သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ဦးသိန်းစိန် လန်ဒန် ပဲရစ်သွားမည်


သမ္မတဦးသိန်းစိန်။
သမ္မတဦးသိန်းစိန်။
သမ္မတဦးသိန်းစိန်ဟာ လာမယ့် တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ ဗြိတိန်နိုင်ငံ ကို ရောက်ရှိမှာဖြစ်ပြီး ကုန်သွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူ့အခွင့်အရေး ကိစ္စတွေကို ဗြိတိန်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ရှိနေပါတယ်။ အီးယူ ဥရောပသမဂ္ဂမှာ အရေးပါတဲ့ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေကို ရောက်တဲ့အခါ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စတွေကို အဓိက ရည်ရွယ် တိုက်တွန်းဖို့ဖြစ်နိုင်တယ်လို့ ဥရောပအခြေစိုက် မြန်မာ့အရေးသုံးသပ်သူ တချို့က ပြောပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။
မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ဗြိတိန်ကို တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ ရောက်ရှိ လာမှာဖြစ်တဲ့အကြောင်း ဗြိတိန်နိုင်ငံခြားရေးရုံးပြောခွင့်ရသူက ပြောပါတယ်။ တနင်္လာညနေပိုင်းမှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး William Hauge နဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီး Justine Greening တို့နဲ့ တွေ့ဆုံဖို့ရှိပြီး အင်္ဂါနေ့မှာတော့ စီးပွားရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံတွင်း နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးတာ အပါအဝင် တိုးတက်ပြောင်းလဲမှုတွေ ရှိခဲ့တဲ့အပေါ်မှာ ဗြိတိန်နိုင်ငံက အသိအမှတ်ပြုတဲ့ အနေနဲ့ ခုလို သမ္မတ ဦးသိန်းစိန်ကို ဗြိတိန်နိုင်ငံကို ဖိတ်ကြားရခြင်းဖြစ်ပါတယ်လို့ ဆိုပြီး၊ ဒီခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အရေးပါတဲ့ သမိုင်းဝင်တဲ့ ခရီးစဉ်တရပ်ဖြစ်တယ်လို့ ဆိုပါတယ်။ ခရီးစဉ်အတွင်းမှာ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စတွေ၊ ဖွံ့ဖြိုတိုးတက်မှုဆိုင်ရာ ကိစ္စတွေ၊ နဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးဖို့ရှိပြီး၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကိစ္စတွေနဲ့ ပတ်သက်လို့လည်း ဆွေးနွေးကြမယ်လို့ ဗြိတိန်နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။
သမ္မတဦးသိန်းစိန် အနေနဲ့ ဥရောပကို ဒုတိယအကြိမ် သွားရောက်မယ့် အခုခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင်း ဥရောပနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးတိုက်တွန်းနိုင်ဖို့အတွက် အဓိက လာရောက်တာဖြစ်နိုင် သလို၊ မြန်မာအပေါ် အကူအညီပေးရေး ကိစ္စတွေကိုလည်း ဆွေးနွေးနိုင်တယ် လို့ မြန်မာ့အရေးကို ဥရောပမှာ နှစ်ပေါင်းများစွာ လှုပ်ရှားဆောင်ရွက်လာခဲ့တဲ့ ဦးနွယ်အောင်က သုံးသပ်ပါတယ်။
"စီးပွားရေးကိစ္စပဲ အများဆုံးဖြစ်မှာပါ။ ဒါပါပဲ။ သူ့အနေနဲ့က အထူးသဖြင့်ကတော့ UK က ရင်းနှီးမြှုပ်နှံမယ့် ပုဂ္ဂိုလ်တွေ ဒီလူတွေနဲ့တွေ့မယ်။ ပြင်သစ် က ရင်းနှီးမြှုပ်နှံမယ့် ပုဂ္ဂိုလ်တွေနဲ့တွေ့မယ်။ နောက် ပြင်သစ်ရော၊ အင်္ဂလန်ရောက ဦးသိန်းစိန်အစိုးရကို တော်တော်လေး မျက်နှာသာပေးတဲ့နိုင်ငံတွေဖြစ် တာကိုး။ အဲဒီတော့ သူကလည်း ဒီကိစ္စကို အခွင့်ကောင်းယူပြီးတော့ ဒီနိုင်ငံတွေကို လာရောက်လည်ပတ်မှာဖြစ်တယ်။ အထူးသဖြင့်တော့ ဒီနိုင်ငံတွေ ကနေပြီးတော့ မြန်မာနိုင်ငံအတွက် ပိုက်ဆံ ဘယ်လောက်ရနိုင်မလဲ ဆိုတဲ့ ပုံစံမျိုးနဲ့ပဲ သူက လာတွေ့မှာဖြစ်ပါတယ်။"
ဥရောပနိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို သတိထား စောင့်ကြည့်နေတဲ့ကာလမှာ သမ္မတ ဦးသိန်းစိန်အနေနဲ့ လက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဥရောပ နိုင်ငံတွေရဲ့ ယုံကြည်လက်ခံမှု ပိုမိုရရှိဖို့အတွက် အခုလို ကိုယ်တိုင် လာရောက် ဖျောင်းဖျတာ ဖြစ်လိမ့်မယ် လို့လည်း ဦးနွယ်အောင်က သုံးသပ်ပါတယ်။
"ဒီနိုင်ငံတွေကတော့ သူတို့က မြန်မာပြည်ထဲ ဝင်မယ်။ စီးပွားရေးတွေ ဘာတွေလုပ်မယ် ဆိုပြီး ပြောသာပြောနေတယ်၊ ဒါပေမဲ့ စိတ်မချတဲ့ပုံစံရှိတာကိုး။ ဒါကြောင့်မို့လို့ ဦးသိန်းစိန်က ဒီနိုင်ငံတွေကိုလာပြီး ဖျောင်းဖျမယ့် ပုံသဏ္ဍာန်မျိုးရှိတာ။ သူတို့ရှေ့မှာ ဥပဒေတွေ ပြုပြင်ထားတာတွေရှိပါတယ်။ Investment Law တွေဘာတွေ ပြုပြင်ထားတာတွေရှိပါတယ်။ ဒါတွေကို စိတ်ချပါ။ နောက်ပြီးတော့ သူတို့အနေနဲ့လည်း နောက်ပြန်သွားဖို့ ရည်ရွယ်ချက်မရှိပါဘူး စသည်ဖြင့် ဒီဟာတွေကိုဖြောင်းဖျပြီး ဒီနိုင်ငံတွေကိုပြောဖို့ ရှင်းပြမယ်။ သူ့အစိုးရအတွက်ကတော့ ဒီဥစ္စာဟာ အကျိုးဖြစ်ထွန်းမှုရှိမှာပါ။"
ဥရောပမှာ မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေကြတဲ့ သူတွေကတော့ သမ္မတ ဦးသိန်းစိန်ရဲ့ အခု ဥရောပခရီးစဉ်ကို ကန့်ကွက်ဖို့ ပြင်ဆင်နေကြတယ်လို့လည်း ဦးနွယ်အောင်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဖော်ဆောင်နေတယ်လို့ မြန်မာအစိုးရ က ပြောနေပေမဲ့ လက်တွေ့မှာတော့ တိုင်းရင်းသားဒေသတွေမှာ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သလို၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာလည်း ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖြစ်ပွားနေတုန်းပဲလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန် ထောက်ပြနေကြတာဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီနဲ့ မတ်လတွေအတွင်း နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနဲ့ အီတလီ နိုင်ငံတွေကိုလည်း သွားရောက်ခဲ့ပြီး ဥရောပနိုင်ငံတွေက ခေါင်းဆောင်တွေ၊ အီးယူ ဥရောပသမဂ္ဂ အကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့သလို၊ အီးယူရဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုအားလုံး ရုပ်သိမ်းပေးဖို့ကိစ္စတွေကို တောင်းဆို ခဲ့တာဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ ဥရောပ ၅ နိုင်ငံ ခရီးစဉ်အပြီး ပြီးခဲ့တဲ့ ဧပြီလထဲမှာပဲ အီးယူကလည်း လက်နက်တင်ပို့ရောင်းချင်ခွင့်က လွဲလို့ ကျန်တဲ့မြန်မာအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှုတွေကို အပြီးပိုင် ရုပ်သိမ်းပေးခဲ့တာဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း နဲ့ ပြင်သစ်သမ္မတ ဖရန်ဆွာအိုလွန်း တို့ရဲ့ ဖိတ်ကြားမှုနဲ့ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေကို မကြာခင် သွားရောက်ဖို့ရှိတဲ့အကြောင်း ကြာသပတေးနေ့ထုတ် မြန်မာအစိုးရ သတင်းစာမှာ ဖော်ပြထားပေမဲ့ ခရီးစဉ်အသေးစိတ်ကိုတော့ ပြောမထားပါဘူး
XS
SM
MD
LG