သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် စစ်သင်္ဘော ရန်ကုန်ဆိပ်ကမ်းရောက်


တရုတ်ကင်းလှည့် သင်္ဘော MV Haixun 01 မြန်မာနိုင်ငံကို ဆိပ်ရောက်လာစဉ်။ (ဇူလိုင်၂၄၊ ၂၀၁၃)
တရုတ်ကင်းလှည့် သင်္ဘော MV Haixun 01 မြန်မာနိုင်ငံကို ဆိပ်ရောက်လာစဉ်။ (ဇူလိုင်၂၄၊ ၂၀၁၃)
ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နိုင်တဲ့ တရုတ်ကင်းလှည့် သင်္ဘော MV Haixun 01 ဟာ မြန်မာနိုင်ငံ ၅ ရက်ကြာ ချစ်ကြည်ရေးခရီး စဉ်အဖြစ်နဲ့ ရန်ကုန်မြို့ ဆိပ်ကမ်းကို ဗုဒ္ဓဟူးနေ့က ဆိုက်ရောက်လာပါတယ်။ ချစ်ကြည်ရေးခရီးစဉ်အဖြစ်နဲ့ ဒေသတွင်းနိုင်ငံတွေကို လှဲ့လှည်နေတဲ့ ဒီသဘောၤဟာ မြန်မာနိုင်ငံကို တရုတ် ဗဟိုစစ်ကော်မရှင် ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး ဖန်ချန်လောင်း လာရောက်တဲ့အချိန်နဲ့ တိုက်ဆိုင်ပြီး ရောက်လာတာကတော့ ထူးခြားမှုရှိတယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရန်ကုန်မြို့ ဘိုအောင်ကျော်ဆိပ်ကမ်းကို ဗုဒ္ဓဟူးနေ့က ဆိုက်ရောက်လာတဲ့ ဒီ Haixun 01 ဟာ တရုတ် ရေကြောင်းလုံခြုံရေး အုပ်ချုပ်မှုအဖွဲ့အောက်မှာ ရှိတဲ့ သင်္ဘောတွေထဲက အကြီးဆုံးနဲ့ နည်းပညာပိုင်းဆိုင်ရာအရ အဆင့်မြင့်ဆုံး သင်္ဘောဖြစ်ပါတယ်။

မြန်မာနိုင်ငံကို အခုလို တရုတ်စစ်တပ် လက်အောက်ခံ ကင်းလှည့်ရေယာဉ်ရောက် လာတာဟာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ချစ်ကြည်ရေးခရီးစဉ်အဖြစ်နဲ့ အရင်က တရုတ်အပါအဝင် အိမ်နီးချင်း အိန္ဒိယ၊ ထိုင်း စတဲ့နိုင်ငံတွေက စစ်သင်္ဘောတွေ မြန်မာနိုင်ငံကို လာရောက် လည်ပတ်ဖူးပါတယ်။

ဒါပေမယ့် အခု Haixun 01 ကင်းလှည့်ရေယာဉ် ရောက်လာတဲ့အချိန်နဲ့ တရုတ် ဗဟိုစစ်ကော်မရှင် ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး ဖန်ချန်လောင်း ရောက်နေတဲ့အချိန်နဲ့ တိုက်ဆိုင်နေတာကတော့ ထူးခြားမှုတခုဖြစ်တယ်လို့ ဗွီအိုအေ မြန်မာပိုင်းက တပ်မှူး တပ်သားပြောစကားအစီအစဉ် ထုတ်လုပ်သူ ဦးရော်နီငြိမ်းက ပြောပါတယ်။

“တရုတ်နိုင်ငံရဲ့ ဒုတိယစစ်ကော်မရှင် ဒုဥက္ကဌရောက်လာတဲ့အချိန်နဲ့ တိုက်ဆိုင်ပြီး ရောက်လာတာကိုတော့ ကျနော်တို့ ထူးခြားတယ်လို့ ပြောလို့ရပါတယ်။ Navy ကတော့ လာဖူးပါတယ်။ ကျနော် သိသလောက်ကတော့ မကြာခဏ လာဖူးပါတယ်။ တရုတ်စစ်ရေယာဉ်က မြန်မာဆိပ်ကမ်းကို ကပ်တယ်ဆိုတာ။ အဲ့လိုပါပဲ။ အိန္ဒိယတို့ဘာတို့လည်း လာဖူးပါတယ်။ ထိုင်းဆိုရင်လည်း လာဖူးပါတယ်။ သူတို့တွေလည်း သွားတာပါပဲ။ တရုတ်စစ်ရေယာဉ်ကြီး တစ်စင်းဆိုလည်း အမေရိကန်ဆိပ်ကမ်းကို ကပ်တယ်ဆိုတာလည်း သတင်းကြီးပေါ့နော်။ ကျနော်တို့ တွေ့ဖူးပါတယ်။ နောက် အမေရိကန်စစ်ရေယာဉ်တစ်စင်းလည်း တရုတ်ရှမ်ဟိုင်းကို လာတယ်ဆိုတာ ကျနော်တို့ မကြာသေးခင်က တွေ့ဖူးပါတယ်။ ဒါကတော့ ကမ္ဘာ့ရေတပ်တွေရဲ့ ထုံးစံပါပဲ။”

ဒီသင်္ဘောဟာ ကင်းလှည့်ရေယာဉ် သက်သက်သာမဟုတ်ပဲ ရာသီဥတုအခြေအနေပေါ် မူတည်ပြီး သင်္ဘောပေါ်မှာပါတဲ့ ရဟတ်ယာဉ်နဲ့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း လုပ်ဆောင်နိုင်တဲ့ သင်္ဘော ဖြစ်တယ်လို့ တရုတ်အစိုးရက ထုတ်ပြန်တဲ့ ကြေငြာချက် မှာ ဖော်ပြထားပါတယ်။ ဒီသင်္ဘော မြန်မာနိုင်ငံမှာ ရှိနေစဉ်အတွင်း ရေကြောင်းဆိုင်ရာ ဆွေးနွေးမှု၊ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်နဲ့ ချစ်ကြည်ရေး အားကစားပွဲတွေလည်း ပြုလုပ်သွားမယ်လို့ သင်္ဘော မာလိန်မှူး Jiang Long က ပြောပါတယ်။

“သူပြောသွားတာကတော့ - မြန်မာ့ရေကြောင်းဌာနနဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ခြင်းအားဖြင့် မြန်မာတွေရဲ့ လုပ်ပုံ လုပ်နည်းတွေကို လေ့လာပြီး တရုတ်နိုင်ငံက သင်္ဘောသားတွေကို ပြန်မျှဝေနိုင်မှာဖြစ်ပါတယ်လို့ ပြောသွားတာပါ။”

အခုလို နှစ်နိုင်ငံ ပူးတွဲလုပ်ဆောင်တာ ကောင်းမွန်တဲ့ အစီအစဉ်ဖြစ်တယ်လို့ မြန်မာ့ ပင်လယ်ရေကြောင်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမောင်မောင်ဦးကလည်း ပြောပါတယ်။

“ဒီနိုင်ငံအချင်းချင်းပူးပေါင်းမှုမှာ ပူးတွဲလုပ်နိုင်ဖို့ အခွင့်အလမ်းတွေ အတွက် စတင်တဲ့ အစီအစဉ်ဖြစ်ပါတယ်။”

ဧပြီလမှာ စတင် ရေချခဲ့တဲ့ ဒီ Haixun 01 ဟာ ရေကြောင်း ကင်းလှည့် ထောက်လှမ်းရေးနဲ့ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပူးတွဲလုပ်ဆောင်နိုင်တဲ့ တရုတ်နိုင်ငံရဲ့ ပထမဆုံး သင်္ဘောဖြစ်ပါတယ်။

ဒီသင်္ဘောဟာ အလျား ပေ ၄၂၀ ကျော်နဲ့ အနံ ၅၂ ပေကျော်ရှိပြီး တန်ချိန် ၅ ထောင့် ၅ ရာနီးပါး သယ်ဆောင်နိုင်သလို မိုင်ပေါင်း ၁ သောင်း ၁ ထောင့် ၅ ရာကျော်ကို ဆီမဖြည့်ပဲ တောက်လျောက်မောင်းနိုင်တဲ့ သင်္ဘောလည်း ဖြစ်ပါတယ်။

ဒီသဘောၤဟာ ပင်လယ်ပြင်အတွင်း ကယ်တင်ထားတဲ့ လူပေါင်း ၂၀၀ လောက်အတွက် နေထိုင်စရာနေရာနဲ့ ဒဏ်ရာရသူတွေအတွက် အခြေခံ ဆေးကုသမှုပေးနိုင်တဲ့ ပစ္စည်းကိရိယာ၊ ခွဲစိပ်ခန်းကအစ အစုံအလင် ပါဝင်သလို ရဟတ်ယာဉ် အတက်အဆင်း လုပ်လို့ရတဲ့နေရာ ၊ တခြား ပျက်နေတဲ့သင်္ဘောတွေကို ဆွဲနိုင်သွားနိုင်တဲ့ ကိရိယာ၊ မီးလောင်ရင် မီးငြိမ်းသတ်နိုင်တဲ့ ကိရိယာပစ္စည်း စတာတွေ အပြည့်အစုံ ပါဝင်တယ်လို့ ဆိုပါတယ်။

သြစတေးလျနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံကို တတိယခရီးတထောက်အဖြစ်နဲ့ ရောက်လာတဲ့ ဒီ ကင်းလှည့် သင်္ဘောဟာ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ဆိပ်ကမ်းကနေ ဇွန်လလယ်တုန်းက ထွက်ခွာလာတာဖြစ်ပြီး မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံကို ခရီးဆက်ပြီးတာနဲ့ သြဂုတ်လ ၉ ရက်နေ့မှာ ရှန်ဟိုင်းဆိပ်ကမ်းကို ပြန်မှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG