သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပံုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေ ပြည်သူ့ လွှတ်တော် အတည်ပြု


ပြည်သူ့လွှတ်တော်ခမ်းမဆောင်
ပြည်သူ့လွှတ်တော်ခမ်းမဆောင်
မြန်မာနိုင်ငံမှာ သတင်းသမားတွေနဲ့ မီဒီယာ အဖွဲ့အစည်းတွေက ပြင်းပြင်း ထန်ထန် ကန့်ကွက်ထားတဲ့ ပံုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေမူကြမ်းကို ဒီကနေ့ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ နောက်တဆင့် အမျိုးသား လွှတ်တော်က အတည်ပြုပြီးရင်တော့ ဒီဥပဒေဟာ အသက်ဝင် လာတော့မှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ မြန်မာနိုင်ငံ
စာနယ်ဇင်းကောင်စီ (ယာယီ)က အရေးပေါ် အစည်းအဝေးခေါ်ယူပြီး တုံပြန်ဖို့ ပြင်ဆင်နေပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲတင်ပြလိုက်တဲ့ ပံုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေမူကြမ်းဟာ သတင်းလွတ်လပ်ခွင့်ကို သွယ်ဝိုက်ပြီး ထိန်းချုပ်ထားတဲ့ အချက်တွေပါဝင်တယ်ဆိုပြီး လူမှုအဖွဲ့အစည်းတွေ နိုင်ငံရေး အဖွဲ့အစည်းတွေအပါအဝင်သတင်းမီဒီယာအဖွဲ့အစည်းတွေက ကန့်ကွက်ခဲ့ကြ သလို ရုတ်သိမ်းဖို့ အထိ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ဒီကနေ့ မှာတော့ ဒီဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့ပြီး ကန့်ကွက်သူမရှိ အတည်ပြုခဲ့တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က အခုလို ပြောပါတယ်။

"ခက်ခက်ခဲခဲ ဘာမှ မရှိဘူးဗျ။ သည်လေးတွေ၊ မှ လေးတွေ၊ က လေးတွေ၊ ပုဒ်ထီးတွေ၊ ပုဒ်မတွေ၊ ဒီလောက်ပဲ ပြင်ရတာပါ။ အဲ့တာကို ဦးအောင်ကြည်က အသာလေး ဟုတ်ကဲ့၊ ဟုတ်ကဲ့ဆိုပြီး လုပ်သွားပါတယ်။ ပြည်သူ့လွှတ်တော်က အတည်ပြုပြီးသွားပြီ။ အမျိုးသားလွှတ်တော် ရောက်မှာပေါ့နော်။ အမျိုးသား လွှတ်တော်မှာ ချောချောမောမောဖြစ်ရင်တော့ သမ္မတ လက်မှတ် ထိုးဖို့ပဲ ကျန်မှာပေါ့။ အခုတော့ ပြည်သူ့လွှတ်တော်မှာ ဒီနေ့ပြီးသွားတာပေါ့။"

ဒီလို အတည်ပြုလိုက်တဲ့နောက် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)က အရေးပေါ်အစည်းအဝေးခေါ်ယူလိုက်ပြီး တစုံတရာတုံပြန်ဖို့ ပြင်ဆင်နေကြောင်း စာနယ်ဇင်းကောင်စီရဲ့ ဥပဒေရေးဆွဲရေးအဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောပါတယ်။

"အဲ့တာနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ စာနယ်ဇင်းကောင်စီက အရေးပေါ် အစည်းအဝေး မနက်ဖန်မှာခေါ်ဖို့ ကြိုးစားနေပါတယ်။ ခေါ်ပြီးရင် ဘာလုပ်မယ်ဆိုတာတော့ အစည်းအဝေး ပြီး အားလုံးသဘောတူဆုံးဖြတ်ပြီးမှပဲ ကျနော်ပြောနိုင်မှာဖြစ်ပါတယ်။ "

လက်ရှိ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေဟာ ပြန်ကြားရေး ဝန်ကြီးအဖြစ် ဦးအောင်ကြည် တာဝန်ယူပြီးနောက် စာနယ်ဇင်းကောင်စီကို လွတ်လွတ်လပ်လပ်ဖွဲ့စည်းပြီး မီဒီယာဥပဒေရေးဆွဲဖို့ သဘောတူပြီးနောက် စာနယ်ဇင်းကောင်စီက မီဒီယာ ဥပဒေတခု ရေးဆွဲနေ ချိန်မှာ ပြန်ကြားရေးဝန်ကြီးဌာနက သီးသန့် ရေးဆွဲထုတ်ပြန်လိုက်တဲ့ ဥပဒေမူကြမ်းဖြစ်ပါတယ်။


ဒီပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမူကြမ်းထွက်လာချိန်မှာ စာနယ်ဇင်းကောင်စီက ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သလို၊ ပြန်ကြားရေး ဝန်ကြီးဌာနကလည်း စာနယ်ဇင်းကောင်စီနဲ့ လာရောက်ဆွေးနွေးခဲ့ပါတယ်။

" အဲ့ဆွေးနွေးခဲ့တုန်းက ကျနော်တို့က ဒီဥပဒေမှာ Freedom of Expression နဲ့ပတ်သက်ပြီး တော့ ထိခိုက်နိုင်မယ့် အချက်တွေ မပါဝင်သင့်ဘူး လို့ ထောက်ပြကန့်ကွက်ခဲ့တဲ့ အချက်အလက်တွေ ရှိပါတယ်။ ဒါပေမဲ့ အဲ့လိုဆွေးနွေးခဲ့တုန်းကတော့ ကျနော်တို့ အဆင်ပြေသယောင်ရှိခဲ့ပေမဲ့ အခု ဒီလွှတ်တော်မှာ ဒီဥပဒေကို အတည်ပြုတဲ့အခါမှာ ကျနော်တို့ ထောက်ပြတဲ့ အချက်အလက်တွေ၊ ပြုပြင်မပေးပဲ အတော်များများ၊ ပါရှိလာတာကို တွေ့ရပါတယ်။ အဲ့တော့ အဲ့လိုတွေ ပါရှိလာတဲ့ အတွက်ကြောင့် ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီရဲ့ ကြားမှာ အနာဂတ် ပူးပေါင်းလုပ်ဆောင်မယ့် လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ယုံကြည်မှုပျက်ယွင်းနိုင်တယ်လို့တော့ အကြမ်းဖျင်းယူဆနိုင်ပါတယ်။"

ဒါကတော့ ဦးဇော်သက်ထွေး ပြောသွားတာဖြစ်ပါတယ်။
ဒီကနေ့ ပြည်သူ့ လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပေဒမူကြမ်းဟာ ဥပဒေပညာရှင်တွေနဲ့ ညှိနှိုင်းတိုင်ပင်ရေးဆွဲထားတာဖြစ်သလို အခြေခံဥပဒေနဲ့လည်း ကိုက်ညီပြီး လွတ်လပ်စွာပြောဆိုမှုကိုလည်း မထိခိုက်စေတဲ့ ဥပဒေဖြစ်တယ်၊ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ လည်းကိုက်ညီတယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က ဗွီအိုအေနဲ့ တွေ့ဆုံမေးမြန်းစဉ်က ပြောကြားခဲ့ဖူးပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက သူတို့ ရေးဆွဲတဲ့ ဥပဒေမူကြမ်းကို လွှတ်တော်မှာ အတည်ပြုချက်ရယူနေတဲ့တချိန်တည်းမှာတော့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ယာယီက ရေးဆွဲထားတဲ့ ဥပဒေမူကြမ်းက အချက် ၁၇ချက်ကို ပြင်ဆင်ဖို့ မနေ့က အကြောင်းကြားခဲ့ပါတယ်။ ဒီပြင်ဆင်ရမယ့်အချက်တွေကို ပြင်မယ် မပြင်ဘူးဆိုတာကတော့ မနက်ဖြန်မှာ ကျင်းပမယ့် စာနယ်ဇင်းကောင်စီရဲ့ အရေးပေါ် အစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးသွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ယာယီက ရေးဆွဲထားတဲ့ ဥပဒေမူကြမ်းဟာ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ကို အာမခံဖို့ သတင်းသမားတွေနဲ့ပြည်သူလူထု ကို ကာကွယ်ဖို့အတွက်ဖြစ်ကြောင်း သတင်းထုတ်ပြန် ထားတာပါတယ်။ ဒီဥပဒေမူကြမ်း ကိုလည်း ပြည်ထောင်စု လွှတ်တော်ကို တင်ပြသွားဖို့ ရှိနေတာဖြစ်ပါတယ်။
XS
SM
MD
LG