သုံးရလွယ်ကူစေသည့် Link များ

မကြာသေးခင် နှစ်တွေကစလို့ အပြောင်းအလဲတွေ တွေ့မြင်လာရတဲ့ အခြေအနေတွေကို ကွင်းဆင်းအကဲခတ်ဖို့ ဗြိတိသျှ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ ကတိပြုထားတဲ့ မြန်မာအစိုးရ လက်ထက်မှာ စိုးရိမ်စရာ ပြဿနာတွေလည်း ရှိနေဆဲ ဖြစ်တာတွေကိုတော့ မြန်မာသမ္မတနဲ့ တွေ့ဆုံချိန်မှာလည်း ဗြိတိသျှ အောက်လွှတ်တော် ဥက္ကဋ္ဌက ဆွေးနွေးခဲ့တာပါ။ ဗြိတိသျှ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး ကတင်ပြထားပါတယ်။

မကြာသေးခင်က မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို အကြမ်းဖက်မှုတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စတဲ့ စိုးရိမ်မကင်းစရာ ကိစ္စတွေကိုတော့ ဗြိတိသျှအောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန် ဘာကိုး (John Bercow) က သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံချိန်မှာပဲ ပြောခဲ့တာ ဖြစ်ပါတယ်။ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်ခဲ့ရသူတွေကို အကူအညီပေးရေး အစီအစဉ်တွေ၊ အချေအတင် ဖြစ်နေရတဲ့ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကျန်နေသေးတဲ့ ကိစ္စတွေအဆုံး သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံရာမှာ ဗြိတိသျှ ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲက ပြောဆိုခဲ့တဲ့အကြောင်း သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့တာပါ။

ခရီးစဉ် မတိုင်မီမှာပဲ ဗြိတိသျှ အောက်လွှတ်တော် ဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့တဲ့ ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign - UK ရဲ့ ညွှန်ကြားရေးမှူး မခ် ဖာမာနား (Mark Farmaner) ကတော့ ဗြိတိသျှ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့အနေနဲ့ မြန်မာနိုင်ငံက အခြေအနေတွေကို လက်တွေ့ သိနိုင်ဖို့ အဓိက ရည်ရွယ်ထားတာ ဖြစ်တဲ့အကြောင်း ပြောပါတယ်။
“ဗြိတိသျှ အစိုးရအနေနဲ့ မြန်မာနိုင်ငံက လွှတ်တော်သစ်ရဲ့ စွမ်းဆောင်ရည်ကို တိုးမြှင့်ဖို့နဲ့ အားကောင်းအောင် လုပ်ဆောင်ဖို့ အင်မတန်မှ စိတ်အားထက်သန် နေတာပါ။ ဒါကြောင့်လည်း ဂျွန် ဘာကိုး နဲ့ တခြားဗြိတိသျှ တာဝန်ရှိသူတွေ၊ လွှတ်တော် အမတ်တွေ အနေနဲ့ ဦးရွှေမန်းနဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေ၊ တခြားတက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံဖို့ ဒီခရီးကို စီစဉ်တာပါ။”

ခရီးစဉ်မှာ ဦးဆောင်သူဖြစ်တဲ့ ဂျွန် ဘာကိုး ဟာ ဆိုရင်တော့ အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်မယူခင်မှာတုန်းကလည်း မြန်မာ့အရေး ဗြိတိသျှပါလီမန် အမတ်များအဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ဖူးသူ တဦးဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တက်တက်ကြွကြွရှိတဲ့ ဗြိတိသျှ နိုင်ငံရေးသမားတဦးပါ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပြီးခဲ့တဲ့နှစ်ထဲ ဥရောပခရီးစဉ်အတွင်း ဗြိတိသျှလွှတ်တော်မှာ မိန့်ခွန်းပြောဖို့ ဖိတ်ကြားခဲ့သူလည်း ဖြစ်ပါတယ်။

အခု မြန်မာနိုင်ငံ ခရီးစဉ်မှာလည်း ဗြိတိသျှ အောက်လွှတ်တော်ဟာ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် အပြင် တခြားဒီမိုကရေစီရေး လှုပ်ရှားသူတွေကိုပါ တွေ့ဆုံဖို့ ရည်ရွယ်ထားတာပါ။
“ဂျွန် ဘာကိုး ကတော့ အောက်ခြေ လူမှုအသိုင်းအ၀ိုင်းက တက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံဖို့ စိတ်အားထက်သန် နေသလို၊ ဖြစ်နိုင်မယ် ဆိုရင်တော့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုတွေနဲ့လည်း တွေ့မှာပါ။ ကျနော်သိရသလောက် ဆိုရင်တော့ ရန်ကုန်နဲ့ နေပြည်တော်ကိုတော့ သေချာပေါက် သွားမှာပါ။ ဖြစ်နိုင်ရင် ရခိုင်ပြည်နယ်ကိုလည်း သွားဖို့ စီစဉ်ထားပေမဲ့ သွားဖြစ်၊ မသွားဖြစ် ဆိုတာကတော့ အသေအချာ မသိရပါဘူး။”

မြန်မာအစိုးရရဲ့ အကြီးအကဲ သမ္မတ ဦးသိန်းစိန် ကတော့ ဒုတိယအကြိမ် ဥရောပခရီးစဉ်အဖြစ် ဒီလလယ်မှာ ဗြိတိန်နိုင်ငံကို ရောက်ရှိခိုက်မှာတော့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ဒီနှစ်ကုန်နောက်ဆုံးထား လွှတ်ပေးမယ်လို့ ကတိပြုခဲ့တာပါ။ ဒီအစီအစဉ် တစိတ်တပိုင်း အဖြစ်နဲ့လည်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ နိုင်ငံရေး အကျဉ်းသား ၇၃ ယောက်ကို လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံခရီးစဉ်ကို ဦးဆောင်သူ ဗြိတိသျှအောက်လွှတ်တော် ဥက္ကဋ္ဌ အနေနဲ့ကတော့ အပြောင်းအလဲတွေ အပေါ်မှာ စိတ်မချနိုင်သေးတဲ့ သဘောထားတွေ ရှိနေတုန်းပဲလို့ Burma Campaign – UK ရဲ့ ညွှန်ကြားရေးမှူး မခ် ဖာမာနား ကပြောပါတယ်။
“စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာစေဖို့ ဂျွန် ဘာကိုး က အင်မတန်မှ မျှော်လင့်နေတာပါ။ အပေါင်းလက္ခဏာဆောင်တဲ့ အပြောင်းအလဲတွေကို တွေ့မြင်နေရတဲ့အတွက် အခုအချိန်မှာ သူကျေနပ်တယ် ဆိုပေမဲ့လည်း တကယ့်ပြဿနာကြီးတွေ ကျန်နေသေးတယ် ဆိုတာကိုလည်း သူက ကောင်းကောင်း သိပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စတွေ ဆက်လက် ဖြစ်ပွားနေတာကိုလည်း မြန်မာအစိုးရနဲ့ လွှတ်တော် တာဝန်ရှိသူတွေကို သံတမန်နည်းလမ်းနဲ့ တင်ပြမယ်လို့ ကျနော့်ကို ပြောသွားပါသေးတယ်။”

မြန်မာနိုင်ငံက အပြောင်းအလဲတွေအပေါ် တုန့်ပြန်တဲ့ အနေနဲ့ ဗြိတိန်အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းကတော့ ထိတွေ့ဆက်ဆံမှုတွေကို တိုးမြှင့်လာနေတာပါ။ မြန်မာနိုင်ငံအပေါ် တချိန်က ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့တဲ့ ဗြိတိန်အစိုးရဟာ ဆိုရင်လည်း အရေးယူထားတာတွေကို ဖယ်ရှားပေးခဲ့သလို၊ မြန်မာသမ္မတ ဦးသိန်းစိန် ရဲ့ လန်ဒန်ခရီးစဉ် အတွင်းမှာလည်း စစ်ဘက်ဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့ ကတိပြုခဲ့တာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG