်ငန်းတွေလုပ်ဖို့ သဘောတူခဲ့တဲ့ အပေါ် မှာ အမှန်တကယ်ပဲ အလုပ်ဖြစ်မယ့် အခြေအနေတွေ ရရှိလာနိုင်မယ်လို့ လည်း မြန်မာ နိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးချစ်ခိုင်ကပြောပါတယ်။

"ဆန်စပါးအနေနဲ့ကတော့ မကြာခင် မစ်ဇူရီကုမ္ပဏီနဲ့စာချုပ်ချုပ်ဆိုတော့မှာပါ။ ဒီDelegationအဖွဲ့လာတာ တခြားအဖွဲ့တွေနဲ့မတူဘဲ တကယ်ကို ခိုင်ခိုင်မာမာ အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ယုံကြည်တာပေါ့နော်။"

ဂျပန်ဝန်ကြီးချုပ်ရဲ့ ခရီးစဉ် အတွင်းမှာတော့ Hitachi နဲ့ Toshiba တို့လို အီလက်ထရောနစ် ကုမ္ပဏီတွေကအစ Mitsubishi အကြီးစားစက်မှုလုပ်ငန်း တို့လို လုပ်ငန်းတွေအဆုံး ကုမ္ပဏီပေါင်းစုံက မြန်မာနိုင်ငံမှာ နည်းပညာ ဖွံ့ဖြိုးရေးနဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေး အစီအစဉ်တွေ ကို ဆွေးနွေးသွားမှာ ဖြစ်တဲ့အကြောင်းလည်း ဂျပန်နိုင်ငံက သတင်းစာတွေမှာ ဖော်ပြနေကြတာ ဖြစ်ပါတယ်။

လတ်တလောမှာ ဂျပန်နဲ့ မြန်မာ စီးပွားရေးလုပ်ငန်းတွေ ပူးပေါင်း လုပ်ဆောင်မယ့် နေရာမှာ ထုတ်ဆောင်မှု လုပ်ငန်းတွေမှာ သာမက ၀န်ဆောင်မှု တွေလုပ်ငန်းတွေမှာလည်းရင်းနှီးဖို့ လုပ်လာတာပါ။နောက်ပိုင်းမှာ ဆက်သွယ်ရေးလုပ်ငန်းတွေမှာပါ ပူးပေါင်းဆောင်ရွက် နိုင်ရင် မြန်မာနိုင်ငံရဲ့ အသားတင် ထုတ်လုပ်မှုတန်ဖိုး GDP တွေလည်း မြင့်တက် လာမယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဌ ဖြစ်တဲ့ ဦးနှင်းဦးကပြောပါတယ်။

" အခုလောလောဆယ်မှာ ကျနော်သိတာကတော့ Production ရယ်တော့ မဟုတ်ဘူး။ Services တွေလည်း ပါပါတယ်။ ပထမတုန်းက Tele Communacation တယ်လီဖုန်းဆားဗစ်ကိစ္စတွေပါ၊ ခုနက ကျနော်တို့ပြသွားတဲ့ အထဲမှာလည်း ပါပါတယ်။ မြန်မာပြည်နဲ့ မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အခြေအနေမှန်ကို သိအောင်ကြိုးစားဖို့လိုပါတယ်။လိုအပ်ချက်တွေပေါ့နော်။ ဘယ်လိုပူးပေါင်းမလဲ။ ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့ အသေးစိတ် ပြန်ဆွေးနွေး၊ ပြန်ညှိနှိုင်းပြီးမှသာ ပိုပြီးထိထိရောက်ရောက်အောင်မြင်မယ်လို့သုံးသပ်ပါတယ်။"

ဂျပန်နိုင်ငံဟာဆိုရင် မြန်မာနိုင်ငံ ပေးစရာ ရှိနေတဲ့ ပြည်ပကြွေးမြီ ဒေါ်လာ သန်းတစ်ထောင်လောက်ကို ပေးချေနိုင်အောင် ဒီနှစ်ဆန်းပိုင်းကပဲ ကြားဝင်ကူညီထားတာပါ။ ဒီလိုပဲ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးလောကအတွက် အထောက်အကူဖြစ်စေမယ့် အစုရှယ်ယာ ဈေးကွက်တခု ဖန်တီးနိုင်ဖို့လည်း တိုကျိုစတော့အိပ်ချိန်းနဲ့ Daiwa Securities ကုမ္ပဏီတွေက အကူအညီပေးနေတာ ဖြစ်ပါတယ်။ ၂ နိုင်ငံကြား ရင်နှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုတွေ တိုးမြှင့်ဖို့ မျှော်လင့်နေတဲ့ ဂျပန်နိုင်ငံက လတ်တလော မြန်မာနိုင်ငံတွင်း စီမံကိန်းပေါင်း ၃၅ ခုမှာလည်း ၀င်ရောက် လုပ်ကိုင်နေတာဖြစ်ပြီး ဒီအထဲမှာ ရန်ကုန် သီလ၀ါ အထူးစီးပွားရေးဇုန် တည်ဆောက်ရေး လုပ်ငန်းကတော့ အကြီးဆုံးတခုလည်း ဖြစ်ပါတယ်။
ဂျပန်ဝန်ကြီးချုပ်နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်။ ( မေ ၂၅၊ ၂၀၁၃)
ဂျပန်ဝန်ကြီးချုပ်နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်။ ( မေ ၂၅၊ ၂၀၁၃)

ဂျပန်ဝန်ကြီးချုပ်ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာပဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေဆုံခဲ့ပါတယ်။ မနက်ဖြန်မှာ နိုင်ငံတော် သမ္မတဦးသိန်းစိန်နဲ့ တွေ့ ဆုံဖို့ရှိပါတယ်။
XS
SM
MD
LG