သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Tunisia အတိုက်အခံခေါင်းဆောင် လုပ်ကြံခံရ


တူနီးရှားဆန္ဒပြပွဲများ (ဇူလိုင် ၂၅၊ ၂၀၁၃)
တူနီးရှားဆန္ဒပြပွဲများ (ဇူလိုင် ၂၅၊ ၂၀၁၃)
တူနီးရှားနိုင်ငံက အတိုက်အခံခေါင်းဆောင် Mohamed Brahmi ကို Tunis မြို့တော်က နေအိမ်ပြင်ပမှာ လုပ်ကြံသတ်ဖြတ် ခံခဲ့ရပြီးနောက် ဆန္ဒပြပွဲတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။ ဒါဟာဆိုရင် ဒီနှစ်အတွင်း ဒုတိယအကြိမ်မြောက် နိုင်ငံရေးသမားတဦး လုပ်ကြံခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ဘာသာရေးအစွဲကင်းတဲ့ အမျိုးသားရေးဝါဒီ Popular Front ပါတီခေါင်းဆောင် တဦးဖြစ်တဲ့ Brahmi ကိုတော့ ကြာသပတေးနေ့ အစောပိုင်းမှာပဲ ဘယ်သူဘယ်ဝါမှန်း မသိရတဲ့ သေနတ်သမားတွေက အချက်ပေါင်းများစွာ ပစ်ခတ် သတ်ဖြတ်ခဲ့ကြတာပါ။

လုပ်ကြံခံလိုက်ရတဲ့ အသက် ၅၈ နှစ်အရွယ် အတိုက်အခံ ခေါင်းဆောင်ဟာဆိုရင် တူနီးရှားနိုင်ငံက အစ္စလာမ်ဝါဒီတွေ ဦးဆောင်တဲ့ အစိုးရကို ပြောင်ပြောင်တင်းတင်း ဝေဖန်သူတဦးဖြစ်သလို အခြေခံဥပဒေသစ် ရေးဆွဲရေးမှာ တာဝန်ယူခဲ့သူ တဦးလည်း ဖြစ်ပါတယ်။ လုပ်ကြံခံရ အပြီးမှာတော့ တူနီးရှားပြည်ထဲရေး ဝန်ကြီးဌာနနဲ့ သူ့အလောင်းရှိရာ ဆေးရုံ ပြင်ပတွေမှာ လူပေါင်းထောင်နဲ့ချီပြီး စုဝေးဆန္ဒပြခဲ့ကြတာပါ။

တူနီးရှားနိုင်ငံက လူထုအုံကြွမှုတွေ အကြီးအကျယ် ပေါ်ပေါက်ခဲ့ ဖူးတဲ့ နိုင်ငံတောင်ပိုင်း Sidi Bouzid မြို့မှာလည်း ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ရာမှာ အာဏာရ Ennahda ပါတီရဲ့ ရုံး ၂ ရုံးကိုလည်း ဆန္ဒပြသူတွေက မီးရှို့ခဲ့ကြပါတယ်။ ဘာသာရေးအစွဲကင်းတဲ့ နိုင်ငံရေးပါတီ ၂ ခုနဲ့ မဟာမိတ် ဖွဲ့ထားတဲ့ အလယ်အလတ် သဘောထားရှိသူ အစ္စလာမ်ဝါဒီ အာဏာရ Ennahda ပါတီကတော့ လုပ်ကြံသတ်ဖြတ်မှု အပေါ်မှာ ရှုတ်ချခဲ့ပါတယ်။
XS
SM
MD
LG