သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးအပြောင်းအလဲတွေ သုံးသပ်ချက်


၀န်ကြီးနဲ့ ဒုတိယဝန်ကြီးတွေ အပါအဝင် အဆင့်မြင့်ရာထူး ၂၀ ကျော် ကို မြန်မာအစိုးရက ပြောင်းလဲ ခန့်အပ်လိုက်ကြောင်း ကြေညာလိုက်ပါတယ်။ အစိုးရ အဖွဲ့တွင်း အပြောင်းအလဲတွေဟာ ထိပ်တန်းခေါင်းဆောင်တွေကြား အားပြိုင်မှု အဖြစ် မြန်မာနိုင်ငံမှာ တွေ့မြင်ရလေ့ ရှိတတ်ပေမဲ့ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းတွေ အားကောင်းလာစေဖို့ ရည်ရွယ် တဲ့ လက္ခဏာတွေ လည်း တွေ့ရတယ်လို့ အကဲခတ်တွေကတော့ မြင်နေကြတာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာအစိုးရ အဖွဲ့ဝင် ဝန်ကြီး ၂ ဦးကို ရာထူး ကနှုတ်ထွက်ခွင့် ပေးလိုက်ပြီး၊ နောက်ထပ် ဝန်ကြီးနေရာ ၄ နေရာနဲ့ ဒုတိယ ဝန်ကြီး ရာထူး ၁၀ နေရာကို အပြောင်းအလဲတွေ လုပ်ခဲ့တဲ့အကြောင်း သမ္မတရုံးက ကြေညာလိုက်တာ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်မယ်ဆိုတဲ့ ကတိတွေနဲ့ တက်လာခဲ့တဲ့ မြန်မာအစိုးရရဲ့ သက်တမ်း ၂ နှစ်လောက်အတွင်း ရံဖန်ရံခါဆိုသလို တွေ့မြင်ရတဲ့ ဒီလို အပြောင်းအလဲတွေ ကိုတော့ အစိုးရတွင်းက အားပြိုင်မှုတွေ အဖြစ်နဲ့လည်း မြင်တတ်ကြပါတယ်။ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ် ကတော့ အပြောင်းအရွှေ့တွေဟာ ပြဿနာတွေ ရှိနေတဲ့ လက္ခဏာတွေ အဖြစ် မြင်နိုင်ပေမဲ့ အရပ်သားတွေ ပါဝင်လာတာကတော့ တိုးတက်မှု အဖြစ် မြင်နိုင်တဲ့အကြောင်း ပြောပါတယ်။

"ကျနော့်အမြင်ပြောရရင်ပေါ့လေ သူတို့ထဲမှာ ပြဿနာအနည်းအကျဉ်းတော့ ရှိလို့အတွက်သာ ဒီလို အပြောင်းအရွှေ့လုပ်တဲ့သဘောပဲ။ ဥပမာဗျာ ဇေယျာအောင်ကို ရထားဝန်ကြီးကနေ စွမ်းအင်ဝန်ကြီးခန့်တယ်ဗျာ။ စွမ်းအင်ဝန်ကြီးကနေ ရထားဝန်ကြီးခန့်တယ်။ ကျနော့်အမြင်ပြောရရင် စွမ်းအင်ဝန်ကြီးဌာနသည် အင်မတန်မှ လူမသိသူမသိပေါ့ဗျာ။ လာဘ်လာဘ အရမ်းရတဲ့နေရာဗျ။ အဲ့ဒီ့နေရာက။ ဆိုတော့ အမှားအယွင်းတစုံတရာရှိကောင်းရှိမယ်။ ဒါပေမဲ့ အရေးယူလောက်တဲ့ အပြစ်မျိုး မရှိတဲ့အတွက်ကြောင့် မို့လို့ ဇေယျာအောင်နဲ့ကိုသန်းဌေးကို လှည့်ပေးလိုက်တာပါ။ ဒီနေ့အပြောင်းအလဲမှာတော့ အရပ်သားတော်တော်များများ ကျနော်မြင်သလောက်တော့ စီးပွားရေးတက္ကသိုလ်က ပါမောက္ခတွေ ဖြစ်တဲ့ ဒေါက်တာစန်းလွင်ဗျာ။ အဆင့်မြင့်တက္ကသိုလ်ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာအောင်မြတ်ကျော်၊ အရပ်သားစစ်စစ်တွေပါ။ ဦးဘရွှေ၊ သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဌာန အရပ်သားစစ်စစ်၊ နောက် ဒေါက်တာဇော်မင်းအောင် အရပ်သား၊ ဦးထင်အောင် အရပ်သား ဒီလူတွေ ကတော့ ပျော့ပြောင်းတဲ့ လူတွေပါ။ အရပ်သား တွေဖြစ်တဲ့ အတွက် ပြဿနာမရှိဘူး။ "

ဆယ်စုနှစ်တွေနဲ့ချီပြီး စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေခဲ့တဲ့ မြန်မာနိုင်ငံမှာ အစိုးရဌာနတွေရဲ့ အကျင့်ပျက် ခြစားမှုတွေ၊ အာဏာလွန်ဆွဲပွဲတွေနဲ့လည်း ကြုံခဲ့ရတာပါ။ ဒီလိုပဲ အစိုးရတွင်း သဘောထား တင်းမာသူတွေ ရှိနေဆဲဖြစ်တာကြောင့် ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်ဆိုတဲ့ အစိုးရအတွက် စိန်ခေါ်မှုတွေ ဖြစ်နေရတာလို့လည်း ဦးအောင်လင်းထွဋ် ကပြောပါတယ်။

" ကျနော့်အမြင်ပြောရရင်တော့ ပြောင်းလဲတာတော့ ပြောင်းလဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကို အရင်ပြောင်းလဲနေကြရတယ်။ ဒါကလည်း ကမ္ဘာ့နဲ့ နိုင်ငံတကာအဆင့်မှီ ဖြစ်အောင်လို့ သူတို့ ပြောင်းလဲနေရတဲ့ အနေအထားမှာ ရှိပါတယ်။ ဒါပေမဲ့ ခက်တာက အချို့တွေက လိုက်မမှီတဲ့ သဘောမျိုးလည်းရှိတယ်။ မလိုက်ချင်တဲ့အနေအထားမျိုးလည်း ရှိကြတာ တွေ့ရပါတယ်။ တပ်ထဲမှာရော၊ ဝန်ကြီးအစိုးရအဖွဲ့ထဲမှာရော၊ လွှတ်တော်ထဲမှာရော လွန်ဆွဲနေတဲ့အနေအထားမျိုး ရှိပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်ပါ ကျနော်တို့ လူကြီးပိုင်းကိုကြည့်မယ်ဆိုရင်တော့ သမ္မတကိုပဲ ကြည့်ကြည့် လွှတ်တော်ဥက္ကဌဦးရွှေမန်းကိုပဲကြည့်ကြည့် အပြောင်းအလဲဘက်ကို သွားမယ်ဆိုတာကိုလည်း ကမ္ဘာကိုလည်း ကတိပေးခဲ့ပြီးပြီ။ ဖြစ်အောင် လုပ်နေကြတဲ့ အနေအထားကိုတော့ ကျနော်မြင်ပါတယ်ခင်ဗျ။"

သမ္မတရုံးရဲ့ ကြာသပတေးနေ့က အစိုးရအဖွဲ့ဝင်တွေ အပြောင်းအလဲ ကြေညာချက်မှာတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဒုတိယရဲချုပ် ရဲမှူးချုပ် ဇော်ဝင်း ကို ရဲချုပ်အဖြစ် ခန့်အပ်လိုက်ပြီး၊ မူလက ရဲချုပ်တာဝန် ယူထားသူ ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း ကိုတော့ ဒုတိယ ပြည်ထဲရေးဝန်ကြီး အဖြစ်နဲ့လည်း ခန့်အပ်ခဲ့တာပါ။ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ် ကတော့ ပြုပြင်ပြောင်းလဲလိုတယ်ဆိုတဲ့ အစိုးရအနေနဲ့ ထိရောက်တဲ့ မူဝါဒတွေကို ကျင့်သုံးနိုင်ဖို့ဆိုရင် သြဇာရှိတဲ့ အစိုးရရာထူးတွေမှာ လူမှန်နေရာမှန် ဖြစ်ဖို့ လိုတယ်လို့ သုံးသပ်ပါတယ်။

"ကျနော်တို့ အဓိကကတော့ ထိရောက်ရောက်လုပ်ဖို့ဆိုရင် ပေါ်လစီပိုင်းဆိုင်တာပေါ့လေ။ ဥပမာ ပြည်ထဲရေးလိုဌာနမျိုးမှာ ထိထိရောက်ရောက် ပြောင်းလဲဖို့ လိုတယ်။ ပြည်ထဲရေးဝန်ကြီးတို့၊ ကာကွယ်ရေးဝန်ကြီးဌာနတို့ ဆိုတာ ခေါက်ရိုးကျိုးနေတာပါ။ ပြည်ထဲရေးဝန်ကြီးဆိုတဲ့နေရာမှာလည်း ကာကွယ်ရေးဝန်ကြီးတို့မှာ စစ်တပ်က လူတွေပဲ အားလုံး လွှမ်းမိုးချုပ်ကိုင်ထားတဲ့ အနေအထားမျိုးရှိပါတယ်။"

တိုင်းပြည်မှာ အပြောင်းအလဲတွေ လုပ်ဆောင်မယ်လို့ ကတိပေးထားပေမဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေ၊ သွေးထွက်သံယို ပဋိပက္ခတွေလို ပြဿနာမျိုးတွေ ရှိနေဆဲ ဖြစ်တာကြောင့် မြန်မာအစိုးရ အတွက်တော့ ပြည်တွင်းပြည်ပက ဝေဖန်စရာတွေလည်း ဖြစ်နေရတာပါ။ အထူးသဖြင့်ကတော့ တိုင်းရင်းသားတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားတဲ့ ကိစ္စတွေမှာ အစိုးရ အကြီးအကဲဖြစ်တဲ့ သမ္မတရဲ့ သြဇာကို စစ်တပ်က နာခံမှုမရှိဘူးလို့ အများက မြင်နေကြတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG