သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် လွတ်လပ်ရေးနေ့ အခမ်းအနားတွေ ကျင်းပ


အမေရိကန်နိုင်ငံတွင်း လွတ်လပ်ရေးဆင်နွှဲနေကြစဉ်။ ( ဇူလိုင်လ ၄ရက်)
အမေရိကန်နိုင်ငံတွင်း လွတ်လပ်ရေးဆင်နွှဲနေကြစဉ်။ ( ဇူလိုင်လ ၄ရက်)
ဇူလိုင်လ ၄ ရက်နေ့မှာကျရောက်တဲ့ အမေရိကန် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို အမေရိကန်ပြည်ထောင်စုတဝှမ်း ကျင်းပ ဆင်နွှဲခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်က နယူးယောက်မြို့မှာ ပြင်းထန်တဲ့ စန္ဒီမုန်တိုင်း တိုက်ခတ်ခံခဲ့ရပြီးတဲ့နောက် ပိတ်ထားခဲ့တဲ့ နယူးယောက်မြို့ရဲ့ အထင်ကရ The Statue of Liberty လွတ်လပ်ခြင်း အထိမ်းအမှတ် ကျောက်ရုပ်ကြီးကိုလည်း အများပြည်သူ လာရောက် ကြည့်ရှုနိုင်အောင် လွတ်လပ်ရေးနေ့မှာ ပြန်လည် ဖွင့်ပေးခဲ့ပါတယ်။
သမ္မတအိုဘားမား အိမ်ဖြူတော်တွင် လွတ်လပ်ရေးနေ့ မိန့်ခွန်းပြောကြားနေစဉ်။ (ဇူလိုင်လ ၄ရက်၊ ၂၀၁၃)
သမ္မတအိုဘားမား အိမ်ဖြူတော်တွင် လွတ်လပ်ရေးနေ့ မိန့်ခွန်းပြောကြားနေစဉ်။ (ဇူလိုင်လ ၄ရက်၊ ၂၀၁၃)
သမ္မတအိုဘားမား ကလည်း လွပ်လပ်ရေးကြေညာ စာတမ်းပါ အချက်တွေ အတိုင်း နိုင်ငံသားတွေ ဆက်လက် နေထိုင်သွားကြဖို့ လွတ်လပ်ရေးနေ့မှာ တိုက်တွန်းခဲ့ပါတယ်။ လွတ်လပ်ရေးနေ့မှာ အမေရိကန်တဝှမ်းက လွတ်လပ်ရေး အခမ်းအနားတွေ အကြောင်းကိုတော့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။

ဇူလိုင်လ ၄ ရက်နေ့ဟာ ဗြိတိသျှလက်အောက်နေ အမေရိကန် လွတ်လပ်ရေးရယူခဲ့တဲ့ (၂၃၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်တာကြောင့်မိုလို့ အမေရိကန်ပြည်ထောင်စုတဝှမ်း လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ကြာသပတေးနေ့က စည်စည်ကားကား ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားတွေ အနေနဲ့ ဒီလိုနေ့မျိုးမှာ မီးရှူးမီးပန်းတွေ၊ အလှပြ စီတန်းလှည့်လည်မှုတွေ၊ စင်မြင့်ဖျော်ဖြေမှုတွေနဲ့ အပြင်ထွက် ပျော်ပွဲစားတာတွေ လုပ်လေ့ရှိကြတာပါ။ အမေရိကန်ပြည်သူတွေ လွတ်လပ်ရေးနေ့ အခမ်းအနားကို ဆင်နွှဲနေကြချိန်မှာ အမေရိကန်သမ္မတ ဘရက်အိုဘားမားကလည်း လွပ်လပ်ရေးကြေညာ စာတမ်းပါ အချက်တွေအတိုင်း နိုင်ငံသားတွေ ဆက်လက် နေထိုင်သွားကြဖို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

“၁၇၇၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာ မျိုးချစ်ပုဂ္ဂိုလ်တစုက ကျနော်တို့ဟာ တန်းတူညီမျှခွင့်၊ လွတ်လပ်စွာတွေးခေါ်ခွင့်၊ ကိုးကွယ်ခွင့် နဲ့ လွတ်လပ်စွာ နေထိုင်ခွင့်ရှိတဲ့သူတွေ ဖြစ်တယ်ဆိုပြီး ကြေညာခဲ့ကြတာဖြစ်ပါတယ်။ ကျနော်တို့ဟာ ကိုလိုနီ လက်အောက်ခံတွေ မဟုတ်တော့ဘူး၊ ကျနော်တို့ရဲ့ ကံကြမ္မာကို ဘယ်သူကမှ ဆုံးဖြတ်ပိုင်ခွင့်မရှိဘဲ။ ကျနော်တို့ကိုယ်တိုင်သာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ် ဆိုတာကို တကမ္ဘာလုံးသိအောင် ကြေညာလိုက်တဲ့ ကြေညာချက်ပဲဖြစ်ပါတယ်။”

ဒီလွတ်လပ်ရေးနေ့မှာပဲ မနှစ်က လူတွေသေဆုံးတဲ့အထိ ထိခိုက်ပျက်စီးမှုတွေဖြစ်ခဲ့ရတဲ့ စန္ဒီ မုန်တိုင်းကြောင့် ပိတ်ထားခဲ့ရတဲ့ နယူးယောက်မြို့က အထင်ကရ The Statue of Liberty လွတ်လပ်ခြင်းအထိမ်းအမှတ် ကျောက်ရုပ်ကြီးကိုလည်း အများပြည်သူ ကြည့်ရှုနိုင်အောင် တရားဝင် ပြန် ဖွင့်ပေးခဲ့ပါတယ်။ စန္ဒီမုန်တိုင်းကြောင့် ရေလွှမ်းခဲ့ရတဲ့ ဒီကျောက်ရုပ်ကြီးရှိရာ Liberty ကျွန်းမှာ ကြာသပတေးနေ့က ကြယ်ပွင့်တွေ၊ ရောင်စုံအလံတွေနဲ့ အလှဆင်ထားပေမဲ့၊ တချို့နေရာတွေကို သွားလာမှုတွေ ပိတ်ထားဆဲဖြစ်ပြီး၊ ဖယ်ရီသင်္ဘောတွေ အဓိက သွားလာ ဆိုက်ကပ်တဲ့နေရာကိုတော့ ဖွင့်ထားပေးပါတယ်။ ဒီကျွန်းငယ်လေးရှိရာကို ထွက်ခွာတဲ့ နယူးယောက်မြို့လယ် Manhattan အရပ်က Battery Park ပန်းခြံမှာ စောင့်ဆိုင်းနေကြတဲ့ လူတန်းကြီးကလည်း အရှည်ကြီးဖြစ်နေတာပါ။

“ကျနော့်အတွက်တော့ နယူးယောက်မြို့ကို ပထမဆုံး လာလည်တဲ့ခရီးပါ။ ဇူလိုင်လ ၄ ရက်နေ့မှာ The Statue of Liberty ကျောက်ရုပ်ကြီးကို သွားကြည့်ရတာ တကယ့်ကို ပျော်စရာကောင်းလိမ့်မယ်လို့ ထင်ပါတယ်။”

အမြင့်ပေ ၃၀၅ ပေရှိတဲ့ ခန့်ညားထည်ဝါတဲ့ The Statue of Liberty ကျောက်ရုပ်ကြီး ရှိရာကို လွတ်လပ်ရေးနေ့မှာ သွားရောက်ကြည့်ဖို့ အတွက် သင်္ဘောဆိပ်မှာ တန်းစီနေတဲ့ Rick Perkins ပြောသွားတာပါ။ ဒီလို သွားကြမယ့်လူအုပ်ထဲ Boy Scouts လို့ခေါ်တဲ့ အမေရိကန် ကင်းထောက်လူငယ်အဖွဲ့တွေလည်း ပါပါတယ်။ အမေရိကန်နိုင်ငံရဲ့ မူရင်းသမိုင်း နေရာတွေကို လေ့လာနိုင်ဖို့အတွက် Boy Scouts အဖွဲ့ခေါင်းဆောင်တွေက အခုလို လူငယ်တွေကို ခေါ်လာတာပါ။

“သူတို့တွေရဲ့ ဘိုးဘွားဘီဘင်တွေဟာ တခြားနိုင်ငံတွေကနေ ဒီနေရာကို၊ Ellis ကျွန်းကို၊ အခု Statue of Liberty ရှိတဲ့နေရာကို လာခဲ့ကြတဲ့သူတွေပါ။ အမေရိကန်ပြည်ထောင်စုနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို သူတို့တွေ ပြည့်ပြည့်၀၀ နားလည်အောင် လုပ်ပေးနိုင်ဖို့ပါပဲ။”

အင်ဒီယားနား ပြည်နယ်က လူငယ်ကင်းထောက်အဖွဲ့ခေါင်းဆောင် Dick Greiese ပြောသွားတာပါ။

အခုလို လွတ်လပ်ရေးနေ့မှာ The Statue of Liberty ကျောက်ရုပ်ကြီး ရှိရာကို သွားရောက်ခဲ့ကြသူတွေ အများအပြား ရှိခဲ့သလိုပဲ၊ အမေရိကန်ကန်ပြည်ထောင်စုမြို့တော် ဝါရှင်တန်ဒီစီမှာတော့ လွှတ်တော်အဆောက်အဦးအနီး The National Mall လို့ခေါ်တဲ့ အမျိုးသားရင်ပြင် ကွင်းပြင်ကျယ်ကြီးထဲမှာ စုဝေးဆင်နွှဲကြပါတယ်။

နံမည်ကျော် အဆိုတော်တွေရဲ့ စင်မြင့်ဖျော်ဖြေပွဲတွေအပြီးမှာတော့ လှပတဲ့ မီးရှူးမီးပန်းတွေ အများအပြား ကောင်းကင်မှာ ပစ်ဖောက်ပြီး ဆင်နွှဲကြတာဖြစ်ပါတယ်။ ဒီလိုပဲ တခြား ပြည်နယ်တွေ၊ အရပ်ဒေသတွေမှာလည်း လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို စည်းစည်းကားကား ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ ခုလို လွတ်လပ်ရေးနေ့ လူစုလူဝေး နဲ့ဆင်နွှဲမှုတွေကို အနှောက်အယှက်ပေးတဲ့ ဘယ်လို အကြမ်းဖက် ခြိမ်းခြောက်မှုမျိုးမှ မရှိခဲ့ဘူးလို့လည်း အမေရိကန်လုံခြုံရေး အရာရှိတွေက ပြောပါတယ်
XS
SM
MD
LG