သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

MPU ဘဏ်ကဒ်စနစ်ထဲ JCB ဝင်ရောက်


visa card
visa card
မြန်မာနိုင်ငံမှာ Visa နဲ့ Master ကဒ်တွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေးဟာ ဘဏ်တချို့အပေါ် ချမှတ်ထား ဆဲရှိတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုတွေကြောင့် မလုပ်နိုင်သေးဘူးလို့ ပုဂ္ဂလိကဘဏ် တာဝန်ရှိသူ တစ်ဦးကပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း အပြည်ပြည်ဆိုင်ရာ အဓိက ငွေထုတ်ငွေချေကဒ် တစ်ခုဖြစ်တဲ့ JCB ကဒ်တွေကို မြန်မာ နိုင်ငံမှာ သုံးစွဲနိုင်ဖို့ အတွက် သဘောတူစာချုပ်တစ်ခုကို ကြာသပတေးနေ့မှာပဲ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အပြည့်အစုံကို လက်မှတ်ရေးထိုးပွဲအခမ်းအနား ကိုယ်တိုင် သွားတက်ခဲ့တဲ့ ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

နိုင်ငံတကာမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေတဲ့ Visa နဲ့ Master ဘဏ်ကဒ်နဲ့ အကြွေးဝယ် ကဒ်ပြားတွေကို မြန်မာနိုင်ငံ အခြေစိုက် ဘဏ်တချို့မှာ သုံးစွဲနိုင်နေပြီဖြစ်ပေမဲ့ တစ်နိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်တဲ့ အခြေအနေတော့ မရှိသေးပါ ဘူး။ ဒီလိုဖြစ်ရတာက Visa နဲ့ Master ကဒ် ကုမ္ပဏီတွေဟာ အမေရိကန်အခြေစိုက် ကုမ္ပဏီတွေဖြစ်ကြပြီး မြန်မာနိုင်ငံတွင်း ပုဂ္ဂလိက ဘဏ်တချို့အပေါ်မှာ အမေရိကန်ပြည်ထောင်စုရဲ့ ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှု ဆက်ရှိနေသေးတာကြောင့် ဖြစ်တယ်လို့ Myanmar Payment Union (MPU) ရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ မြန်မာအရှေ့တိုင်းဘဏ်ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးမြသန်းက ပြောပါတယ်။

"Master တို့ Visa တို့က အမေရိကန် Brandတွေ ဖြစ်နေတဲ့အခါကျတော့ MPU ထဲမှာ Members ဘဏ်တွေရှိတယ် အဲ့ဒီ့ဘဏ်တွေ အကုန်လုံးက အမေရိကန်ဆန်ရှင်က မလွတ်သေးဘူး။ မလွတ်သေးတဲ့အခါကျတော့ သူတို့ရဲ့ လုပ်ထုံးလုပ်နည်း စည်းကမ်းတွေအရ MPU နဲ့ လက်တွဲလို့မရသေးဘူးဖြစ်နေတယ်။ ဒါပေမဲ့လည်း ကျနော်တို့နိုင်ငံက ပွင့်လင်းလာပြီ၊ နိုင်ငံခြားသားတွေ အမြောက်အများလာနေကြပြီဆိုတဲ့အချိန်မှာ ခုန Visa တို့ Master တို့ဆိုတဲ့ ကဒ်တွေကို ပါလာတဲ့သူတွေ သုံးလို့အဆင်မပြေဘူးဆိုတာ မဖြစ်အောင်တော့ လောလောဆယ် မှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က တာဝန်ရှိသူတွေရဲ့ အစီအစဉ်နဲ့ သက်ဆိုင်ရာ လုပ်လို့ရမယ့် ဘဏ်တွေနဲ့ Bilateral basic နဲ့ လုပ်ထားတာဖြစ်ပါတယ်။"

သမဝါယမဘဏ် CB Bank ရဲ့ ATM ငွေထုတ်စက်တွေမှာ Master ကဒ်တွေနဲ့ ငွေထုတ်ယူနိုင်ပြီး Visa ကဒ်ကိုတော့ ကမ္ဘောဇ ဘဏ်၊ CB ဘဏ်နဲ့ မြန်မာအရှေ့တိုင်းဘဏ်တို့ရဲ့ ATM စက်တွေမှာ အသုံးပြုနိုင်ပါတယ်။
MPU ဆိုတာကတော့ မြန်မာနိုင်ငံအခြေစိုက် ပုဂ္ဂလိကဘဏ် ၁၇ ခုပါဝင်တဲ့ ငွေထုတ်ငွေချေ ကဒ်ပြားစနစ်ဖြစ်ပါတယ်။ အဲဒီဘဏ် တွေကနေ ထုတ်ပေးတဲ့ ဘဏ်ကဒ်ပြားတွေမှာ MPU အမှတ်တံဆိပ်ပါပြီး ဒီစနစ်ထဲမှာ ပါဝင်တဲ့ ဘယ် ATM စက်မှာမဆို ငွေထုတ် ယူနိုင်၊ ဒီစနစ်ကို လက်ခံ အသုံးပြုနေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ငွေပေးချေနိုင်ပါတယ်။

နိုင်ငံတကာ အဓိက ငွေထုတ်ငွေချေ ကဒ်ပြားတစ်ခုဖြစ်တဲ့ JCB ကဒ်ကို မြန်မာနိုင်ငံမှာ သုံးစွဲနိုင်ဖို့အတွက် သဘောတူညီချက် တစ်ရပ်ကို MPU နဲ့ JCB အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလိမိတက်တို့အကြား Chatrium ဟော်တယ်မှာ ဇူလိုင်လ ၄ ရက်၊ ကြာသပတေးနေ့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒါကြောင့်မို့ JCB ကဒ်တွေကို MPU ကဒ်လက်ခံတဲ့ ATM တွေနဲ့ လုပ်ငန်းတွေမှာ သုံးစွဲနိုင်တော့မယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ Visa နဲ့ Master ကဒ်တွေကိုတော့ အဲဒီလို မသုံးနိုင်သေး တဲ့အတွက် အကန့်အသတ်ရှိနေတယ်လို့ MPU ရဲ့ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က ဗွီအိုအေကိုပြောပါတယ်။

"JCB လိုတော့ Master Agreement တခုနဲ့ ပြီးမသွားဘူးပေါ့နော်။ JCB တို့ COV တို့ဆိုရင်တော့ MPUနဲ့ Master Agreement ပြီးတဲ့အခါကျတော့ သူတို့က အကုန်လုံး MPU ရဲ့ ATM တွေ၊ MPU ရဲ့ POS အကုန်လုံးကို သုံးလို့ရသွားတယ်။ ဒီVisa မှာကျတော့ သူတို့က MPU နဲ့ မလုပ်နိုင်တဲ့အခါကျတော့ Individaul သွားတဲ့အခါကျတော့ MPU နက်ဝပ်ကို သုံးလို့မရဘူး။ KBZ ဆိုရင် KBZ ဘဏ်ရဲ့ POS ကိုပဲ သုံးလို့ရမယ်။ KBZ ဘဏ်ရဲ့ ATM ကိုပဲ သုံးလို့ရမယ်။ အဲ့တော့ သူတို့မှာတော့ နည်းနည်း Limitation ရှိသွားတာပေါ့။"

မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ တိုးတက်လာနေပြီဖြစ်ပြီး အဲဒီ့လို တိုးတက်လာတာနဲ့အမျှ ကဒ်ပြားတွေနဲ့ ငွေပေးချေတာဟာ တိုးလာ လိမ့်မယ်လို့ JCB အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက်ရဲ့ အကြီးတန်း ဒုတိယဥက္ကဋ္ဌ ယုဆုကဲ့ မဆုအိ (Yusuke Matsui) က ပြောပါတယ်။ ဂျပန်နိုင်ငံမှာ ကဒ်ပြားတွေ အသုံးပြုတဲ့စနစ်တစ်ရပ် ထွန်းကားဖို့ နှစ်ပေါင်း ၅၀ အချိန်ယူခဲ့ရပေမဲ့ မြန်မာနိုင်ငံရဲ့ ဒီကနေ့ အခြေအနေတွေအရ အဲဒီလောက် အချိန်ကြာမှာ မဟုတ်ဘဲ ဆယ်စုနှစ်တစ်ခုကျော်ကျော်အတွင်းမှာကို ထွန်းကားလာပါ လိမ့်မယ်လို့ မစ္စတာမဆုအိက ဗွီအိုအေနဲ့ သီးခြားမေးမြန်းချိန်အတွင်း ပြောခဲ့ပါတယ်။

"၁၀ နှစ်၊ ၁၅ နှစ်အတွင်း ကဒ်သုံးတဲ့ဈေးကွက်နဲ့ပတ်သက်ရင် မြန်မာနိုင်ငံဟာ ဂျပန်လို ဖြစ်လာမယ်လို့ ကျနော်ထင်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅၀ က မိုဘိုင်း ဖုန်းတွေ၊ တစ်ကိုယ်ရေသုံးကွန်ပြူတာတွေ မရှိသေးပါဘူး။ အခုဆိုရင် မိုဘိုင်းဖုန်းတွေ ရှိလာပြီဖြစ်ပြီး မြန်မာနိုင်ငံမှာတောင် မိုဘိုင်းဖုန်းတွေ အများကြီးရှိနေပါပြီ။ ဆိုတော့ အခြေအနေက ပြောင်းလဲသွားပါပြီ။ ကျနော် သိပ်ကြီး အကောင်းမြင် လွန်းတာမျိုး ဖြစ်နေနိုင်ပေ မဲ့ မြန်မာနိုင်ငံ ငွေကြေး သုံးစွဲတဲ့ ကဏ္ဍမှာ ကဒ်ပြား အသုံးပြုတဲ့စနစ် ထွန်းကားလာတာကိုတွေ့ရဖို့ ကျနော် မျှော်လင့် ထားပါတယ်။"

သူတို့ရဲ့ အဓိက မျှော်မှန်းချက်ကတော့ ဒီနှစ်ကုန်ကျရင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနဲ့ ၂၀၁၄ ခုနှစ်ကျရင် အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ရဲ့ အလှည့်ကျဥက္ကဋ္ဌ အဖြစ် မြန်မာနိုင်ငံ တာဝန်ယူရမယ့် အခြေအနေတွေဖြစ်ပါတယ်။

JCB ကဒ်တွေကို မြန်မာနိုင်ငံမှာ ဒီနှစ် စက်တင်ဘာလကျရင် စပြီးသုံးစွဲနိုင်ဖို့ လုပ်ဆောင်နေပြီဖြစ်ပြီး နောက်တစ်ဆင့် ရည်မှန်း ချက်ကတော့ MPU ကဒ်တွေကို JCB ကဒ်လက်ခံတဲ့ ပြည်ပနေရာတွေမှာ သုံးစွဲနိုင်ဖို့နဲ့ အဲဒီကနေ တစ်ဆင့် နောက်ပိုင်းကျရင် မြန်မာနိုင်ငံသားတွေကို JCB ကဒ်တွေ ထုတ်ပေးနိုင်ဖို့ထိ လုပ်သွားမယ်လို့ ပြောကြပါတယ်။

မြန်မာနိုင်ငံတွင်းမှာ MPU ကဒ်ကို ကိုင်ဆောင်သုံးစွဲနေသူပေါင်း ၃ သိန်းဝန်းကျင်ရှိတယ်လို့ MPU အမှုဆောင်အရာရှိချုပ် ဦးဇော် လင်းထွဋ်က ပြောပါတယ်။ JCB ကဒ်ကတော့ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ ကျော်မှာ အသုံးပြုသူပေါင်း သန်း ၈၀ ကျော်ရှိတယ်လို့ဆိုပါ တယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ JCB ကဒ်ဟာ Visa နဲ့ Master ကဒ်တွေလောက် လူကြိုက်မများလှပါဘူး။
XS
SM
MD
LG