သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့သူရဦးရွှေမန်း ပူးတွဲသတင်းစာရှင်းလင်းပွဲ


ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဟာ နှစ်ဦး ပူးတွဲ သတင်းစာရှင်းလင်းပွဲ။ (ဇူလိုင် ၁၈၊ ၂၀၁၃)
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဟာ နှစ်ဦး ပူးတွဲ သတင်းစာရှင်းလင်းပွဲ။ (ဇူလိုင် ၁၈၊ ၂၀၁၃)
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဟာ နှစ်ဦး ပူးတွဲပြီးတော့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကို တရားမျှတမှု အရှိဆုံးဖြစ်အောင် လုပ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းခဲ့ သလို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း အမျှတဆုံးဖြစ်အောင် ကြိုးစားသွားမယ်လို့ ကတိပေးခဲ့ပါ တယ်။ ဒါ့အပြင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး ကိစ္စကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အလေး ထား ပြောခဲ့ ပါတယ်။ ဘယ်သူ သမ္မတဖြစ်မလဲ ဆိုတဲ့ကိစ္စမှာလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြောင်းပြီးရင်တော့ ပြည်သူကရွေးချယ်တဲ့ လူကို လက်ခံရ မှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ကြာသပတေးနေ့ က ပြည်သူ့လွှတ်တော် သတင်းစာ ရှင်းလင်းပွဲခန်းမအတွင်းမှာ သတင်းမီဒီယာ သမားတွေနဲ့ တွေ့ဆုံပွဲ အတွင်း ပြောဆိုခဲ့တာတွေကိုတော့ ကိုယ်တိုင်သွားခဲ့တဲ့ ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ၊ ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် တို့နှစ်ဦး အတူတကွ သတင်းမီဒီယာ သမားတွေနဲ့ တွေ့ဆုံ ပြောဆိုတာဟာဖြင့် ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

၂ နာရီနီးပါးကြာတဲ့ ဒီတွေ့ဆုံပွဲအတွင်း သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့နှစ်ဦး အပြန်အလှန် ပြောဆိုမှု အများဆုံးရှိခဲ့တဲ့ ကိစ္စကတော့ ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကိစ္စ၊ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ဘယ်သူ သမ္မတဖြစ်လာနိုင်သလဲ ဆိုတဲ့ကိစ္စတွေပဲဖြစ်ပါတယ်။

ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဘယ်လောက်ထိ ပြင်ဆင်ပြီးပြီလဲဆိုတာကို ဒေါ်အောင်ဆန်းစု ကြည်က အခုလိုဖြေဆိုခဲ့သလို တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေးကိုလည်း ထည့်ပြောခဲ့ပါတယ်။

"၂၀၁၅ရွေးကောက်ပွဲ အတွက် အားလုံးတော့ ပြင်ဆင်လို့မပြီးသေးပါဘူး။ အခုမှ စပြီးတော့ ပြင်ဆင်ပါတော့မယ်။ အန်တီတို့ကတော့ နိုင်မှာပေါ့နော်။ သတ္တိရှိတယ်ဆိုလို့ရှိရင်ပေါ့ တကယ်ကို ညီညီမျှမျှ အခြေအနေပေါ်မှာ ရွေးကောက်ပွဲကို ကျင်းပနိုင်အောင်လို့ ဥက္ကဋ္ဌကြီးအနေနဲ့ အစွမ်းကုန်ဆောင်ရွက်ပေးမယ်လို့ ကျမက ယုံကြည်ပါတယ်။"

ရွေးကောက်ပွဲမှာ ဘယ်သူ အနိုင်ရမလဲဆိုတဲ့အပေါ် သူရဦးရွှေမန်းက တုန့်ပြန်ပြောဆိုခဲ့သလို တရားမျှတရေးအတွက် ကြိုးစားပါ့မယ်လို့လည်း ကတိပေးခဲ့ပါတယ်။

" လာမယ့်ရွေးကောက်ပွဲမှာ တစ်ဖက်က အနိုင်ရရှိအောင် လုပ်မယ် လို့ပြောပါတယ်။ အဲ့ဒီ့တော့ ဥက္ကဋ္ဌအနေနဲ့ပြောချင်တာကတော့ ပိတ်ကားပေါ် မှာ စောင့်ကြည့်ပါပေါ့နော်။ နောက်တခု က ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ လာမယ့်ရွေးကောက်ပွဲမှာ အမျှတဆုံးဖြစ်အောင် ဥက္ကဋ္ဌ လုပ်ပေးပါဆိုတာကို အဖြစ်နိုင်ဆုံး၊ အမျှတဆုံးဖြစ်အောင်ဥက္ကဋ္ဌကြီးက ကြိုးစားပါ့မယ်။ "

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး မဖြစ်ရေးဆိုတာဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးနဲ့ ဆက်စပ် နေတာမို့ ဒီကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲမှာ သာတယ် နာတယ်ဆိုတာမရှိဘဲ လူထုရဲ့ အဆုံးအဖြတ် ကို ခံယူရမှာပဲဖြစ်တယ် ဆိုတာကို လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့ပါတယ်။

"တကယ်ဆိုလို့ရှိရင် မှန်မှန်ကန်ကန်ယှဉ်ပြိုင်တယ်ဆိုရင် မျှတအောင် လုပ်ပေးရမှာပေါ့။ ဥက္ကဋ္ဌကြီးအနေနဲ့ ကျမနဲ့ယှဉ်ပြိုင်ရဲတယ်ဆိုရင် ကျမကို သမ္မတဖြစ်နိုင်အောင်လို့ဖွဲ့စည်းပုံ အခြေခံဥပဒေပြောင်းလဲရေးကို ကျမကို လုပ်ပေးရမှာပေါ့။ အဲ့လို မလုပ်ပေးဘူးဆိုရင် မှန်မှန်ကန်ကန်မဟုတ်လို့ပဲ။ အဲ့တော့ ဘယ်သူက သာတယ်နာတယ်ဆိုတာ နိုင်ငံရေးမှာ လူတစ်ယောက်က အမြဲတမ်း တချိန်လုံး သာနေတာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရဲ့လိုအပ်ချက်အရ၊ ပြည်သူတွေရဲ့လိုအပ်ချက်အရ ခေါင်းဆောင်လုပ်တဲ့သူတွေရဲ့ လိုအပ်ချက်အရ ပြောင်းလဲတတ်ပါတယ်။ ဘယ်သူကမှ အစဉ်အမြဲသာနေတယ်ဆိုတာ မရှိပါဘူး။ အဲ့ဒီ့တော့ ကိုယ်သာတယ် ကိုယ်နာတယ်ဆိုတာ ပြောစရာအကြောင်းမရှိပါဘူး။

နောက်ဆုံးကျတော့ ပြည်သူလူထုက ရွေးချယ်မှာပါပဲ။ အဲ့ဒီ့တော့ နိုင်အောင် လုပ်မယ်ဆိုတာဟာ အလုပ်တခုကို လုပ်လို့ရှိရင် မှန်မှန်ကန်ကန်နဲ့ပြတ်ပြတ်သားသား လုပ်လို့ရှိရင်တော့ အနိုင်ရလိမ့်မယ်လို့ ကျမတော့ ယုံကြည်ပါတယ်။ ဒီအတိုင်းပဲ ကျမတို့ ဆက်ပြီးတော့ လုပ်သွားမှာပါ။ ဒါဟာ ကိုယ်ကသာလို့ သူကသာလို့ ဒီလိုသဘောနဲ့ မဟုတ်ပါဘူး။ ပြည်သူလူထု ရဲ့ ထောက်ခံမှုရအောင်လို့ ကျမတို့ မှန်မှန်ကန်ကန် လုပ်နိုင်တယ်လို့ ကျမတို့ ယုံကြည်တဲ့အကြောင်းပြောချင်ပါတယ်။"

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကျင်းပပြီးတဲ့ နောက်ပိုင်းမှာ သူရဦးရွှေမန်းက သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်က ဒုတိယသမ္မတ၊ ဒါမှမဟုတ်လည်း အဲဒါရဲ့ ပြောင်းပြန်အနေအထား ဖြစ်လာနိုင်ခြေနဲ့ ပတ်သက်လို့တော့ သူတို့နှစ်ဦး အခုလို အပြန်အလှန် ပြောဆို ခဲ့ကြပါတယ်။

" ကျမက အသက်ပိုကြီးတဲ့အတွက် ကျမ က အရင်ဖြစ်သင့်ပါတယ်။" (ဒေါ်အောင်ဆန်းစုကြည်)

"ဒီမေးခွန်းကို ဥက္ကဋ္ဌကြီးဖြေစရာမလိုဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ဖြေတာနဲ့ လုံလောက်တယ်လို့ ယူဆပါတယ်။" (သူရဦးရွှေမန်း)

တစ်ခါ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ သမ္မတဖြစ်ရေးမဖြစ်ရေးကြား အဆက်အစပ် အရေးကြီးပုံ ပေါ်လွင်စေတဲ့ စကားကို ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သလို အဲဒီအပေါ် သူရဦးရွှေမန်းကလည်း ပေါ့ပေါ့ပါးပါးပဲ တုန့်ပြန်ခဲ့ပါတယ်။

"ဖွဲ့စည်းပုံ အခြေခံဥပဒေမပြောင်းဘူးဆိုရင် အန်တီက ဒုသမ္မတပဲဖြစ်မယ် ဆိုတော့ မတရားဘူးလို့ပဲ ပြောချင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြောင်းပြီးရင်တော့ ဘယ်သူပဲ သမ္မတဖြစ်ဖြစ် ပြည်သူ က ရွေးချယ်တဲ့သူကို ကျမတို့ လက်ခံမှာပါ " ( ဒေါ်အောင်ဆန်းစုကြည်)

" ခုနကပြောသလို မေးရင် ရိုးရိုးပဲမေးပါ။ ရန်မတိုက်ပေးပါနဲ့။ ကျနော်တို့ ဘယ်တော့မှ ရန်ဖြစ်မှာ မဟုတ်ပါဘူး။" ( သူရဦးရွှေမန်း)

မြန်မာဂျာနယ်လစ်ကွန်ယက်ရဲ့ အစီအစဉ်နဲ့ ရန်ကုန်နဲ့ မန္တလေးတို့က သတင်းမီဒီယာသမား ၅၀ လောက်ဟာ ပြည်သူ့လွှတ်တော် ဆီ သွားရောက် လေ့လာခဲ့ကြပြီးတဲ့နောက် သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေး ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးသိန်းဆွေတို့က လက်ခံတွေ့ဆုံပြီး မေးမြန်းသမျှကို ဖြေကြားခဲ့ကြတာပါ။
XS
SM
MD
LG