သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Australia နိုငံခြားရေး ဝန်ကြီး ရဲ့ မြန်မာခရီး


မြန်မာသမ္မတဦးသိန်းစိန်နဲ့ သြစတြေးလျနိုင်ငံခြားရေး ၀န်ကြီး ဘော့ဘ် ကားရ် တွေ့ဆုံစဉ်။ (သတင်းဓာတ်ပုံ- နိုင်ငံတော်သမ္မတရုံး ဝဘ်ဆိုက်ဒ်မှ ကူးယူဖော်ပြသည်)
မြန်မာနိုင်ငံဆီ လာရောက်ခဲ့တဲ့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဘော့ဘ် ကားရ် (Bob Carr) ဟာ ကြာသပတေး နေ့ မနက်ပိုင်းက ရန်ကုန်မြို့ တွင်း ရှေးဟောင်း အဆောက်အဦးတွေကို လှည့်လည်ကြည့်ရှုပြီးတော့ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) ရုံးဆီ သွားရောက်ခဲ့ပါတယ်။ မစ္စတာကားရ်ဟာ ကြာသပတေးနေ့တုန်းက သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့နဲ့လည်း သီးခြားစီ တွေ့ဆုံခဲ့ပါသေးတယ်။ ၾသစေၾတးလ်
နိုင်ငံခြားရေးဝန်ကြီး ရဲ့ နှစ်ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ဇူလိုင်လ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံဆီရောက်လာတဲ့ သြစတြေးလျနိုင်ငံခြားရေး ၀န်ကြီး ဘော့ဘ် ကားရ်ဟာ ရန်ကုန်မြို့လယ်က မြို့ပြ အမွေအနှစ် ရှေးဟောင်း အဆောက်အဦးတွေကို လှည့်လည် ကြည့်ရှုပြီး တဲ့နောက် ကျောက်တံတား မြို့နယ်မှာရှိတဲ့ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး (YHT) အဖွဲ့ဆီ သွားရောက်ခဲ့တာဖြစ်ပါတယ်။ YHT ရုံး မှာ ၀န်ကြီး ကားရ် ပြောဆိုခဲ့တာတွေကို အဖွဲ့ရဲ့ Special Assistant မမေသွေးကို က ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။

"အဓိကကတော့ ဒီ YHT က လုပ်ဆောင်တဲ့ဟာတွေရယ်၊ နောက်ပြီးတော့ ဒီAus Aid ( Australia's Aid Program) ကနေပြီးတော့ Yangon Urban conservationနဲ့ ပတ်သက်ပြီးတဲ့အခါကျတော့ ကျောင်းသားတွေဆိုတာက YHT က ကျောင်းသားတွေလည်းပါတယ်။ တခြားအိုးအိမ်တို့ စည်ပင်တို့က သူတွေနဲ့ ၁၂ယောက်ကို သြစတေးလျမှာ သင်တန်းတက်ဖို့ကို Aus Aid က Funding လုပ်ပေးထားတာရှိတယ်။ အဓိက လာသွားတာကတော့ YHT က လုပ်ဆောင်ချက်တွေကို နားထောင်ဖို့ရယ် သွားမယ့်သင်တန်းသားတွေရယ်ကို လာတွေ့တာပေါ့နော်။ နောက်တခုက သင်တန်းသားတွေ သြစတေးလျလာရင် ကြည့်ဖို့ပေါ့နော် ကြည့်ထိုက်တဲ့နေရာတွေရှိတယ်။ ရန်ကုန်ပြန်လာရင် အသုံးဝင်တယ်ဆိုတာတွေပေါ့။"

မစ္စတာကားရ်ဟာ ကြာသပတေးနေ့က နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန် နဲ့ တွေ့ဆုံချိန် အတွင်း မြန်မာနိုင်ငံ ပညာရေး ကဏ္ဍ ပြုပြင်ပြောင်းလဲရေး အတွက် သြစတြေးလျဒေါ်လာ သန်း ၁၀၀ ထောက်ပံ့မယ့် အကြောင်း ပြောခဲ့တယ် လို့ ကြာသပတေးနေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဆက်လက် ဖော်ဆောင်နိုင်ဖို့အတွက် သြစတြေးလျ ဒေါ်လာ ငါးသန်း ထောက်ပံ့ပေးထားပြီးပြီလို့လည်း ပြောခဲ့ပါတယ်။ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေရဲ့ ပညာရေးနဲ့ ကျန်းမာရေး ကိစ္စတွေကို ကူညီ ဆောင်ရွက်ပေးဖို့နဲ့ပတ်သက်ပြီး သမ္မတဦးသိန်းစိန်နဲ့ မစ္စတာကားရ်တို့ ဆွေးနွေးခဲ့ကြတယ်လို့လည်း သတင်း တွေမှာဖော်ပြထားပါတယ်။

ရန်ကုန်မြို့လယ်က မြို့ပြအမွေအနှစ် အဆောက်အဦးတွေကို လှည့်လည်ကြည့်ရှုတာကနေ မြို့တော်ရဲ့ ပိသုကာအမွေအနှစ် တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ရာ ခိုင်မာတဲ့ ကာကွယ်ထိန်းသိမ်းရေးဇုံတွေ သတ်မှတ်ဖို့သာမက အဆောက်အဦးတစ်ခုချင်းစီ ကို စာရင်းပြုစုထားဖို့ လိုအပ်တယ်ဆိုတဲ့အချက်ကို ပိုပြီးအသေအချာ သိခဲ့ရတယ်လို့ မစ္စတာကားရ်ကပြောကြောင်း YHT အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့ပြ အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ YHT အဖွဲ့ရဲ့ အောင်မြင်မှုကိုလည်း ၀န်ကြီးကားရ်က ချီးကျူးပြောဆိုခဲ့ပါတယ်။
အဆောက်အဦးတွေကို စာရင်းပြုစုနေတာအပါအ၀င် YHT အဖွဲ့ရဲ့ လက်ရှိလုပ်ဆောင်နေတာတွေကိုတော့ မမေသွေးကိုက ရှင်းပြပါတယ်။

"ကျမတို့ လောလောဆယ်မှာတော့ Inventory လုပ်နေတယ်ပေါ့နော်။ ဒီအဆောက်အဦးဟောင်းနေတာတွေ၊ ပြိုပျက်တဲ့နေရာတွေ မြို့နယ်အလိုက်ပေါ့။ စာရင်းပြုစုနေတာ အဲ့တာကတော့ အဓိက လုပ်နေတာပါ။ နောက် တခုက ဒေါ်မို့မို့လွင်က ဒီ Conservation ဇုံထဲမှာ လုပ်နေတယ်။ နောက်တခုက Heritage Law ထွက်ဖို့အတွက် လည်း ပြင်ဆင်နေတယ်ရှင်။"

မြန်မာနိုင်ငံဟာ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံတစ်ခုအဖြစ် ဆက်ရှိနေ ဆဲဖြစ်ပြီး မြန်မာကလေးငယ် အရေအတွက် ထက်ဝက်ကျော်ဟာ မူလတန်း ပညာကို ပြီးဆုံးအောင် မသင်ယူနိုင်ကြသလို အသက်ငါးနှစ်အောက် ကလေးငယ် ၇၀,၀၀၀ ပတ်ဝန်းကျင်ဟာလည်း ကြိုတင်ကာကွယ် တားဆီးနိုင်တဲ့ ရောဂါတွေ နဲ့ နှစ်စဉ် သေဆုံးနေကြရတယ်လို့ သြစတြေးလျနိုင်ငံခြားရေးဌာနရဲ့ ဇူလိုင်လ ၅ ရက် နေ့စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

သြစတြေးလျနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွက် အကူအညီတွေကို ၂၀၁၅ ခုနှစ်ကျရင် အမေရိကန်ဒေါ်လာ သန်း ၉၀ အထိ တိုးမြှင့် ပေးအပ်သွားဖို့ လျာထားပြီး ဒါဟာ ၂၀၁၂ ခုနှစ်ကထက်စာရင် နှစ်ဆကျော် တိုးလာတာဖြစ်တယ်လို့ AFP သတင်းတစ်ပုဒ် မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေဖြစ်ခဲ့ပြီးတဲ့နောက် ဒဏ်ခတ် အရေးယူမှုတွေ ကို ပြီးခဲ့တဲ့နှစ်က စပြီး ရုပ်သိမ်းခဲ့တဲ့ နိုင်ငံတွေထဲ မှာ သြစတြေးလျ ဟာ ပထမဆုံးနိုင်ငံ တစ်နိုင်ငံပါ။ ဒဏ်ခတ် အရေးယူထားတာတွေ ကို ရုပ်သိမ်း လျှော့ပေါ့ပေးခဲ့တာတွေကြောင့် နိုင်ငံခြား ကုမ္ပဏီတွေ မြန်မာနိုင်ငံ မှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားလာကြပြီး အဲဒီထဲမှာ သြစတြေးလျအခြေစိုက် ကုမ္ပဏီတွေလည်း ပါဝင်ပါတယ်။

သြစတြေးလျကုမ္ပဏီအများအပြား မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေကြပြီး အထူးသဖြင့် သဘာဝသယံဇာတ ထုတ်လုပ်ရေးကဏ္ဍမှာ ဖြစ်ပြီးတော့ သြစတြေးလျနိုင်ငံရဲ့ အကြီးဆုံး စွမ်းအင်ကုမ္ပဏီဖြစ်တဲ့ Woodside ဟာ မြန်မာနိုင်ငံ မှာ လုပ်ငန်းတွေ လုပ်ဆောင်နေ ပြီလို့ နိုင်ငံခြားရေး ၀န်ကြီး ဘော့ဘ် ကားရ်ရဲ့ သတင်းမီဒီယာဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပက်ထရစ် လိုး (Patrick Low) ကပြောတာ ကို AFP သတင်းမှာ ကိုးကား ဖော်ပြထား ပါတယ်။ ၀န်ကြီးကားရ်ဟာ ဇူလိုင် ၁၁ ရက်၊ ကြာသပတေးနေ့ ညနေပိုင်းမှာ မြန်မာ နိုင်ငံ ကနေ ပြန်လည် ထွက်ခွာသွားပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG